← Chapters

နဂါးဟေးလင်၏ မျှော်လင့်ခြင်းများ။

Vol. 52 Ch. 724

နဂါးဟေးလင်၏ မျှော်လင့်ခြင်းများ။

Vol. 52 Ch. 724

ကောင်းကင်ဘုံအောက်ရှိ ထောင်ချီသော ကမ္ဘာလောကများအတွင်း ရှိကြကုန်သော မကောင်းဆိုးဝါးမျိုးနွယ်စုအားလုံးတို့အနက် ယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်စု၏သွေးသည် သာလွန်မြင့်မြတ်သော သွေးမျိုးဆက်ဖြစ်သည်။ ၎င်းသည် ထိပ်တန်းမဟုတ်သော်ငြားလည်း တော်ဝင်၍ မြင့်မြတ်သည်။ ထို့အတွက်ကြောင့် ယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်ဝင်များသည် မကောင်းဆိုးဝါးမျိုးနွယ်စုများအကြား၌ ဂုဏ်သတင်းထွန်းပြောင်လေ့ရှိကြသည်။

ဤကမ္ဘာလောကကြီးထဲတွင် သာမန် အခြေအနေများအောက်မှာ ဘယ်မကောင်းဆိုးဝါးများကမှ ယွဲ့ရွှမ်မကောင်းဆိုးဝါး မျိုးနွယ်စုအဖွဲ့ဝင်များကို ရန်မစရဲကြပါ။ အဆိုပါ မျိုးနွယ်စုအတွင်းရှိသော မကောင်းဆိုးဝါးအိုကြီးများသည် ရန်စ၍လွယ်ကူသော သူများမဟုတ်ပါ။ သို့သော်လည်း ဤတစ်ကြိမ်မှာတော့ ဟေးလင်သည် အရဲစွန့်၍ ယွဲ့ရွှမ် မကောင်းဆိုးဝါးမျိုးနွယ်စု၏ မင်းသမီးလေးဖြစ်သော ယွဲ့ယင်း၏သွေးကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။ ထိုမှသာ သူ၏သွေးမျိုးဆက်ဟာ ဆင့်ကဲပြောင်းလဲ၍ လောကအတွင်းရှိ မြင့်မြတ်သော မျိုးနွယ်စုတစ်ခုအဖြစ်ရောက်ရှိလာမှာဖြစ်သည်!

သူသာ နတ်ဆိုးဘိုးဘေး၏ ရတနာပစ္စည်းကို ရရှိသွားလျှင် ယွဲ့ရွှမ်မကောင်းဆိုးဝါး မျိုးနွယ်စုကို ရန်စခဲ့မိလျှင်တောင် ဟေးလင်အတွက်ထိုက်တန်ပါသည်။ အဆုံးမှာတော့ သူ၏ဟေးလင်မကောင်းဆိုးဝါးမျိုးနွယ်စုမှာလည်း သာမန်မဟုတ်ဘဲ အစွမ်းထက်သော မျိုးနွယ်စုတစ်စုပင် မဟုတ်ပါလော။

သူ၏သွေးမျိုးဆက်ဟာ ဟေးယောင်မကောင်းဆိုးဝါးမျိုးနွယ်စုအတွင်း၌ သန့်စင်ခြင်းမရှိပါ။ သို့သော်လည်း သူသာနတ်ဆိုးဘိုးဘေး၏ ရတနာကို ရရှိသွားလျှင် မကောင်းဆိုးဝါးမျိုးနွယ်စုအတွင်း၌ ကျိန်းသေပေါက် မြင့်မြတ်သူဖြစ်လာလိမ့်မည်။ ထိုအချိန်ရောက်ပါက ဘယ်သူကများ သူ့ကိုရန်စရဲပါတော့မလဲ။

"ရှင်ဒီလိုလုပ်ရဲတယ်ဆိုတော့ ကျွန်မတို့မျိုးနွယ်စုရဲ့ဘိုးဘေးတွေက ရှင်တို့ဟေးယောင် မကောင်းဆိုးဝါးမျိုးနွယ်ကို ဖျက်ဆီးပစ်မှာကို မကြောက်ဘူးလား"

