ရှင်သန်ရန်တိုက်ခိုက်ခြင်း။
Vol. 52 Ch. 725
"ဘုန်း"!
အနက်ရောင်နဂါးကြီးက ယွဲ့ယင်းထံသို့ ဟိန်းဟောက်လိုက်သည့်အခါ သူမ၏ခန္ဓာကိုယ်ကလေးထံမှ မရေမတွက်နိုင်သော သင်္ကေတများသည် စုဖွဲ့ထွက်ပေါ်လာပြီးလျှင် လခြမ်းကွေးသဏ္ဍန် ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ လဝန်းပုံရိပ်ကလေးထံမှ တောက်ပသော အလင်းရောင်များ ဖြာထွဆင်း ထွက်ပေါ်လာခဲ့သည်။
လဝန်းပုံရိပ် ထွက်ပေါ်လာသည့်အခါ လေဟာပြင်သည် ရုတ်တရက် အက်ကွဲသွားခဲ့သည်။ အရိုးစိမ့်လောက်အောင် အေးစက်သော အရှိန်အဝါများကလည်း အရပ်လေးမျက်နှာသို့ လွှင့်စင်ထွက်ပြီးလျှင် အရာအားလုံးကို ခြေမွဖျက်ဆီးခဲ့သည်!
"ဘုန်း"
အစွမ်းထက်သော တိုက်ခိုက်မှုနှစ်ခုသည် ရုတ်တရက် ပွတ်တိုက်မိခဲ့သည်။ ကောင်းကင်ကြီး အက်ကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ထွက်ပေါ်လာခဲ့သည်။ မုန်တိုင်းကြီးတစ်ခုသည် အရပ်လေးမျက်နှာသို့ ပျံ့လွှင့်ထွက်သွားခဲ့သည်။ ကောင်းကင်ပေါ်ရှိ တိမ်စိုင်တိမ်လိပ်များသည် ရုတ်တရက် ပြိုကွဲသွားခဲ့သည်။ ကမ္ဘာလောကကြီးသည် တဆတ်ဆတ် ခါယမ်းနေခဲ့၏။
ပုန်းကွယ်နေသော ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည် အကြောများတောင့်တင်းလျက် တသိမ့်သိမ့်တုန်ယင်နေခဲ့ကြသည်။ ဝမ်ဖုန်း၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် ၎င်းစွမ်းရည်အရှိန်အဝါက သူတို့ကို သတ်ဖြတ်ပစ်လိုက်မှာကိုတောင် ကြောက်လန့်မိ၏။
သူတို့ဟာထိပ်တန်းပါရမီရှင်များဖြစ်သော်လည်း သူတို့၏ကျင့်ကြံမှုကနိမ့်ပါးသည်ဖြစ်ရာ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့်စွမ်းအားရှင် တိုက်ပွဲကို မရင်ဆိုင်နိုင်ကြပါ။ သူတို့၏အရှိန်အဝါများကို ထိန်းချုပ်ပြီး တစ်ဖက်ရန်သူကို သတိ မထားမိအောင် ပြုလုပ်နိုင်ခဲ့တာကတောင် အတော်ကလေးကို ထူးချွန်နေပါပြီ။
"ဘုန်း"!
ရွှမ်းယွမ်တို့နှစ်ဦးသား ကြောက်လန့်နေချိန်တွင် မိုးချိန်းသံကြီးသည် လောကတစ်ခုလုံးကို ခါယမ်းနေစေသည်။ လေဟာပြင်၏ အထက်ကောင်းကင်ယံတွင် ပုံရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသွားခဲ့ကာ ပြင်းထန်သောပေါက်ကွဲလှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။ တိုက်ပွဲမြေပြင်ကို ဗဟိုပြု၍ မိုင်တစ်သောင်းပတ်လည်ရှိ လေဟာပြင်သည် ပြိုကျသွားခဲ့သည်။
အနက်ရောင်သင်္ကေတများနှင့် လဝန်းအဆင်းသဏ္ဍန်နှင့်တူသော အဖြူရောင်သင်္ကေတများသည် ရောထွေးနေခဲ့သည်။ သတ္တုနှစ်ခု ပွတ်တိုက်သံကလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့ကာ ရင်သပ်ရှုမောဖွယ်ကောင်းသော တိုက်ပွဲပုံရိပ်ကို ထင်ဟပ်စေခဲ့သည်။
"ဘုန်း"!
ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် လောကတစ်ခွင် မြည်ဟိန်းထွက်လာပြီးလျှင် လေးမျက်နှာတစ်ခွင်သို့ စွမ်းအင်လှိုင်းများ လွှင့်စင်ထွက်လာသည်။ ဤပြင်းထန်သော တိုက်ခိုက်မှုကြီးအောက်တွင် လောကကြီးသည် အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ မြေပြင်သည် ဧရာမနဂါးကြီး လူးလွန့်လိုက်သကဲ့သို့ ခါယမ်းတုန်ယင်နေခဲ့သည်။
"ဘုန်း"!
ရုတ်တရက်ဆိုသလို ပေါက်ကွဲမြည်ဟိန်းသံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခုသည် မြူခိုးထုကြားမှ လွှင့်စင်ထွက်လာခဲ့ပြီး မြေပြင်သို့ ပြိုကျလျက် ဧရာမတွင်းပေါက်ကြီးကို ဖြစ်စေခဲ့သည်။
"ဖစ်"!
ဟေးလင်သည် တွင်းပေါက်ကြီးတွင်း ပြိုလဲသွားခဲ့သည်။ သူဟာဆက်လက်၍ တောင့်မခံနိုင်တော့တာကြောင့် ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်ခဲ့ရသည်။ သူ၏မျက်နှာဟာ ဖြူစွတ်လျက် ရှိပြီး ခန္ဓာကိုယ်ဟာ တသိမ့်သိမ့် တုန်ယင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအနာတရများ ရှိနေခဲ့ကာ တစ်ကိုယ်လုံး ဆွေးဆွေးနီနေခဲ့ချေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?"
ဟေးလင်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ကာ အံ့အားတသင့် ရေရွတ်ပြောဆိုခဲ့သည်။ သူဟာ လေထုအပေါ်တွင် ရှိနေသော ယွဲ့ယွင်းကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ သူ၏အားကုန် တိုက်ကွက်ကို သွေးမျိုးဆက်အား လောင်ကျွမ်းစေခဲ့သော ယွဲ့ယင်းက အလွယ်တကူဖျက်ဆီးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပါ။ ယွဲ့ယင်းက ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားမျိုးကို ရလာတာလား။
စောနကတိုက်ပွဲတွင် ဟေးလင်သည် သေဆုံးခြင်း၏ အရိပ်အငွေ့ကိုတောင်ခံစားခဲ့ရသည်။ သူဟာ သေမင်းနှင့် လက်တစ်ကမ်းတွင်ရှိနေခဲ့သည့်အလား စိတ်ဝိဉာဉ်က တုန်ခါနေခဲ့သည်။
ဤအချိန်တွင် ကောင်းကင်ယံပေါ်၌ မတ်တပ်ရပ်နေသော ယွဲ့ယင်း၏ခန္ဓာကိုယ်ထံမှ သန့်စင်တောက်ပသောလမင်း၏ အလင်းရောင်တို့ ဝဲဖြာကျနေခဲ့သည်။ သူမဟာ လနတ်သမီးတစ်ပါးအလား လှ၍ ချစ်စဖွယ်ကောင်းနေခဲ့သည်။ သို့သော်လည်း သူမ၏စွမ်းအင်များကတော့ ကမ္လာလောကကို အဆက်မပြတ်ခါယမ်းနေစေခဲ့သည်။
သူမ၏လှပသော မျက်နှာကလေးသည် မဲမှောင် အုံ့စိုင်းနေခဲ့ကာ သားရဲတစ်ကောင်၏ မျက်ဝန်းများက ဟေးလင်ကိုစိုက်ကြည့်နေခဲ့သည်။ သူမတစ်ကိုယ်လုံးထံမှ ပြင်းထန်သော သတ်ဖြတ်ငွေ့များထွက်ပေါ်လာပြီးလျှင် ပတ်ဝန်းကျင်၏ အပူချိန်သည် အေးစိမ့်လောက်အောင် ကျဆင်းသွားခဲ့သည်။
"ငါပြောခဲ့တယ်လေ ။သေဆုံးသွားရင်တောင် နင့်ကိုအောင်မြင်ခွင့်ပြုမှာမဟုတ်ဘူးလို့!"
