← Chapters

ယဇ်ပလ္လင် ။

Vol. 52 Ch. 721

ယဇ်ပလ္လင် ။

Vol. 52 Ch. 721

ဘာသာပြန်- The Fate

ရွှမ်းယွမ်၏စကားကိုကြားတော့ ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့သည်။ မျက်ဝန်းအတွင်းရှိအလင်းတန်းများမှာ စူးရှစွာ တောက်ပလာခဲ့သည်။ သူသာ သွေးသစ်မြစ်ကိုအသုံးပြု၍ နောက်ထပ်သွေးသစ်ပင်ကြီးတစ်ပင် ပေါက်ဖွားလာစေနိုင်ခဲ့လျှင် အကျိုးအမြတ် အများကြီးရရှိမှာဖြစ်သည်။ သွေးမျှော်စင်ကြီးအတွင်း၌ အဘယ်သို့သော ရတနာပစ္စည်းများရှိမှန်းကို သူမသိသော်လည်း သွေးသစ်မြစ်တစ်ခုတည်းကတောင် ထိုက်တန်နေပြီဖြစ်၏။

သို့သော်လည်း သွေးသစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲဖို့ဆိုသည်က လွယ်ကူခြင်းမရှိကြောင်းကို ဝမ်ဖုန်းသိပါသည်။ ဒီလိုမှမဟုတ်ရင် ခေတ်တစ်ခေတ်မှာ သွေးသစ်ပင်တစ်ပင်ပဲ ပေါက်ဖွားလာရမယ်ဆိုတဲ့ ကောလဟာလ ဘယ်မှာရှိပါမလဲ။ ဝမ်ဖုန်းသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ သွေးသစ်မြစ်ကို ကမ္ဘာဘောလုံးလေးအတွင်းရှိ၊မှော် ဆေးဝါးများနှင့် ရတနာပစ္စည်းများရှိနေသည့် နေရာအတွင်းသို့ ပစ်သွင်းလိုက်သည်။ မှော်ဝင်ဆေးများ၏ကောင်းချီးဖြင့်ဆိုလျှင် သွေးသစ်မြစ်ကို အတော်အသင့်တော့ အာဟာရပေးနိုင်ပါလိမ့်မည်။ သစ်ပင်တစ်ပင် ပေါက်လာစေတဲ့အထိ အာဟာရ မလုံလောက်ခဲ့ရင်တောင် အသက်ဓာတ်များကို ဆက်လက်ထိန်းထားစေရန်တော့ လုံလောက်လေသည်။

ဝမ်ဖုန်းသည် ဇာမဏီနတ်ဘုရား၏ ကမ္ဘာလောကအတွင်းမှ မှော်ဝင်ဆေးဝါးများနှင့် ဧကရာဇ်အဆင့် ဆေးဝါးများကိုလည်း ရရှိခဲ့ဖူးကာ ၎င်းတို့ကို ကမ္ဘာဘောလုံးလေးအတွင်း၌ ရွေ့ပြောင်းစိုက်ပျိုးခဲ့လေသည်။ သူ့ကမ္ဘာဘောလုံးလေးအတွင်းရှိ ရတနာပစ္စည်းများသည် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကတစ်ခုအတွင်းရှိ ရတနာပစ္စည်းများထက်တောင် ပို၍ကောင်းမွန်ပါသေးသည်။

ကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ သတ်မှတ်ချက်ကြောင့်သာ မဟုတ်ပါက ဝမ်ဖုန်း၏ ကမ္ဘာဘောလုံးကလေးသည် အစစ်အမှန်ကမ္ဘာလောကအဖြစ် ပြောင်းလဲသွားစေရန်တောင် လုံလောက်သည့် အရည်အချင်းရှိသည်။ ၎င်းသည် ဟုန်မန်နတ်ဘုရားနယ်ပယ်လောက်အထိ ကြီးမားနိုင်လေသည်။ ဝမ်ဖုန်းသည် ဟုန်မန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားပါလျှင် ကမ္ဘာဘောလုံးကလေးကို သူ၏အစစ်အမှန်လောကသို့ ပြောင်းလဲနိုင်လိမ့်မည်။

"ဆက်ပြီးတော့သွားကြရအောင်"