ယွဲ့ယင်း၏လှပသော မျက်နှာကလေးသည် မဲ့ရွဲ့နေခဲ့သည်။ သူမက ဟေးလင်ကို စိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့်‌ အော်ဟစ်ပြောဆိုခဲ့သည်။ ယခုအချိန်တွင် သူမက ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် ဟေးလင်နှင့်ဆက်လက် ရင်ဆိုင်နိုင်စွမ်း မရှိတော့ပါ။ မတော်တဆမှုများသာ ရှိမလာလျှင် ဟေးလင် တကယ်ကြီး အောင်မြင်သွားမှာကို စိုးရိမ်မိသည်။ ဤသည်ကြောင့် ယွဲ့ယင်း၏ နှလုံးသားကလေးအတွင်း၌ အလိုမကျမှုများ ဖြစ်လာခဲ့သည်။

သူမဟာ ယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်၏ မင်းသမီးလေးဖြစ်သည်။ သူမ၏သွေးက မြင့်မြတ်ရုံသာမက သူမ၏ အဆင့်အတန်းကလည်း မြင့်မား၏။ သူမ ဒီလိုမျိုး အနိုင်ကျင့်ခံရတော့မှာလား။ အတိတ်တွင် သူမဘယ်နေရာကိုမဆို သွားလာပါစေ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများ၏ ပစားပေးမှုကို ခံခဲ့ရသည်။ ဟေးလင်လို လူမျိုးသည် သူမရှေ့တွင် မတ်တတ်ရပ်နေရန်တောင် အဆင့်အတန်းမရှိပါ။ သို့သော်လည်း သူမအပြင်ထွက် ကစားသည့်အခိုက်၌ အခြေအနေများ ဤမျှထိ ဆိုးရွားသွားလိမ့်မည်ဟု ထင်မထားမိချေ!

ဟေးလင်သာ သူမ၏ယွဲ့ရွှမ်သွေးမျိုးဆက်ကို ရယူရာ၌အောင်မြင်သွားပါလျှင် သူမ၏သွေးမျိုးဆက်သည် ဟေးလင်၏ စုပ်ယူခြင်းကို ခံခဲ့ရမှာဖြစ်သည်။ သူမ၏အမြုတေဟာလည်း တပါတည်းပျက်စီးသွားကာ သန့်စင်သောသွေးမျိုးဆက်သည် လုံးဝပျောက်ကွယ်သွားလိမ့်မည်။ ထိုအချိန်ရောက်ပါက သူမဟာယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်၏မင်းသမီးအဖြစ် ဆက်လက်ရှိနေနိုင်မလားဆိုတာတောင် မသေချာတော့ပါ။ သူမကိုယွဲ့ရွှမ်မျိုးနွယ်စုက စွန့်ပစ်လိုက်မှာများလား။

မကောင်းဆိုးဝါးများသည် သွေးမျိုးဆက်၏ သန့်စင်မှုကို အထူး အလေးပေးကြသည်။ သူမကို ယွဲ့ရွှမ်မျိုးနွယ်စုတစ်စုလုံးက ချစ်ခင်နှစ်သက်ကြခြင်းမှာ သူမ၏သန့်စင်သော သွေးမျိုးဆက်ကြောင့်သာဖြစ်သည်။ ဟေးလင်သာ အမှန်တကယ်အောင်မြင်သွားပြီး သူမ၏ သွေးမျိုးဆက် ပျက်သုန်းသွားပါက ယွဲ့ရွှမ်မျိုးနွယ်စုသည် သူမကိုယခင်ကအတိုင်း ဆက်ဆံလိမ့်မည်ဟု သူမ ယုံကြည်ချက်မရှိ။ သူမသည် မျိုးနွယ်စုအတွင်း၌ ပြောရေးဆိုခွင့် မရှိသူတောင် ဖြစ်လာနိုင်သည်။

"ဒီအရှင်ကလုပ်ရဲမှတော့ မင်းတို့ယွဲ့ရွှမ်မျိုးနွယ်စုကို ကြောက်နေမလားကွ!"

