← Chapters

ဝမ်ဖုန်းထွက်ပေါ်လာပြီ။

Vol. 52 Ch. 726

ဝမ်ဖုန်းထွက်ပေါ်လာပြီ။

Vol. 52 Ch. 726

"ဘုန်း"

ယွဲ့ယင်းနှင့် ဟေးလင်တို့ ထုတ်ဖော်လိုက်သော တိုက်ကွက်များသည် ပြင်းထန်စွာပွတ်တိုက်မိခဲ့ကာ အလွန်တရာကျယ်လောင်သော ပေါက်ကွဲသံကြီးများသည် လေးမျက်နှာတစ်ခွင်သို့ လွင့်စင်သွားခဲ့သည်။ အစွမ်းထက်သောစွမ်းအင်လှိုင်းများကလည်း အရပ်လေးမျက်နှာသို့ ကွဲလွင့်သွားခဲ့ချေသည်။ မြေပြင်သည် ဧရာမနဂါးကြီး လူးလိမ့်လိုက်သကဲ့သို့ တုန်ယင်သွားခဲ့သည်။ အဆုံးအစမဲ့သော တွင်းပေါက်ကြီးများကလည်း မြေပြင်တစ်ခွင်၌ ထွက်ပေါ်လာခဲ့ကာ အချင်းဝက်မိုင်တစ်သောင်းပတ်လည်သည် လုံးဝကို ကွဲကြေပျက်စီးသွားခဲ့သည်။

ဝမ်ဖုန်းတို့အုပ်စု ပုန်းကွယ်နေသော တောင်ကမူကလေးသည်လည်း စွမ်းအင်ဖိအားကြောင့် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားခဲ့သည်။ သူတို့ဟာ အဖော်ထုတ်ခံခဲ့ရ၏။ သို့ပေသော်ငြားလည်း ယခုအချိန်တွင် ယွဲ့ယင်းနှင့် ဟေးလင်တို့၏စွမ်းအင်များနှင့် စိတ်ဝိဉာဉ်များက အချင်းချင်းတိုက်ခိုက်ရာ၌သာ အလေးထားနေခဲ့ကြသည်။ ထို့အတွက်ကြောင့် ဝမ်ဖုန်းတို့အုပ်စုကို အနည်းငယ်တောင်သတိမထားမိခဲ့ပါ။

"ဘုန်း"

မိုးချိန်းသံကဲ့သို့ ပေါက်ကွဲသံကြီးသည် မြည်ဟီးထွက်ပေါ်လာခဲ့၏။ နှစ်ဖက်သား တိုက်ပွဲကို ဗဟိုပြု၍ ပတ်ဝန်းကျင်တွင်ရှိသော အရာအားလုံးသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဖုန်မှုန်များနှင့် မြူခိုးထုများ၏အကြားတွင် ပုံရိပ်နှစ်ခုသည် လွင့်စင်ထွက်လာခဲ့ကာ မြေပြင်နှင့် ထိခတ်မိခဲ့ပြီး ဧရာမတွင်းပေါ်ကြီးနှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။!

"ဖစ်"

ယွဲ့ယင်း၏လှပသောမျက်နှာလေးသည် ဖြူလျော့သွားခဲ့ကာ မထိန်းချုပ်နိုင်ဘဲ သွေးတစ်လုတ်ကို အန်ခဲ့ရသည်။ သူမဝတ်ဆင်ထားသော ဝတ်ရုံသည်လည်း စုတ်ပြဲနေခဲ့ကာ နှင်းဖြူရောင်အရေပြားများကို ခပ်ဖျဖျ တွေ့မြင်ရသည်။ ဖြူစင်ဝင်းပသော အသားအရည်ပေါ်တွင် သွေးကွက်များက အလျှိုလျှို ရှိနေခဲ့ကာ သနားချင်စရာကောင်းနေခဲ့၏။

တစ်ဖက်တွင်ရှိနေသော ဟေးလင်ကလည်း အပြင်းအထန် ဒဏ်ရာရနေခဲ့ကာ ပို၍တောင်စုတ်ပြတ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လုံးဝကွဲကြေလုမတတ် ဖြစ်နေခဲ့သည်။ အဝတ်အပိုင်းစလေးတစ်ခုကသာ သူ၏အရေးကြီးသော နေရာကို ဖုံးကွယ်လျက် ကျန်ရစ်သည်။ ကျန်သည့်နေရာများအားလုံးသည် အဝတ်များ စုတ်ပျက်လျက် သွေးများတို့ဖြင့် ရောထွေးနေခဲ့ကာ သွေးလူသားတစ်ကောင်အဖြစ် ထင်မှတ်ရ၏။

