အခန်း (၁၁၉)
Vol. 8 Ch. 119
လူလတ်ပိုင်းအရွယ်လူ၏ အမိန့်ပေးသံ ဆုံးသည်နှင့် သူ၏ နောက်ကနေ ခန္ဓာကိုယ် ထွားကျိုင်းသည့် အရပ်မြင့်မြင့် လူတစ်ယောက်က အလျင်အမြန် ရှေ့ထွက်လာခဲ့သည်။
"ကောင်လေး. မင်းက ဝက်ဝံနှလုံးနဲ့ ကျားသည်းခြေကို စားထားလို့ ထျန်းလုံကျိုက်က လူတွေကို မထီမဲ့မြင် ပြုနေတာလား"
ရှန်းဟူ ဟုအမည်ရသော လူကြီးသည် သူ့လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ထို့နောက် သူ၏ ဓားရှည်သည် အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်ကို ခုတ်ချလိုက်သည်။
"တောင်ဖြိုဓားကွက်"
ကျန်းချန်က တည်ငြိမ်စွာပင် ရပ်နေခဲ့ပြီး သူ့ဆီသို့ လာနေသည့် ဓားရှည်ကို အေးအေးဆေးဆေးပင် ကြည့်နေခဲ့၏။
ဓားရှည်က သူ့ခေါင်းပေါ်သို့ ရောက်လာသည်နှင့် သူက လက်နှစ်ချောင်းကို ဆန့်ထုတ်၍ ဓားရှည်ကို ညှပ်ထားလိုက်သည်။
ကျန်းချန်က လက်နှစ်ချောင်းဖြင့် သာသာယာယာ ညှပ်ထားပြီးနောက် အားအနည်းငယ် ထည့်၍ ဆတ်ခနဲ လှုပ်ရှားလိုက်ရာ ဓားရှည်က ကျိုးသွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ရှန်းဟူသည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့၏။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်လက်ချောင်းကြားရှိ ဓားထိပ်အကျိုးကို ပစ်လွှတ်လိုက်သည်။
ရှန်းဟူက တုံ့ပြန်ဖို့ပင် အချိန်မရခဲ့ပေ။
ဓားထိပ်ပိုင်းအကျိုးသည် သူ့ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့၍ သွေးများသည် ချက်ချင်းဆိုသလို ပန်းထွက်လာခဲ့၏။
မကြာခင်မှာပင် ရှန်းဟူ၏ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်သည် မြေပြင်ပေါ်ကို ဝုန်းခနဲ ပြိုလဲသွားခဲ့၏။
ဤမြင်ကွင်းသည် ထျန်းလုံကျိုက်မှ လူများကို အံ့အားသင့်စေရုံသာမက ဟော်မိသားစုမှ လူများကိုပါ အံ့သြထိတ်လန့်သွားစေခဲ့သည်။
ရှန်းဟူသည် ချီကာကွယ်ရေး အဆင့်မှ ကျင့်ကြံသူတစ်ဦးဖြစ်၏။
ယခုတော့ သူက လူငယ်လေး၏ လွယ်လင့်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
"ဒီလူငယ်လေးက သန်းနဲ့ချီတဲ့ သူတွေထဲကမှ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်ပဲ"
"ကျိလွမ်.. သူက လင်ယွင်မြို့မှာ မင်းနဲ့ ပြဿနာတက်ခဲ့တဲ့ လူငယ်လေး မဟုတ်လား...သူက ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"
ဟော်မိသားစု အုပ်စုရှေ့ရှိ လူလတ်ပိုင်းအရွယ် ချောမောသည့် အမျိုးသမီးတစ်ယောက်သည် ရှန်းဟူကို တစ်ကွက်ထဲဖြင့် သတ်ပစ်လိုက်သည့် ကျန်းချန်ကို ကြည့်ကာ အံ့အားသင့်နေခဲ့၏။
"ဟုတ်တယ်.. ဒေါ်လေးလန်.. သူ.. သူပဲ"
လူလတ်ပိုင်းအရွယ် ချောမောသည့် အမျိုးသမီး၏ နံဘေးရှိ ခရမ်းရောင်ဝတ်စုံဝတ် မိန်းကလေး၏ လှပသည့် မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ရှိနေခဲ့သည်။
ဤခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် တခြားသူ မဟုတ်ပေ။
ဖုန်းဟော်မြို့မှ ဟော်မိသားစုခေါင်းဆောင် ဟော်ဝူကျင်း၏ သမီး ဟော်ကျိလွမ် ဖြစ်သည်။
