နတ်ဆိုးများ၏ တိုက်ပွဲ။
Vol. 52 Ch. 722
သွေးမျှော်စင် ဒုတိယအလွှာပေါ်တွင် ဝမ်ဖုန်း၊ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည် တောအုပ်ကြီးတစ်ခုအတွင်း လမ်းလျှောက်နေခဲ့သည်။ တောအုပ်တစ်ခုလုံးဟာ သက်ရှိတစ်ကောင်မျှမရှိပဲ ငြိမ်သက်နေခဲ့၏။ ဒါက တကယ်ကို ကြောက်စရာကောင်းပါသည်။
"ရှပ် ရှပ်"
ဝမ်ဖုန်းတို့အုပ်စု၏ခြေသံများကသာ သေဆုံးနေသော တောအုပ်ကြီးအတွင်း ပဲ့တင်ထပ်နေခဲ့သည်။ သွေးသစ်သီးကိုရရှိသွားပြီနောက် ဝမ်ဖုန်းသည် ချက်ချင်းစားသုံးခြင်းမပြုသေးပါ။ သူဟာဒုတိယအလွှာကို စတင်စူးစမ်းနေခဲ့သည်။ အန္တာရာယ်များမှာ ခန့်မှန်း၍မရသည်ဖြစ်ရာ ဝမ်ဖုန်းသည် အစွမ်းထက်သည်မှာမှန်သော်ငြားလည်း အနည်းငယ်တောင် လစ်လျူမရှုရဲပါချေ။
"ဘုန်း!"
ဝမ်ဖုန်းတို့အုပ်စု လမ်းလျှောက်နေကြစဉ်တွင် မိုကြိုးကဲ့သို့ အော်မြည်သံကြီးသည် အရှေ့အရပ်မှ ထွက်ပေါ်လာခဲ့ကာ တောအုပ်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းမြည်ဟီးသံကြီးနှင့်အတူ အစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခုလည်း ပူးတွဲပါလာခဲ့သည်။ ၎င်းလှိုင်းဖြတ်သန်းသွားသည့်အခါတိုင်းတွင် ရှေးဟောင်းသစ်ပင်ကြီးများသည် စိစိညှက်ညှက် ဖျက်ဆီးခံခဲ့ရသည်။
အစွမ်းထက်သော ဖိအားကို ခံစားခဲ့ရသည့်အခါ ဝမ်ဖုန်းတို့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး အမူအရာများကတည်ကြည်သွားခဲ့သည်။ ကွေ့ဝူနှင့်ရွှမ်းယွမ်တို့မှာ ပို၍တောင် သတိထားနေရသည်။ အဝေးတစ်နေရာတွင်ရှိနေသည်တောင်မှ သူတို့သည် စွမ်းအင်လှိုင်းအတွင်း၌ ပါဝင်သော ခြောက်ခြားစရာစွမ်းအားကို ခံစားခဲ့ရသည်။ အဆိုပါစွမ်းအားကို တိုက်ရိုက်ထိတွေ့မိပါလျှင် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် သူတို့တွင်မရှိပါ။
"ဒီအရှိန်အဝါက ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာရှိတဲ့ စွမ်းအားရှင်တစ်ယောက်ရဲ့အရှိန်အဝါပါလား"
ဝမ်ဖုန်းသည် မျက်ဝန်းများကိုမှေးကျဥ်းလိုက်ပြီး တိုးညှင်းစွာရေရွတ်လိုက်သည်။ သူ၏စွမ်းအားများမှာ အစွမ်းထက်သည်မှာ မှန်သော်ငြားလည်း ဝမ်ဖုန်းကစိုးရိမ်နေဆဲသာ။ ဒုတိယအလွှာမှာတောင် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ် ထွက်ပေါ်လာပြီလား။ ဒါဆိုရင်နောက်ထပ်အလွှာတွေမှာ ဘယ်လိုအန္တရာယ်တွေပေါ်လာဦးမှာလဲ?