ယွဲ့ယင်းသည် ဟေးလင်ကို စူးစိုက်ကြည့်လျက် တိုးဖွစွာပြောဆိုလိုက်သည်။ သူမစကားလုံးများတွင် ပါဝင်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများက ရွှမ်းယွမ်နှင့် ကွေ့ဝူတို့ကိုတောင် တုန်ယင်သွားစေခဲ့သည်။
ယွဲ့ယင်း၏စကားကို ကြားတော့ ဟေးလင်၏မျက်နှာမှာ မှိုင်ညို့သွားခဲ့သည်။ သူဟာ ကိုယ်တွင်းရှိ ပြင်းထန်သော နာကျင်မှုကို ကြိတ်မိတ်ခံစားလျက် တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် မတ်တပ်ပြန်ရပ် လာခဲ့သည်။ သူ၏မျက်ဝန်းများက ယွဲ့ယင်းကိုဘအေးစက်စွာ စိုက်ကြည့်နေခဲ့၏။ သူဟာ အပြင်းအထန် ဒဏ်ရာရနေခဲ့သော်လည်း မတိုက်ခိုက်နိုင်တော့ခြင်းတော့ မဟုတ်ပါ။
"ဒီအရှင်ကလည်း ပြောခဲ့ပါတယ်။ မင်းကိုမရမချင်း အရှုံးပေးမှာမဟုတ်ဘူး။"
ဟေးလင်၏နှုတ်များမှ ကြမ်းတမ်းခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ မိုးချိန်းသံကဲ့သို့ ပဲ့တင်ထွက်ပေါ်ခဲ့သည်။
"ဘုန်း"!
အဆိုပါခြောက်ခြားသံနှင့်အတူ ဟေးလင်၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ဟေးလင်သည် အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။
သူ၏ခန္ဓာကိုယ်ထံမှ အနက်ရောင်သင်္ကေတများထွက်ပေါ်လာပြီးလျှင် ၎င်းတို့သည် ဧရာမနဂါးနက်ကြီးအဖြစ်ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်နဂါးကြီး၏ခန္ဓာကိုယ်မှာ ပူပြင်းသောအနက်ရောင်မီးတောက်များထွက်ပေါ်လျက်ရှိကာ ဝန်းကျင်ရှိအပူချိန်သည် မြင့်တက်သွားခဲ့သည်။ ဧရာမနဂါးကြီးထွက်ပေါ်လာသည့်အခါ နဂါးကြီးပတ်လည်သို့ရောက်ရှိလာသော အရာဝတ္ထုမှန်သမျှသည် မီးမြိုက်ခြင်းခံခဲ့ရသည်။
ဤတစ်ကြိမ်တွင် ဟေးလင်သည်သူ၏ကိုယ်ပိုင်ေသွးမျိုးဆက်ကို လောင်ကျွမ်းစေခဲ့သည်။ ယွဲ့ယင်းကို ရရှိဖို့အတွက် သူဟာ လုံလောက်အောင် နှိမ့်ချခဲ့ပြီးဖြစ်သည်။ ယခုအချိန်မှာတော့ သူဟာ ဆက်လက် နှိမ့်ချလိုခြင်းမရှိတော့၊ သွေးမျိုးဆက်ကို လောင်ကျွမ်းစေလိုက်ပြီးနောက် သူ၏ကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်မုန်တိုင်းသည် ဝန်းကျင်ရှိလေဟာပြင်ကို ပုံပျက်ယိုယွင်းစေခဲ့သည်။
ဟေးလင်၏ အားစိုက်ထုတ်မှုကို တွေ့မြင်ခဲ့ရသည့်အခါ ယွဲ့ယင်း၏ အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူမ၏ မျက်ဝန်းများအတွင်း၌ တည်ကြည်လေးနက်သော အကြည့်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ သူမ၏သွေးမျိုးဆက်ကို လောင်ကျွမ်းစေလိုက်ပြီးနောက် သူမဟာ ဟေးလင်ကို သတ်ဖြတ်ရန်တောင် အစွမ်းအစ ရရှိလာခဲ့ပါသည်။ သို့သော်လည်း ဟေးလင်က သွေးမျိုးဆက်ကို ဖျက်ဆီးခဲ့လေရာ ယခုအချိန်၌ ဘယ်သူနိုင်မလဲ ဆိုတာကို ပြောရန် ခက်ခဲလှသည်။
သို့ပေသော်လည်း သူမတွင် ပြန်လမ်းမရှိခဲ့ပါ။ ရွေးချယ်စရာဘမရှိတော့သည် ဖြစ်ရာ ဖြစ်သမျှကို အကောင်းဆုံးအံတုဖို့သာ ကျန်တော့သည်။
"ဘုန်း"!