သွေးသစ်မြစ်ကို ကမ္ဘာဘောလုံးတွင်း ပစ်ထည့်လိုက်ပြီးနောက် ဝမ်ဖုန်းသည်ရွှမ်းယွမ်တို့ကို ဦးဆောင်ကာ သွေးမျှော်စင်၏ ဒုတိယအလွှာအတွင်းသို့ ဆက်လက်ဝင်ရောက်သွားခဲ့သည်။ မရှေးမနှောင်းမှာပဲ မြို့အရှင်တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော ပါရမီရှင်များစွာဟာလည်း ဒုတိယအလွှာအတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ကြသည်။ သို့သော်လည်း ဝမ်ဖုန်းတို့သာ ဦးဆောင်သွားလာနိုင်သေးသ၍ အမွေအနှစ်ကိုရရှိနိုင်မည့် အခွင့်အရေးကြီးကြီးမားမားကို ဆုတ်ကိုင်ထားနိုင်ဆဲသာ။

ခန့်မှန်းချက်အရဆိုလျှင် တတိယအလွှာနှင့် အထက်ကိုရောက်ရှိသွားပါက သွေးမျှော်စင်၏ စစ်ဆေးမှုများသည် ပို၍ပြင်းထန်လာနိုင်သည်။ ဝမ်ဖုန်း၏ခွန်အားဖြင့်တောင် မျှော်စင်သခင်၏ စမ်းသပ်ချက်များကို ကျော်ဖြတ်နိုင်ရန် လွယ်ကူမှာ မဟုတ်။ သို့သော်လည်း ဘယ်လိုကြောင့်ပင် ဖြစ်ပါစေ ၊ဝမ်ဖုန်းက မျှော်စင်သခင်၏ အမွေအနှစ်ကိုရရှိရလိမ့်မည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးသည် ဝမ်ဖုန်းကိုယ်တွင်းရှိစနစ်ကို အဆင့်မြှင့်တင်ခြင်းနှင့်လည်း သက်ဆိုင်လေသည်။ ဝမ်ဖုန်းသည် အရာအားလုံးကိုလျစ်လျူရှုထားနိုင်သော်လည်း စနစ်ကိုအဆင့်မြှင့်တင်နိုင်သည့် အခွင့်အရေးကိုတော့ ဘေးချိတ်မထားနိုင်ပါ။

စနစ်သာ နောက်တစ်ဆင့်သို့ရောက်ရှိသွားလျှင် သူနှင့် ရှန်ရှန်ကျုံဂိုဏ်း၏ ခွန်အားမှာလည်း ပို၍မြှင့်တက်လာမှာဖြစ်ကာ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်းရှိ ထိပ်တန်းအင်းအားစုများနှင့်တောင် ရင်ဆိုင်လာနိုင်သည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကဲ့သို့ အဖွဲ့အစည်းများကို လုံးဝကြောက်စရာလိုတော့မည် မဟုတ်ချေ။

စနစ်သာ နောက်တစ်ဆင့်ကို မြှင့်တက်သွားလျှင် သူဟာလည်း ရှန်ရှန်ကျုံဂိုဏ်း၏ နောက်ထပ် အစောင့်အရှောက်ကို ဆင့်ခေါ်နိုင်လိမ့်မည်။ အစောင့်အရှောက်များ၏ နည်းစနစ်ကို ဆုံးဖြတ်ကြည့်ရပါလျှင် ရှန်ရှန်ကျုံဂိုဏ်း၏ ခွန်အားက နောက်တစ်ကြိမ် ပို၍ကြောက်ဖို့ကောင်းအောင် တိုးမြှင့်သွားမှာ ဖြစ်ချေသည်။

ဝမ်ဖုန်းတို့ ဒုတိယအလွှာ၏အနက်ပိုင်းသို့ သွားလာနေသည့်တစ်ချိန်တည်းမှာပဲ ပထမအလွှာရှိ ပါရမီရှင်များကလည်း ဒုတိယအလွှာသို့ ခြေလှမ်းစလှမ်းခဲ့သည်။ ဝမ်ဖုန်းတို့ ထွက်ခွါသွားပြီးသည့်နောက်တွင် မူလကရှိနေသော မြူခိုးထုများသည် ဘယ်တုန်းကမှ ပေါ်မလာခဲ့ဖူးသလိုမျိုး ရုတ်တရက် ပြောင်ရှင်းသွားခဲ့သည်။

