အခန်း (၁၁၈)
Vol. 8 Ch. 118
အခြေအနေက ရုတ်တရက် ပြောင်းလဲသွား၍ ကျန်ရှိသည့် ကျင့်ကြံသူများကို အံ့အားသင့်စေခဲ့သည်။
သူတို့အားလုံးက ရုတ်တရက် ခေါင်းလှည့်၍ ကြည့်လိုက်ကြ၏။
ထိုအခါ သူတို့နောက်ကို ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိရသည့် အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုကောင်လေး၏ မျက်လုံးများက အလွန်ပင် အေးစက်နေ၏။
"ကောင်လေး.. မင်းက ဘယ်သူလဲ.. ငါတို့ ထျန်းလုံကျိုက်ကို မခန့်တာလား"
ဧရာမ ဓားကြီးကို ကိုင်ထားသည့် ထိပ်ပြောင် လူကြီးတစ်ဦးက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းက ထျန်းလုံကျိုက်ကပဲ ဖြစ်ဖြစ် ထျန်းချုံကျိုက်ကပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. လက်နက်မပါတဲ့ သာမန်လူတွေကို အနိုင်ကျင့်တာနဲ့တင် သေသင့်နေပြီ"
ကျန်းချန်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။
တခဏအတွင်း လိပ်ပြာလေးက ပန်းခင်းတွင် ကူးလူးပျံသန်းကာ ပန်းဝတ်ရည်စုပ်သကဲ့သို့ ကျန်းချန်သည် အရိပ်လို အမြန်နှုန်းဖြင့် ပျံဝဲကာ ကျင့်ကြံသူများကို မျက်စိတစ်မှိတ်အတွင်း လျှပ်တပြက် သတ်ဖြတ်လိုက်သည်။
ထျန်းလုံကျိုက်မှ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့၏။
သူတို့၏ လည်ပင်းတွင် သပ်ရပ်သော ဓားရာတစ်ခုစီ ရှိနေခဲ့သည်။
ကျန်းချန်က ရုတ်တရက် ပေါ်လာပြီး လျှပ်စီးလက်သလို သူတို့ရှေ့မှ ဓားပြများကို အလျင်အမြန် ဖြေရှင်းလိုက်သည်ကို မြင်လျှင် အဘိုးအိုသည် တခဏမျှ မှင်တက်သွားခဲ့သည်။
သူက သတိပြန်ဝင်လာသည်နှင့် ကျန်းချန်ကို အလျင်အမြန် ဒူးထောက်ကာ ပြောလိုက်သည်။
"အသက်ကယ်ပေးတဲ့ အတွက်ကို ကျေးဇူးတင်ပါတယ်.. ကျေးဇူးရှင်"
အဘိုးအိုဘေးမှ မိန်းကလေးက ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်နေခဲ့၏။
သူမ၏ လှပသည့် မျက်လုံးထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
"ထပါ.. အဘိုး ဒီလောက်ထိ အရိုအသေပေးစရာ မလိုပါဘူး"
ကျန်းချန်က အဘိုးအိုကို အလျင်အမြန် ထူပေးလိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အဘိုး.. ဒီလူတွေက ဘယ်သူတွေလဲ.. ဖုန်းဟော်မြို့နားမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ရမ်းကားရဲရတာလဲ"
ထိုစကားကိုကြားလျှင် အဘိုးအိုက ရှင်းပြလိုက်သည်။
"ဖုန်းဟော်မြို့ရဲ့ မြို့အနောက်ဘက် ထျန်းလုံတောင်မှာ ထျန်းလုံရွာဆိုတာ ရှိတယ်.. သူတို့က ထျန်းလုံရွာက ဓားပြတွေပါ"
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ထျန်းလုံကျိုက်က လူတွေ ဒီလောက်တောင် ရမ်းကားနေတာ ဖုန်းဟော်မြို့က ဘာမှ အရေးမယူဘူးလား"
"အရင်တုန်းက ဖုန်းဟော်မြို့မှာ ဟော်မိသားစု ရှိနေတဲ့အတွက် ထျန်းလုံကျိုက်က လူတွေ ဒီလောက်ထိ မရမ်းကားရဲကြဘူး"