"မင်းကဒီအရှင်ရဲ့ အနာဂတ်ကို ဖျက်ဆီးခဲ့သလို၊ မင်းရဲ့အနာဂတ်ကိုလည်းကိုယ်တိုင်ဖျက်ဆီးလိုက်တာပဲ။"

"ဒီအရှင် လုံးဝ နားမလည်နိုင်ဘူး။ မင်းဘာလို့ ငါ့ရဲ့ ကြင်ရာတော် မဖြစ်ချင်ရတာလဲ။"

"ဒီအရှင်က ထိပ်တန်းပါရမီရှင်တစ်ယောက် မဟုတ်ပေမဲ့ လက်ရှိအဆင့်ထိရောက်အောင် တစ်လှမ်းစီ တက်လှမ်းလာခဲ့ရတာကွ၊ မင်းနဲ့ငါသာ ပေါင်းစည်းလိုက်ရင် နတ်ဆိုးဘိုးဘေးရဲ့ရတနာ ပစ္စည်းကိုရယူနိုင်မှာပဲ။ အဲ့အချိန်ကျရင် ကမ္ဘာလောကကြီးက မင်းရောငါကိုပါ လေးစားရမှာ။ မင်းဘာလို့ ဆန္ဒမရှိရတာလဲကွာ။"

မဲမှောင်နေသော အကြည့်တစ်ခုသည် ဟေးလင်၏မျက်နှာပေါ်တွင် ဖြစ်တည်နေခဲ့ကာ ယွဲ့ယင်းကို စူးစူးရဲရဲ စိုက်ကြည့်လျက် ပဟေဠိဖြစ်နေသော အမူအရာဖြင့် မေးမြန်းခဲ့သည်။ ဤအချိန်တွင် ဟေးလင်ဟာ မလိုလား မနှစ်သက်မှုတို့ဖြင့် ပြည့်နေခဲ့၏။ သူဟာ ယွဲ့ယင်း၏သွေးမျိုးဆက်ကို ရယူရန် ခြေလှမ်းဝက်သာ ကွာဝေးတော့သော်လည်း အဆုံးသတ်မှာတော့ ကျရှုံးသွားခဲ့ရ၏။

"အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ရှင်နားမလည်ပါဘူး။ ကျွန်မက နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး ရှင်နဲ့အင်အား မပူးပေါင်းခဲ့ဘူးဆိုရင်တောင်မှ ကျွန်မရဲ့သွေးမျိုးဆက်နဲ့ဆိုရင် ရှင်မရှိဘဲနဲ့တောင် နတ်ဆိုးဘိုးဘေးရဲ့ရတနာကို ရယူနိုင်တယ်။"

"အခုအချိန်မှာတော့ ရှင့်ကို အောင်မြင်စေမှာထက်စာရင် ကျွန်မပဲ အသေခံလိုက်မယ်။"

ဟေးလင်၏ စကားကိုကြားတော့ ယွဲ့ယင်း၏မျက်ဝန်း၌ အလင်းတန်းတစ်ခု တောက်ပလာခဲ့ကာ ခက်ထန်သော အသံဖြင့် ပြောဆိုခဲ့သည်။ သူမ၏လေသံက အားနည်းဖျော့တော့ နေခဲ့သော်လည်း စကားလုံးများအတွင်း၌ အဆုံးအစမဲ့သော အားအင်တို့ ကိန်းဝပ်နေခဲ့၏။

"မင်း... "

ဟေးလင်ဟာ ဒေါသထွက်သွားခဲ့သည်။ သူက ယွဲ့ယင်းကို စိုက်ကြည့်လျက် တစ်စုံတစ်ရာပြောဆိုချင်ခဲ့သော်လည်း အဆုံးမှာတော့ ဘာမှမပြောနိုင်ခဲ့ပါ။ သူမ၏စကားများမှတစ်ဆင့် သူမ၏စိတ်ဓာတ်ခွန်အားကို သူ ခံစားနေရသည်။

လက်ရှိအချိန်တွင် သူဟာ အပြင်းအထန်ဒဏ်ရာရနေခဲ့သည်။ သူ၏သွေးကို လောင်ကျွမ်းစေခဲ့ပြီးနောက် ဒဏ်ရာများမှာပို၍ ဆိုးရွားလာခဲ့သေးသည်။ ယွဲ့ယင်းဟာလည်း အခြေအနေ ပိုကောင်းမနေသော်ငြားလည်း သူ့တွင် တိုက်ခိုက်ရန်ခွန်အားမရှိတော့ပါ။ ဤတိုက်ပွဲသည် နှစ်ဖက်စလုံးအတွက် အကြီးအကျယ် ဆုံးရှုံးရခြင်းဟု ပြောဆိုနိုင်သည်။