ဤသို့တွေးလိုက်ပြီးနောက် ယွဲ့ယင်းသည်တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ အရှိန်အဝါများကိုချက်ချင်း ပေါက်ကွဲထုတ်ဖော်ပစ်သည်။ အစွမ်းထက်သော စွမ်းအင်လှိုင်းသည် သူမခန္ဓာကိုယ်မှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာခဲ့သည်။ အဆီအနှစ်ကို လောင်ကျွမ်းခြင်း၏ အကျိုးဆက်ကြောင့် သူမ၏ခန္ဓာကိုယ်သည် ပြင်းထန်သော နာကျင်မှုကို ခံစားနေခဲ့ရသည်။ သန်မာသော စိတ်ဓာတ်ခွန်အားကြောင့်သာ မဟုတ်ပါလျှင် ယွဲ့ယင်းက အစောကတည်းက ရှုံးနိမ့်ပြီးဖြစ်ပေလိမ့်မည်။
"ဘုန်း"!
နှစ်ယောက်စလုံးသည် ပြင်းထန်သောတိုက်ကွက်များကို ထုတ်ဖော်လျက် ပြေးဝင် တိုက်ခိုက်လိုက်ကြသည်။ ပေါက်ကွဲသံများသည် ကမ္ဘာလောကအတွင်းတွင် တဆက်တည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ ထိတ်လန့်စရာ စွမ်းအင်လှိုင်းများသည် ပင်လယ်ပြင်၏ လှိုင်းလုံးများကဲ့သို့ လွင့်စင် ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ ဤကဲ့သို့ပြင်းထန်သောတိုက်ပွဲသည် မိုင်တစ်သောင်းဝန်းကျင်သို့ ပျံ့လွင့်သွားခဲ့၏။ ထို့အတွက်ကြောင့် ဤနေရာတစ်ဝိုက်သို့ ရောက်ရှိလာသော လူငယ်ပါရမီရှင်ကလေးများသည် အရှိန်အဝါတို့ကိုခံစားခဲ့ရသည်။
တောအုပ်တစ်ခုအတွင်း၌ ဝမ်ဝူဖုန်းသည် လူငယ်မျိုးဆက်တစ်စုကို ဦးဆောင်လျက် စူးစမ်းလေ့လာနေခဲ့သည်။
ရုတ်တရက်ဆိုသလို ဝမ်ဝူဖုန်း၏မျက်ဝန်းများသည် မှေးကျဉ်းသွားခဲ့ကာ တိုက်ပွဲအရှိန်အဝါရောက်ရှိလာသော အရပ်မျက်နှာသို့ စူးစိုက်ကြည့်ခဲ့သည်။ သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်နေသော အမူအရာတစ်ခုရှိနေခဲ့သည်။ အဝေးတစ်နေရာမှတောင် ဝမ်ဝူဖုန်းသည် ပြင်းထန်သော တိုက်ပွဲအရှိန်အဝါကို ခံစားနေခဲ့ရသည်။
"ဘယ်သူတွေ တိုက်ခိုက်နေတာလဲ။"
သူဟာတိုးဖွစွာ ရေရွတ်ပြောဆိုခဲ့သည်။ တခဏကြာ တုံ့ဆိုင်းသွားပြီးနောက် သူသည် လက်ကို ဝှေ့ယမ်းလျက် လူငယ်ပါရမီရှင်တစ်စုကို ခေါ်ဆောင်ကာ ထိုအရပ်မျက်နှာသို့ ပျံသန်းထွက်ခွါလာခဲ့၏။