"ဆိုရိုးစကားတွေအတိုင်းပဲ။ လူတွေကကြွယ်ဝမှုအတွက်တိုက်ခိုက်ကြတယ်။ ငါတို့ မကောင်းဆိုးဝါးတွေလည်း ဒီလိုပဲ။မကောင်းဆိုးဝါးတွေအထက်က မကောင်းဆိုးဝါးဖြစ်မလာနိုင်ဘူးဆိုမှတော့ ရှင်သန်နေရတာ ဘာများအဓိပ္ပာယ်ရှိမှာလဲ။ ဂုဏ်သတင်းနဲ့ စွမ်းအားအတွက် ဒီအရှင်က ဘာမှမကြောက်ဘူး"

ယွဲ့ယင်း၏စကားကိုကြားတော့ ဟေးလင်၏ မျက်ဝန်များအတွင်း၌ စိတ်ပိုင်းဖြတ်မှုတို့ ထင်ဟပ်လာခဲ့သည်။ သူက အေးစက်သော အသံဖြင့် ပြောဆိုခဲ့သည်။

သူသည် ယွဲ့ယင်းကို ထိခိုက်စေရန် စီစဉ်ပြီးကတည်းက အကျိုးဆက်များအားလုံးကိုတွက်ချက်ခဲ့သည်။ သူသာ နတ်ဆိုးဘိုးဘေး၏ ရတနာကို ရရှိသွားလျှင် ယွဲ့ရွှမ်မျိုးနွယ်စုက သူ့ကိုလာရောက် ထိပါးရဲမှာမဟုတ်တော့ပါ။ အကယ်၍ နတ်ဆိုးဘိုးဘေး၏ ရတနာကိုမရနိုင်ခဲ့ရင်တောင်မှ သူ၏သွေးမျိုဆက်သည် အဆင့်အတန်းမြင့်မားလာမှာကြောင့် သူ့ကိုအလွယ်တကူတိုက်ခိုက်၍ ဖြစ်နိုင်တော့မှမဟုတ်ချေ။

ယွဲ့ယင်း၏လှပသော ခန္ဓာကိုယ်ကလေးသည် တသိမ့်သိမ့် တုန်ယင်နေခဲ့သည်။ သူမမျက်နှာပေါ်တွင် မလိုလားမနှစ်သက်မှုများရှိနေခဲ့သည်။ ဟေးလင်က အရမ်းကို စိတ်ဓာတ်ပြတ်သားနေလိမ့်မည်ဟု သူမ ထင်မထားပါ။ သူမ ဘယ်လိုဘယ်ပုံပင် နားချပါစေ၊ ထိုသူ၏စိတ်နှလုံးကို ယိမ်းယိုင်အောင် ပြုလုပ်နိုင်‌တော့မည်မဟုတ်။

"ရှင်သေသွားရင်တောင် လုံးဝအောင်မြင်မှာမဟုတ်ဘူး!"

ယွဲ့ယင်း၏ မျက်ဝန်းများအတွင်း၌ ပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်လာခဲ့ကာ သူမက နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုခဲ့သည်။

"ဘုန်း!"

ထိုသို့ပြောဆိုလိုက်ပြီးနောက် အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် သူမ၏ သေးသွယ်နူးညံ့သော ခန္ဓာကိုယ်ကလေးထံမှ ပေါက်ကွဲထွက်ပေါ်လာလျက်ရှိသည်။ လရောင်ခြည်ကဲ့သို့ ဆွေဆွေးဖြူသော မှော်ဝင်သင်္ကေတများသည် သူမခန္ဓာကိုယ်ကလေးထံမှ ပျံ့လွင့် ထွက်ပေါ်လာခဲ့ကာ မျက်တောင်တစ်ခတ်အတွင်း၌ သူမ၏ပတ်လည်ကို ရစ်သိုင်းလွှမ်းခြုံခဲ့သည်။

၎င်းသင်္ကေတများသည် အင်မတန် လျှို့ ဝှက်ဆန်းကြယ်သည်မှာ နတ်ဘုရားတစ်ပါး စာရေးခဲ့သည့်အလား ဖြစ်နေခဲ့သည်။ ထိုသင်္ကေတများ၏ ဆန်းကြယ်မှုကို သာမန်မျက်စိဖြင့် ထွင်းဖောက်မြင်နိုင်ရန်က မဖြစ်နိုင်ပါ။

"ဝုန်း!"