"ဘယ်သူလဲ"

ဟေးလင်က ဒေါသထွက်နေစဉ်တွင် ဝမ်ဖုန်းတို့၏ တည်ရှိမှုကို အာရုံခံမိခဲ့သည်။ သူ၏မျက်နှာဟာ အေးစက်သွားခဲ့ပြီး ဝမ်ဖုန်းတို့ ရှိနေသော အရပ်မျက်နှာဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု တောက်ပနေခဲ့ကာ သတ်ဖြတ်လိုစိတ်များကလည်း အရှိန်အဟုန်ဖြင့် မြှင့်တက်လာခဲ့သည်။

ယွဲ့ယင်းထံမှ သွေးမျိုးဆက်ကို ရယူခြင်းကို သူသည် တစ်လျှောက်လုံးလျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားခဲ့သည်။ ဟေးယောင် မကောင်းဆိုးဝါးမျိုးနွယ်စုမှ လူများကိုတောင် မပြောပြခဲ့ပါ။ ဒါမှသာ သတင်းပေါက်ကြားခြင်းကို ကာကွယ်နိုင်လိမ့်မည်၊၊ ဤအချက်အလက်သာ ပေါက်ကြားသွားခဲ့လျှင် ယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်စု၏ အမျက်ဒေါသဖြင့် ဆိုပါက သူ ကျိန်းသေပေါက် အပြစ်ပေးခံရလိမ့်မည်။ ယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်စုကသာ သူ့ကို လိုက်လံသတ်ဖြတ်လျှင် သူ၏ ဟေးယောင်မကောင်းဆိုးဝါးမျိုးနွယ် တစ်ခုလုံးကတောင် ကာကွယ် ပေးနိုင်မှာမဟုတ်ပါ။

ဤအချိန်တွင် သူ၏ တွက်ချက်မှုများက ကျရှုံးခဲ့ရုံသာမက သူဟာလည်း ဟေးယောင်မကောင်းဆိုးဝါးမျိုးနွယ်စု၏ အပြစ်သားတစ်ယောက်ဖြစ်လာလိမ့်မည်။

သူသည် အရာအားလုံးကို တတ်နိုင်သမျှ အကောင်းဆုံး တွက်ချက်ခဲ့သော်လည်း နောက်ဆုံးမှာ ကျရှုံးရလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဒါ့အပြင် သူတို့ကို အမှောင်ထုအတွင်းမှ စောင့်ကြည့်နေသော တစ်စုံတစ်ယောက်တောင် ရှိနေသေးသည်။

ဟေးလင်၏ မူမမှန်သည့်ပုံစံကို ယွဲ့ယင်းကလည်း သတိထားမိသွားခဲ့သည်။ သူမက ဟေးလင်၏အကြည့်အတိုင်းလိုက်ပါကြည့်ရှုခဲ့သည့်အခါ ဝမ်ဖုန်းတို့အုပ်စုကို တွေ့မြင်ခဲ့ရသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အပြင်းအထန် ခါယမ်းသွားခဲ့သည်။ လူတစ်စုက သူမနဲ့ဟေးလင်ကို စောင့်ကြည့်နေခဲ့တာလား။

သူမ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းလိုက်ပြီးနောက် ခွန်အားနှင့် စိတ်အာရုံခံစားမှုများသည် ကြောက်မက်စရာကောင်းလောက်အောင် တိုးမြှင့်သွားခဲ့သည်။ ဆင့်ကဲပြောင်းလဲခြင်း ဧကရာဇ်အထွတ်အထိပ်တွင်ရှိနေသော စွမ်းအားရှင်များကတောင် သူမ၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်မှာမဟုတ်ပါ။ သို့သော်လည်း သူမသည် ဝမ်ဖုန်းတို့အုပ်စုကို လုံးဝအာရုံခံမရခဲ့။

နေစမ်းပါဦး။ ဒါကဘယ်လိုတောင် အစွမ်းထက်တဲ့ ဖုံးကွယ်ရေးနည်းစနစ်လဲ။

ရှာဖွေတွေ့ရှိခံရပြီးနောက် ဝမ်ဖုန်းတို့သည် ဆက်လက်၍ ပုန်းအောင်းမနေတော့ဘဲ လမ်းလျှောက်ထွက်လာခဲ့သည်။ ဝမ်ဖုန်းတို့ မျက်လုံးများသည် ယွဲ့ယင်းနဲ့ဟေးလင်တို့ကို ထူးမခြားနားစွာစောင့်ကြည့်နေခဲ့သည်။ သူ၏ နက်ရှိုင်းတောက်ပသောမျက်ဝန်းများသည် မြင်မိသူများကို ညို့ယူ ဖမ်းစားနိုင်စွမ်းရှိ၏။