ထို့အတွက်ကြောင့် ဒုတိယအလွှာသို့ ယခုမှစတက်လာ‌သော ပါရမီရှင်များသည် မြူခိုးထုများကဲ့သို့ ထူးဆန်းသည့် အန္တရာယ်မျိုးကို မကြုံတွေ့ခဲ့ရပါ။ သူတို့သည် အဆင့်နိမ့်မကောင်းဆိုးဝါးများနှင့်သာ တွေ့ဆုံခဲ့ရသည်။ ထိုမကောင်းဆိုဝါးများကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက် မကောင်းဆိုးဝါးများ၏ အလောင်းများသည် တောင်တန်းတောအုပ်အတွင်းပြန့်ကျဲလျက် ရှိနေတော့သည်။

ချုံ၏ အမွေအနှစ် ထွက်ပေါ်မလာသေးသည်ဖြစ်ရာ ပါရမီရှင်များသည် ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်ထားဆဲသာ။ အထူးသဖြင့် သွေးမျှော်စင်အတွင်းရှိ အန္တရာယ်ရှိသော ရင်ဆိုင်မှုများနှင့်တွေ့ကြုံရသည့်အခါ၌ ဘယ်သူကမှတစ်ယောက်ထဲ မလှုပ်ရှားရဲကြပါချေ။ တစ်ဦးတစ်ယောက်ထဲ လှုပ်ရှားလိုက်လျှင် ဘယ်လောက်ပဲ သန်မာပါစေ ၊အဆုံးသတ်ဟာ သေဆုံးခြင်းသာ ဖြစ်ပါလိမ့်မည်။

လူငယ်လေးများသည် ထိပ်တန်းပါရမီရှင်များ ဖြစ်သော်လည်း သူတို့၏ကျင့်ကြံမှုဟာ သွေးနီရောင်ဧကရာဇ်အထွတ်အထိပ်၌သာ များသောအားဖြင့် ရှိကြသည်။ သူတို့၏တိုက်ပွဲခွန်အားကလည်း နက္ခတ်ဧကရာဇ်အထွတ်အထိပ်နှင့်သာ ရင်ဆိုင်နိုင်စွမ်းရှိပါသည်။ သူတို့ဟာ ဝမ်ဖုန်းကဲ့သို့ မကောင်းဆိုးဝါးလိုတော့ သန်မာခြင်းမရှိပါ။

သွေးမျှော်စင်၏ ဒုတိယအလွှာသို့ ဝင်ရောက်လာပြီးနောက် လူငယ်ပါရမီရှင်များသည် အုပ်စုငယ်များ အလျှိုလျှိုဖြင့် ခွဲထွက်သွားခဲ့ကာ ဒုတိယအလွှာကို စတင် စူးစမ်းကြတော့သည်။ သူတို့သည် ဒုတိယအလွှာအတွင်း၌ ရတနာပစ္စည်းများစွာကို တွေ့မြင်ခဲ့ရသော်လည်း ဘယ်သူကမှ ဝမ်ဖုန်းတို့အုပ်စုလိုမျိုး ကောင်းကင်ကိုဆန့်ကျင်နိုင်သည့် ရတနာများကိုတော့ ရရှိခဲ့ခြင်းမရှိပါ။

.....

လူငယ်ပါရမီရှင်များအားလုံး ဒုတိယအလွှာတွင်စူးစမ်းနေကြစဉ်ဖြစ်၏။ သွေးမျှော်စင်၏နဝမအလွှာအတွင်းတွင်....

နဝမလွှာကြီးတစ်ခုလုံးသည် သွေးနီရောင်ဖျော့ဖျော့ လင်းလက်တောက်ပနေသောမြူခိုးထုတို့ဖြင့် ပြည့်နှက်လျက်ရှိကာ သွေး၏ရနှံ့သည် အလွှာတစ်ခုလုံးကိုဖုံးလွှမ်းထားခဲ့သည်။ ထူးဆန်းသည်က နဝမအလွှာ၏ အကျယ်အဝန်းသည် အခြားသော အလွှာများကဲ့သို့ ကြီးမားကျယ်ပြောခြင်းမရှိပါ။ နဝမအလွှာကို အရမ်းကျဉ်းသည် ဟူ၍တောင် ပြော၍ရသည်။