"ဒါပေမယ့် မကြာသေးခင်ကပဲ ထျန်းလုံကျိုက်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ထျန်းလုံက မူလဘူတ နယ်ပယ် အဆင့်ကို တက်လှမ်းသွားခဲ့တယ်.. သူ့လက်ချက်နဲ့ ဟော်မိသားစုခေါင်းဆောင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ သိရတယ်"
"အခုချိန်မှာ ဟော်မိသားစုတောင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်မှတော့ ဒီဓားပြတွေကို ဘယ်သူက အရေးယူနိုင်မှာလဲ"
အဘိုးအိုက ခါးသီးစွာ ပြုံးလိုက်သည်။
"အဲဒီလိုကိုး"
ကျန်းချန်က ရုတ်တရက် ခေါင်းညိတ်လိုက်၏။
ဖုန်းဟော်မြို့က ဟော်မိသားစုသည် အမှန်တကယ်ပင် အခက်အခဲများနှင့် ရင်ဆိုင်နေရမှန်း သူသိလိုက်သည်။
ဤအခက်အခဲ၏ အရင်းအမြစ်သည် ထျန်းလုံကျိုက်ဟု ခေါ်သည့် ဓားပြအဖွဲ့ကြောင့် ဖြစ်ပုံရ၏။
"အဘိုး.. ဒီဖုန်းဟော်မြို့က လတ်တလောတော့ ငြိမ်းချမ်းဦးမှာမဟုတ်ဘူး.. အဘိုးက မြေးမလေးကို ဒီမှာ အသက်မွေးဝမ်းကြောင်းပြုဖို့ ခေါ်လာတာ တကယ်ကို အန္တရာယ်များလွန်းတယ်"
"အဘိုး အလုပ်လိုချင်တယ် ဆိုရင် လင်ယွင်မြို့က ပေတန်းခန်းမကို သွားပြီး အလုပ်တစ်ခု ရှာလို့ရပါတယ်.. ကျန်းချန်က လွှတ်လိုက်တယ်လို့သာ ပြောလိုက်ပါ"
ကျန်းချန်က အဘိုးအိုကို စကားပြောပြီးသည်နှင့် အချိန်မဆွဲတော့ဘဲ ဖုန်းဟော်မြို့ကို အလျင်အမြန် သွားလိုက်သည်။
နာရီဝက်ခန့်အကြာတွင် ကျန်းချန်သည် အဆုံးသတ်၌ ဖုန်းဟော်မြို့ကို ရောက်လာခဲ့၏။
ကျန်းချန်က အဝေးကနေ ကြည့်လိုက်ရာ ဖုန်းဟော်မြို့၏ တံခါးဝတွင် အုပ်စုနှစ်စုသည် တစ်ဖက်နဲ့တစ်ဖက် အခြေအတင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်လေထုသည် အထူးပင် တင်းမာနေ၏။
ကျန်းချန်က တွေးစရာပင်မလိုဘဲ သိခဲ့သည်။
ထိုအုပ်စု နှစ်စုသည် ဖုန်းဟော်မြို့မှ ဟော်မိသားစုနှင့် ထျန်းလုံကျိုက်မှ လူများ ဖြစ်နိုင်ပေသည်။
ကျန်းချန်က မဆိုင်းမတွပင် ဖုန်းဟော်မြို့၏ တံခါးဝဆီ လျှောက်သွားလိုက်သည်။
"ကောင်လေး.. မင်းဘာလာလုပ်တာလဲ.. ငါတို့ ထျန်းလုံကျိုက်က ဒီနေရာမှာ အလုပ်လုပ်နေတာ မင်းမမြင်ဘူးလား"
"မသေချင်ရင် ဒီကနေ ထွက်သွားစမ်း"
"မဟုတ်ရင် ငါ မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်မယ်"
ထိုအချိန်တွင် ထျန်းလုံကျိုက်ဘက်မှ ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်း အရွယ်လူသည် မြို့တံခါးဝဆီသို့ လျှောက်လာသည့် ကျန်းချန်ကို တွေ့လိုက်ရသည်။
သူ့မျက်နှာက အေးစက်သွားပြီး ကျန်းချန်ကို ဒေါသတကြီး အော်ငေါက်လိုက်၏။
ကျန်းချန်က လူလတ်ပိုင်းအရွယ်လူကို မော့ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။
"ငါ့ဘာသာ ငါ့ခြေထောက်နဲ့လာတာ မင်းနဲ့ဘာဆိုင်လဲ"
"ဟမ့်.. မင်းက ငါတို့ရဲ့ ထျန်းလုံကျိုက် အဖွဲ့ရှေ့မှာ ရမ်းကားရဲတယ်ပေါ့"
လူလတ်ပိုင်းအရွယ်လူ၏ မျက်နှာက ရုတ်တရက် အေးစက်သွားသည်။
သူက ဒေါသတကြီး အမိန့်ပေးလိုက်၏။
"ရှန်းဟူ.. သူ့ကို သတ်ပစ်လိုက်စမ်း"
အခန်း(၁၁၈) ပြီး၏