"အရှိန်အဝါကို ထိန်းချုပ်ထားပြီး သွားကြည့်ကြတာပေါ့လေ"
ဝမ်ဖုန်းသည် နက်ရှိုင်းသောအသံဖြင့်ပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏စကားကိုကြားတော့ ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည် ရတနာပစ္စည်းများကိုအသုံးပြု၍ သူတို့၏အရှိန်အဝါများကိုဖိနှိပ်လိုက်ကြသည်။ ရွှမ်းယွမ်၏အဆင့်အတန်းမှာ သာမန်မဟုတ်ပါ။ သူ့တွင် ဝမ်ဖုန်းတောင် မနာလိုရလောက်သည့်အထိ ဧကရာဇ်လက်နက်များပိုင်ဆိုင်ထားသည်။ ကွေ့ဝူဟာလည်း လေလွင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်ငြား သူ၏ကံတရားက မဆိုးသည်ဖြစ်ရာ ဧကရာဇ်အဆင့် လက်နက်အချို့ကို ပိုင်ဆိုင်ထားပေသည်။
ဧကရာဇ်အဆင့်ရတနာပစ္စည်းများကို သုံးလိုက်ပြီးနောက် ရွှမ်းယွမ်နှင့်ကွေ့ဝူတို့၏အရှိန်အဝါသည် ပျောက်ကွယ်သွားခဲ့သည်။ သူတို့ကို မျက်လုံးဖြင့်တွေ့မှသာ မြင်တွေ့နိုင်တော့မှာဖြစ်သည်။ ဝမ်ဖုန်းလိုအစွမ်းထက်သည့် စွမ်းအားရှင်ကတောင် ဂရုတစိုက်စစ်ဆေးပါမှ ဧကရာဇ်လက်နက်များ၏ကာကွယ်ခြင်း ခံထားရသော ကွေ့ဝူတို့နှစ်ယောက်ကို စူးစမ်းတွေ့ရှိမိမှာဖြစ်သည်။
"ဘုန်း!"
ဝမ်ဖုန်းတို့ စတင်ရွေ့လျားလိုက်သည့် အချိန်တွင် ပေါက်ကွဲသံကြီးသည်ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ အစွမ်းထက်သော စွမ်းအားလှိုင်းသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားလျက် မြေဆီလွှာများကတောင် ပျက်သုဉ်းသွားခဲ့သည်။ ကောင်းကင်၌ ဖုန်မှုန့်များ ပြည့်နှက်လျက်ရှိ၏။
စွမ်းအင်အရှိန်အဝါသည် ဝမ်ဖုန်းကိုတုန်ယင်သွားစေခဲ့သည်။ သူတို့၏ခြေလှမ်းများမှာလည်း ပို၍နှေးကွေးသွားခဲ့သည်။ ဝမ်ဖုန်း၏ခွန်အားသည် ၎င်းစွမ်းအားလှိုင်းကို ရင်ဆိုင်နိုင်စွမ်းရှိသော်လည်း ထူးဆန်းပြီး အန္တရာယ်များနှင့် ပြည့်နေသော သွေးမျှော်စင်အတွင်းတွင် ဝမ်ဖုန်းသည်အနည်းငယ်တောင် သတိမလွတ်ရဲပါ။
ဝမ်ဖုန်းတို့ အသံလာရာဘက်သို့ သွားလာနေသည့် အချိန်အတွင်း၌ ထွက်ပေါ်လာသော စွမ်းအင်အရိပ်အငွေ့များသည် ပို၍ သန်မာလာခဲ့သည်။ နောက်ဆုံးမှာတော့ ဝမ်ဖုန်းသည် စွမ်းအင်လှိုင်းများမှတစ်ဆင့် အကြင်ပုဂ္ဂိုလ်၏အဆင့်ကို ခန့်မှန်းနိုင်ခဲ့သည်။ ထိုသူမှာ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေသူသာ ဖြစ်ရမည်။ ဒါအပြင်ထိုသူ့ထံမှ သန်မာသော နတ်ဆိုးစွမ်းအားကိုလည်း ခံစားခဲ့ရသေးသည်။
တွေးတောကြည့်ရပါလျှင် ၎င်းမှာသွေးမျှော်စင်ဒုတိယအလွှာအတွင်းရှိ သန်မာသော မကောင်းဆိုးဝါများ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေခြင်းဖြစ်နိုင်သည်။ ဒီလိုမှမဟုတ်ပါက မကောင်းဆိုးဝါးအရှိန်အဝါကို ခံစားရခဲ့ရမှာမဟုတ်ပါ။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် လောကတစ်ခွင် ဟိန်း၍ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းတို့အသံလာရာနှင့် ပို၍နီးကပ်သွားသည့်အခါ နောက်ဆုံးတွင် လှုပ်ရှားမှုကို ဖြစ်စေခဲ့သည့် တည်ရှိမှုအားတွေ့ရသည်။