သွေးမျှော်စင်၏ နဝမအလွှာ အလယ်ဗဟိုတည့်တည့်တွင် မြင့်မားသော ယဇ်ပလ္လင်ကြီးတစ်ခု ရှိနေခဲ့သည်။ ယဇ်ပလ္လင်ကြီးသည် ပိရမစ်ပုံစံဖြစ်၏။ ၎င်းပေါ်တွင် ထူးဆန်းသော သင်္ကေတများကိုလည်းထွင်းထုထားခဲ့သည်။ သင်္ကေတများအနက်အချို့မှာ တိရိစ္ဆာန်ပုံများဖြစ်ပြီး၊ အချို့မှာတော့ ရှေးဟောင်းနတ်ဘုရားများ၏ပုံများနှင့် အမည်မသိ အက္ခရာများ ဖြစ်ကြသည်။ ၎င်းသင်္ကေတများသည် သွေးရောင်တောက်ပလျက်ရှိကာ ရွေ့လျားသွားလာနေကြသဖြင့် အရမ်းကိုထိတ်လန့်၍ အံ့သြစရာကောင်းနေခဲ့သည်။

ယဇ်ပလ္လင်ကြီး၏ထိပ်ဆုံးတွင် လူပုဂ္ဂိုလ်တစ်ယောက်သည် ခြေချင်းချိတ်၍ ထိုင်နေခဲ့သည်။ တစ်စုံတစ်ယောက်သာ ထိုလူကို တွေ့သွားပါလျှင်သေသည်အထိ ကြောက်လန့်သွားနိုင်သည်။ အဆိုပါလူပုဂ္ဂိုလ်သည် အမှန်တကယ်မှာတော့ သွေးနီရောင် အလင်းတန်းများတောက်ပနေသည့် အလောင်းကောင်တစ်ကောင် ဖြစ်သည်။ အလောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မြင့်မား၍ ဖြူဖျော့နေခဲ့သည်။ ရုပ်အလောင်း၏ ပတ်ပတ်လည်တွင်လည်း သိပ်သည်းသော အက္ခရာများကို ထွင်းထုထားခဲ့သည်။ မူလက ဖြူဖျော့နေသော အလောင်းကောင်၏အရေပြားပေါ်တွင် နီရဲသော သင်္ကေတများရှိနေခဲ့၏။

သွေးနီရောင်မြူခိုးထုများသည် ယဇ်ပလ္လင်မှ ထွက်ပေါ်လာလျက် ရုပ်အလောင်းဘေးနားတွင် စုပြုံသွားခဲ့သည်။ များမကြာမီတွင် ရုပ်အလောင်းအတွင်း၌ အသက်ဓာတ်အနည်းငယ်ထွက် ပေါ်လာခဲ့သည်။ ၎င်းအသက်ဓာတ်မှာ အရမ်းကို နည်းပါးလွန်းတာကြောင့် သေချာစူးစမ်းမကြည့်လျှင် တွေ့မြင်ရန် မဖြစ်နိုင်ပါ။

"သတ်ကြ!"

"သတ်လိုက်စမ်း၊ ပိုပြီးတော့ သတ်ပစ်လိုက်စမ်း! ဒါမှ ငါသွေးတွေ များများ စားသုံးနိုင်မှာ၊ ဒီလိုမှပဲ ကောင်းကင်ကို ဆန့်ကျင်ပြီး နောက်တစ်ကြိမ် ပြန်လည်ရှင်သန်နိုင်လိမ့်မယ်!"

"အခွင့်အရေးက လက်တစ်ကမ်းမှာ ရှိနေပြီ။ ပြင်းပြင်းထန်ထန် သတ်ဖြတ်လိုက်ကြစမ်းကွ!"

မူလက တိတ်ဆိတ်နေသော နဝမအလွှာ အတွင်းတွင် အေးစက်သော ရယ်မောသံကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းအသံသည် အက်ကွဲ၍ ခြောက်သွေ့နေခဲ့သည်မှာ တမလွန်မှလာ၍ ပြောဆိုနေသည့်အလား ထင်မှတ်ရ၏။

ရယ်မောသံကြီးနှင့်အတူ နဝမအလွှာတစ်ခုလုံးတွင် လေပြင်းများနှင့် မြူခိုးမြူငွေ့များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ နဝမအလွှာကြီးတစ်ခုလုံးသည် မှုန်ဝါး၍ ကသောင်းကနင်း ဖြစ်နေခဲ့၏။

All Chapters