ယင်းသင်္ကေတများ၏ ထွက်ပေါ်လာမှုကြောင့် ယွဲ့ယင်း၏ ခန္ဓာကိုယ်ကလေးတစ်ခုလုံးကို အလင်းတန်းများက လွှမ်းခြုံထားခဲ့သည်။ သူမ၏တစ်ကိုယ်လုံးသည် လနတ်သမီးကလေးတစ်ပါးအလား ဝင်းလက်တောက်ပလျက်ရှိပြီး မှော်ဝင်သင်္ကေတများက လမင်း၏နတ်သူငယ်လေးများအလား သူမပတ်လည်တွင် ကခုန်နေခဲ့သည်။

"ဘုန်း!"

မြင်ကွင်းမှာလှပသော်လည်း ခက်ထန်သော စွမ်းအင်များကိုလည်း သိုဝှက်ထားခဲ့သည်။ လမင်းရောင်ခြည်များထံမှ ပင်လယ်ပြင်တမျှ နက်ရှိုင်းသော စွမ်းအင်တို့ ဝေ့ဝဲထွက်ပေါ်လာလျက် လောကတစ်ခုလုံးကို ခါရမ်းစေခဲ့သည်။ လမင်း၏ရောင်စဥ်များကို ဗဟိုပြု၍ မိုင်တစ်သောင်းပတ်လည်ရှိ အရာဝတ္ထုတိုင်းသည် တသိမ့်သိမ့်ပျက်စီးသွားခဲ့သည်။

"မင်းရူးနေပြီလား!?"

ယွဲ့ယင်း၏အစွမ်းထက်သော တိုက်စစ်ကို တွေ့မြင်ခဲ့ရသည့်အခါ ဟေးလင်၏ မျက်ဝန်းများက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များထွက်ပေါ်လာခဲ့ပြီး အံ့အားတသင့် အော်ဟစ်ဆူပူခဲ့သည်။ ယွဲ့ယင်းကသူမ၏ ကိုယ်ပိုင်သွေးကို လောင်ကျွမ်းစေလိမ့်မည်ဟု သူထင်မထားခဲ့ချေ။

တစ်စုံတစ်ယောက်၏ သွေးမျိုးဆက်ကို လောင်ကျွမ်းစေ၍ အစွမ်းထက်သောခွန်အားကို ငှားရမ်းရယူနိုင်သည်။ သို့သော်လည်း ငှားရမ်းရရှိထားသောစွမ်းအင်များကို မထိန်းချုပ်နိုင်ပါက သူမ၏ခန္ဓာကိုယ်ကလည်း ပေါက်ကွဲ၍ သေဆုံးရမှာဖြစ်သည်။ အကယ်၍ အကျိုးဆက်များကို ရင်ဆိုင်နိုင်ခဲ့ရင်တောင်မှ သွေးမျိုးဆက်သည် ပျက်သုန်းသွားမှာဖြစ်ပြီး ကျင့်ကြံမှုအခြေခံအုတ်မြစ်ကိုလည်း ထိခိုက်စေနိုင်သည်။

ယွဲ့ယင်းက အရမ်းကိုပြတ်သားပြီး သူမ၏သွေးမျိုးဆက်ကို တကယ်ကြီးဖျက်ဆီးပြစ်ရဲလိမ့်မည်ဟု ဟေးလင်တစ်ယောက်တွေးထင်မထားခဲ့ပါ။ သူနဲ့လက်ထပ်ရမှာက ဒီလောက်တောင်ဆိုးလို့လား။

ဒါကို‌တွေးမိလိုက်တော့ ဟေးလင်၏အကြည့်များသည် ပို၍မည်းမှောင်လာခဲ့သည်။ အဆုံးအစမဲ့သော ဒေါသတရားတို့သည် သူ၏နှလုံးသားအတွင်း ပေါက်ဖွားလာခဲ့သည်။ သူ၏သွေးမှာ သန့်စင်မှု မရှိသော်ငြားလည်း သူဟာ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ် နှောင်းပိုင်းတွင်ရှိနေသာ စွမ်းအားရှင်တစ်ပါးဖြစ်ပါသည်။ သူ၏ခွန်အားဟာ သာမန်ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်များထက်တောင် သာလွန်မြင့်မြတ်သေးသည်။

"ဘုန်း!"