သူမသည် ယမန်နေ့က လင်ယွင်မြို့တွင် ကျန်းချန်နှင့် ပြဿနာဖြစ်ခဲ့သူ ဆိုလည်းမမှားပေ။
လွန်ခဲ့သည့် တစ်လခွဲခန့်တွင် ထျန်းလုံကျိုက်၏ ခေါင်းဆောင် ရှန်းထျန်းလုံသည် မူလဘူတ အဆင့်ကို အဆင့်တက်ပြီးနောက် ဖုန်းဟော်မြို့ကို ဝင်တိုက်ခဲ့သည်။
သူမ၏ ဖခင် ဟော်ဝူကျင်းသည် ရှန်းထျန်းလုံကို တွန်းလှန်နိုင်ခဲ့သော်လည်း အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရ၏။
ယမန်နေ့က သူမသည် တန်ရိချန်ကို ဆရာအဖြစ် အသိအမှတ် ပြုနိုင်ရန် မျှော်လင့်ပြီး အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုတွင် ပါဝင်ဖို့အတွက် လင်ယွင်မြို့ကို သွားခဲ့သည်။
သူမသာ တန်ရိချန်၏ တပည့် ဖြစ်လာခဲ့လျှင် ထျန်းလုံကျိုက်ခေါင်းဆောင် ရှန်းထျန်းလုံကို တားဆီးရန် နှင့် ဟော်မိသားစု၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် တန်ရိချန်၏ စတုတ္ထအဆင့် အဂ္ဂိရတ်သခင် အဆင့်အတန်းကို အသုံးပြုနိုင်မည် မဟုတ်ပါလား။
သို့သော် သူမ၏ အစီအစဉ်သည် အဆုံးသတ်တွင် မအောင်မြင်ခဲ့ပေ။
နောက်ဆုံးတွင် ဟော်ကျိလွမ်သည် လင်ယွင်ကျောင်းတော်ကို အကူအညီတောင်း၍ မစ်ရှင်တစ်ခု ပြုလုပ်ပေးရန် အတွက် ငွေကြေး အနည်းငယ် ကုန်ကျခံခဲ့ရသည်။
သူမက လင်ယွင်ကျောင်းတော်ကို အသုံးပြုပြီး ဤအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ခဲ့သည်။
"ဒီလူငယ်လေးက အရမ်းအင်အားကြီးတယ်.. အဲဒီရှန်းဟူက ချီကာကွယ်ရေးအဆင့်၄ ကျင့်ကြံသူ တစ်ယောက်ပဲ.. ဒါပေမယ့် သူက တစ်ကွက်တည်းနဲ့ အလွယ်တကူ သတ်ပစ်နိုင်ခဲ့တယ်"
"ဒီကောင်လေးရဲ့ ကိုယ်ခံပညာ ပါရမီက လင်ယွင်ကျောင်းတော်ရဲ့ လင်ယွင် စာရင်းထဲက ပါရမီရှင်တွေထက် ဘယ်လိုနည်းနဲ့မှ မနိမ့်နိုင်ဘူး"
"လင်ယွင်ကျောင်းတော်က ငါတို့ရဲ့ ဟော်မိသားစုကို ကူညီဖို့ သူ့ကို စေလွှတ်လိုက်တာများလား"
လူလတ်ပိုင်းအရွယ် ချောမောသည့် အမျိုးသမီးက ကျန်းချန်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေခဲ့၏။
ဤလူငယ်လေးတွင် အံ့သြစရာကောင်းသည့် ပါရမီများ ရှိနေသော်လည်း ဟော်မိသားစု ဤတစ်ခေါက် ရင်ဆိုင်နေရသည့်ရန်သူသည် မူလဘူတ နယ်ပယ်အဆင့်မှ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့သည်။
ဤကောင်လေးသည် တကယ်ပဲ သူတို့ ဟော်မိသားစုကို အကျပ်အတည်းကနေ လွတ်မြောက်အောင် ကူညီနိုင်ပါမည်လော။
"ကောင်စုတ်လေး.. မင်း ငါတို့ ထျန်းလုံကျိုက်က လူကို သတ်ရဲတယ်ပေါ့လေ "
ကျန်းချန်က ရှန်းဟူကို တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်သည်ကိုမြင်လျှင် ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် လူသည် ခဏမျှ မှင်တက်သွားခဲ့သည်။
"သတ်ချင်လို့သတ်တယ်ကွာ.. အဲဒီတော့ မင်း ငါ့ကို ဘာလုပ်ချင်လဲ"
ကျန်းချန်၏ မျက်နှာက တည်ငြိမ်နေခဲ့သည်။
"ဟက်...ငါဒီနေ့ ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်က မင်းတို့ ထျန်းလုံကျိုက်က လူတွေကို သတ်ဖို့ပဲ"
အခန်း(၁၁၉) ပြီး၏