ဝမ်ဖုန်းမျှော်လင့်ထားသည့်အတိုင်းပင် ။ မလှမ်းမကမ်းနေရာတွင် ပုံရိပ်နှစ်ခုသည် အရူးအမူး တိုက်ခိုက်နေကြသည်။ သူတို့ပွတ်တိုက်သွားသည့် အခါတိုင်းတွင် ကြောက်လန့်စရာ စွမ်းအားလှိုင်းကလည်း ထွက်ပေါ်လာခဲ့သည်။
ပုံရိပ်တစ်ခုကို အနက်ရောင်အကြေးခွံများက ဖုံးအုပ်ထားခဲ့သည်။ သူ၏မျက်နှာပေါ်တွင်လည်း အနက်ရောင်သင်္ကေတများ ပြည့်နှက်နေခဲ့သည်။ သူ၏အရိုးအဆစ်များပေါ်တွင်လည်း အေးစက်သော အလင်းတန်းများတောက်ပနေသည့် သွေးကြောများက ထင်းလျက်ရှိချေသည်။ သူဟာလူသားနှင့် သဏ္ဍာန်တူသော မကောင်းဆိုးဝါးဖြစ်၏။ တစ်ချက်စိုက်ကြည့်ရုံဖြင့် လူအများကိုထိတ်လန့် တုန်ရင်သွားစေနိုင်သည်။
ဝမ်ဖုန်းကို ထိတ်လန့်သွားစေခဲ့သည်က ၎င်းမကောင်းဆိုးဝါးနဲ့ တိုက်ခိုက်နေသည့်လူမှာ အဝါရောင်ကိုဝတ်စုံကိို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်နေခြင်းပင်။ တိုက်ပွဲအတွင်း၌ သူမ၏ အဖြူရောင် အရေပြားများကို ရှင်းလင်းစွာတွေ့မြင်နေရသည်။ သူမသည်၁၇နှင့်၁၈နှစ်ခန့်သာ ရှိလိမ့်ဦးမည်။ တောက်ပသော မျက်ဝန်များနှင့် ဖြူဖွေးသောသွားများအပြင် မဟူရာရောင်ဆံသားကိုလည်း ပိုင်ဆိုင်ထား၏။ သူမသည် မှင်စာအမတစ်ကောင် ဖြစ်ချေသည်။
အဆိုပါ အသွင်ပြောင်းမကောင်းဆိုးဝါးနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် အရူးအမူး တိုက်ခိုက်နေခဲ့သည်။ သူတို့၏ လက်ခုပ်အတွင်း၌ အစွမ်းထက်သော နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထုတ်ဖော်လျက် ရှိချေသည်။
"ယွဲ့ယင်း ငါနဲ့လိမ်လိမ်မာမာပြန်လိုက်ခဲ့။ ဒီလိုမှမဟုတ်ရင် ရက်စက်တာအတွက် အပြစ်မတင်နဲ့တော့!"
ဟေးလင်သည် မှင်စာအမျိုးသမီးကို ရက်စက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့်ဟစ်ကြွေးပြောဆိုခဲ့သည်။ သူ၏အေးစက်သော အသံကြီးသည် တောအုပ်အတွင်း ပဲ့တင်ထပ်သွားလျက် ကြားမိသူမှန်သမျှ၏ ပုခုံးများကို တသိမ့်သိမ့်တုန်ယင်စေနိုင်သည်။ ၎င်းအသံလှိုင်းနှင့်အတူ ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကလည်း အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ လောကကြီးဟာ သတ်ဖြတ်လိုသော စိတ်ဆန္ဒတို့ကြောင့် တုန်ခါရမ်းနေခဲ့သည်။
"တွေးတောင်မတွေးစမ်းနဲ့!"
အေးစက်၍ သာယာနာပျော်ဖွယ်ကောင်းသောအသံလေးသည် ယွဲ့ယင်း၏နှုတ်ဖျားမှထွက်ပေါ်လာခဲ့သည်။ သူမ၏လှပသော မျက်နှာကလေးထက်တွင် ဆိုးယုတ်သော အကြည့်တစ်ခုရှိနေခဲ့ကာ သူမှထံမှလည်း ပြင်းထန်သောသတ်ဖြတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် ပင်လယ်ပြင်ကဲ့သို့ စုရုံးလျက်ရှိကာ သူမ၏လက်ခုပ်အတွင်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူမဟာ လက်ဝါးတစ်ချက်ကို ပစ်လွှတ်လိုက်ချေသည်။
"ဘုန်း!"