"မင်းကသေချင်နေမှတော့ ဒီအရှင်ကဖြည့်စည်းပေးရမှာပေါ့"

ဟေးလင်နှလုံးသားအတွင်းရှိ ဒေါသများသည် ထိန်းချုပ်၍မရနိုင်တော့ပါ။ မီးတောင်ပေါက်ကွဲသကဲ့သို့ အသံလှိုင်းကြီးနှင့်အတူ အမျက်ဒေါသတရားများသည် လောကတစ်ခွင်ဟိန်း၍ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာလောကကြီးသည် မီးပြင်းဖိုကြီးတစ်ခုအလား ပူပြင်းတောက်လောင်လျက်ရှိ‌ချေသည်။

နက်မှောင်စူးရှသော သင်္ကေတများသည် ဟေးလင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးလျှင် သူ၏ပတ်လည်တွင် ဝဲလွင့်လှုပ်ရှားနေခဲ့သည်။ သူ၏အရှိန်ဝါမှာ နတ်ဆိုးဧကရာဇ်တစ်ပါးအလား မြင့်မြတ်ခမ်းနားနေခဲ့သည်။

များမကြာမီတွင် ဟေးလင်ကလက်ကို ဝှေ့ရမ်းလိုက်သည်အခါ ရှုပ်ထွေးဆန်းကြယ်သော သင်္ကေတများသည် ထပ်မံ၍ထွက်ပေါ်လာခဲ့သည်။ ဟေးလင်၏ ထိန်းချုပ်မှုအောက်တွင် ထွက်ပေါ်နေသော သင်္ကေတများသည် ထူးဆန်းသော နည်းလမ်းတခုဖြင့် လှည့်ပတ်လိုက်ပြီးလျှင် ကြီးမားသောအနက်ရောင် နဂါးကြီးတစ်ကောင်ကို ဖြစ်ပေါ်စေခဲ့သည်။

အနက်ရောင်နဂါးကြီး၏ မူလကပိတ်နေသော မျက်ဝန်းများသည် ရုတ်တရက်ဖွင့်လှစ်လာခဲ့သည်။ သွေးနီရောင်မျက်ဝန်းများက လေဟာပြင်ကိုဖြတ်သန်း၍ ကြည့်ရှုနေခဲ့သည်။ အစွမ်းထက်သော နဂါးတကောင်၏ အရှိန်အဝါများသည် လောကတစ်ခွင် ပျံ့လွင့်သွားခဲ့၏။

"အနက်ရောင် နဂါးသက်ဆင်းခြင်း!"

ဟေးလင်၏နှုတ်ဖျားမှ ကျယ်လောင်သော အော်ဟစ်သံထွက်ပေါ်လာခဲ့သည်။ သူဟာ လက်နှစ်ဖက်ကို ရှေ့သို့တွန်းကန်လိုက်သည့်အခါ သူ၏ပတ်လည်တွင် ဝေ့ဝဲနေသော အနက်ရောင်နဂါးကြီးသည် ကောင်းကင်ကိုမော့ကြည့်၍ ဟစ်ကြွေးလိုက်ချေသည်။ ရုတ်တရက်၄င်းသည် မိုးကောင်းကင်ကိုပျံတက်သွားခဲ့ပြီး လေထုအတွင်းစက်ဝိုင်းသဏ္ဋန် ဝဲလွင့်နေခဲ့သည်။

အနက်ရောင် အလင်းတန်းများသည် နဂါးကြီး၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီးလျှင် စွမ်းအင်များက အနက်ရောင် တွင်းပေါက်ကြီးကဲ့သို့ ဖြစ်နေခဲ့ကာ လူအများ၏ စိတ်ဝိဉာဉ်ကို ဝါးမြိုတော့မယောင်ရှိချေသည်။ နဂါး၏အရှိန်အဝါကိုခံစားခဲ့ရသည့်အခါ ပုန်းအောင်းနေသော ရွှမ်းယွမ်နှင့်ကွေ့ဝူတို့၏ စိတ်ဝိညာဉ်များသည် စုပ်ယူခံရတော့မည်အလား ဖြစ်ပျက်နေခဲ့သည်။ သူတို့၏ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်နေခဲ့ကာ နဂါးပုံရိပ်ကြီးကို စေ့စေ့စိုက်မကြည့်ရဲတော့ချေ။

"ဝေါင်း!"

အနက်ရောင်နဂါးကြီး၏ ကျယ်လောင်သောဟစ်ကြွေးသံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ နဂါးကြီးသည်စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်ပျံသန်းရင်း လမင်းအရိပ်ရှိရာသို့ ထိုးခုန်ဆင်းလာတော့သည်!

All Chapters