အဖြူရောင်အရိပ်တစ်ခု ထွက်ပေါ်သွားခြင်းနဲ့အတူ အစွမ်းထက်သော စွမ်းအင်များသည် ဧရာမလက်ဖဝါးရာကြီးတစ်ခုအဖြစ် သိပ်သည်းသွားခဲ့ကာ အနက်ရောင်အကြေးခွံများရှိနေသော မကောင်းဆိုးဝါးထံသို့ ပြေးဝင်သွားခဲ့သည်။ လေဟာပြင်တစ်ခုလုံးသည် အစွမ်းထက်သော စွမ်းအင်လှိုင်းတို့ကြောင့် အစိတ်စိတ်အမွာမွှာ ပြတ်တောက်သွားခဲ့သည်။
ဤကဲ့သို့ ခြောက်ခြားဖွယ်ရာ မြင်ကွင်းကြောင့် ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည် ပုန်းအောင်းနေလျက် ခန္ဓာကိုယ်တို့မှာ တသိမ့်သိမ့် တုန်ယင်နေခဲ့သည်။ သူတို့၏ စိတ်ဝိညာဉ်များကတောင် ထိတ်လန့်တုန်ယင်နေခဲ့ရသည်။ ဝမ်ဖုန်းသာ ရှိမနေခဲ့ပါလျှင် သူတို့ဟာ ချက်ချင်းကိုတန်း၍ထွက်ပြီးတော့မှဖြစ်၏။ သူတို့နှစ်ယောက်ဟာ ထောင်လွှားမောက်မာကြသည်မှာ မှန်သော်လည်း ယခုအချိန်တွင်တော့ ကြောက်လန့်နေဆဲသာ။ မျှော်စင်၏ အနက်ပိုင်းသို့ ဆက်လက်သွားလာပါက ဘယ်သို့သော အန္တရာယ်များတွေ့မြင်ရမည်ကို ကျိန်းသေမသိသော်လည်း ရှေ့တွင်ရှိနေသောမကောင်းဆိုးဝါးနှစ်ကောင်ကတော့ သူတို့၏အသက်များကို ရိတ်သိမ်းပစ်ရန် လုံလောက်လေသည်။
"အဟက်!"
"လှည့်ကွက်သေးသေးလေးပါလား"
ယွဲ့ယင်း၏ အစွမ်းထက်သော တိုက်ကွက်ကို ရင်ဆိုင်လိုက်ရသည့်အခါ ဟေးလင်၏ လင်းယုန်သဏ္ဍာန် မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့ထံမှပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့်အတူ အစွမ်းထက်သော စွမ်းအားတစ်ခုသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူသည် အကြေးခွံများ ပြည့်နေသည့် လက်ကြီးကို ဝေ့ရမ်းလိုက်သည့်အခါ အနက်ရောင် သင်္ကေတများသည် လေထုအတွင်း ထွက်ပေါ်လာခဲ့သည်။
အနက်ရောင် သင်္ကေတများ ထွက်ပေါ်လာသည့်အခါ ဟေးလင်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော စွမ်းအားသည် ပို၍ ခက်ထန်ကြမ်းကြုတ်လာခဲ့သည်။ ၎င်းမှာရှေးဟောင်းမကောင်းဆိုးဝါးကြီးတစ်ကောင်နှင့်တောင် တူညီနေတော့သည်။
"ဘုန်း!"
ဝမ်ဖုန်းတို့၏စောင့်ကြည့်နေသောမျက်ဝန်းများအောက်တွင် ဟေးလင်နှင့်ယွဲ့ယင်းတို့ ထုတ်လွှတ်လိုက်သော တိုက်ကွက်များသည် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အတူတကွထိပ်တိုက်ရင်ဆိုင်ခဲ့မိသည်။ပင်လယ်ပြင်၏လှိုင်းလုံးများကဲ့သို့ စွမ်းအင်များသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ ဧရာမနဂါးကြီးတစ်ကောင် လူးလွန့်လိုက်သလိုမျိုး မြေပြင်သည် တုန်ခါလျက် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
"ဘုန်း!"
ဖုန်မှုန့်များ၏အကြားတွင် ပုံရိပ်ကလေးတစ်ခုသည် လွင့်စင်ထွက်သွားလျက် အဝေးတနေရာရှိ မြေပြင်နှင့် မိတ်ဆက်သွားခဲ့သည်။ မြေပြင်ပေါ်တွင် ကြီးမားသော ပေါက်ကွဲရာကြီးများ ကြွင်းကျန်ရစ်သည်။