"မင်းဘယ်သူလဲ။ ဒီလိုအရာမျိုးဘာလို့လုပ်ရဲတာလဲ။"

ဟေးလင်သည် နှလုံးသားအတွင်းရှိ ဒေါသများကို ထိန်းချုပ်လျက် ဝမ်ဖုန်းကိုနက်ရှိုင်းသောအသံဖြင့် အော်ဟစ်မေးမြန်းခဲ့သည်။ ဝမ်ဖုန်းတို့၏ခွန်အားမှာ အားမနည်းကြောင်းကို သူခံစားခဲ့ရသည်။

သူသာ အပြင်းအထန်ဒဏ်ရာ မရနေပါက ဝမ်ဖုန်းတို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိလောက်သေးသည်။ သို့သော်လည်း လက်ရှိတွင်ဒဏ်ရာအပြင်းအထန် ရနေခဲ့တာကြောင့် ဝမ်ဖုန်းတို့၏ ခွန်အားကိုတောင် မမှန်းဆနိုင်တော့ပါ။ ဒါကြောင့် ဟေးလင်သည် မပျော်မရွင် ဖြစ်နေခဲ့သည်။

ဟေးလင်၏ စကားဆုံးသွားပြီးနောက် ယွဲ့ယင်းဟာ ဝမ်ဖုန်းတို့ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် လှမ်း၍ ကြည့်ရှုခဲ့သည်။

"မင်းက ဒီအရှင်ရဲ့နာမည်ကို သိဖို့မထိုက်တန်ဘူး။"

ဟေးလင်၏စကားကိုကြားတော့ ဝမ်ဖုန်း၏ မျက်နှာပေါ်တွင် ထောင်လွှားသော အကြည့်တစ်ခုထွက်ပေါ်လာခဲ့ကာ အော်ဟစ်ပြောဆိုခဲ့သည်။

သူ၏ခွန်အားဖြင့်ဆိုပါက အထွတ်အထိပ်တွင်ရှိနေသော ဟေးလင်ကိုတောင် လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားနိုင်သည်။ ယခုဒဏ်ရာအပြင်းအထန်ရနေသော ဟေးလင်ကိုဆိုပါက ပြောစရာတောင် မရှိတော့ပါ။ တစ်လျှောက်လုံး သူပုန်းကွယ်၍နေခဲ့ရခြင်းမှာ နတ်ဆိုးဘိုးဘေး၏ရတနာပစ္စည်းအကြောင်း သိရှိရဖို့ဖြစ်သည်။

ဝမ်ဖုန်း၏ ထောင်လွှားမောက်မာသော စကားလုံးများသည် အဝေးတစ်နေရာတွင်ရှိနေသော ယွဲ့ယင်းကို တုန်လှုပ်သွားစေခဲ့သည်။ ဟေးလင်သည် အရှက်မဲ့၍ ယုတ်မာကောက်ကျစ်သော်လည်း သူ၏ကျင့်ကြံမှုနှင့် ခွန်အားမှာ အဆင့်တူများအကြားတွင် ထိပ်တန်းဖြစ်၏။ မကောင်းဆိုးဝါးမျိုးနွယ်စုများ၏ အဆင့်တူ ပါရမီရှင်များကတောင် ဟေးလင်နှင့် မယှဉ်နိုင်ကြပါ။ ဒီလိုမှမဟုတ်လျှင် သူမက အဘယ်ကြောင့် သွေးအဆီအနှစ်ကို လောင်ကျွမ်းစေရန် လိုအပ်ပါမည်နည်း။

လက်ရှိအခြေအနေတွင် ဟေးလင်ဟာ ဒဏ်ရာအပြင်းအထန်ရနေခဲ့သော်လည်း လူအများစုဟာ သူ့ကို ကြောက်လန့်နေရမည်သာ။

"မင်းသေချင်နေတာလား!?"

သေချာပါပြီ။ ဝမ်ဖုန်း၏ ထောင်လွှားမောက်မာသော စကားကို ကြားခဲ့ရသည့်အခါ ဟေးလင်သည် ဒေါသထွက်သွားခဲ့သည်။ သူသည် ဒေါသကြောင့် မီးတောင်ကြီးကဲ့သို့ စွမ်းအင်လှိုင်းလုံးများကို အရပ်လေးမျက်နှာသို့ ပျံ့လွှင့်သွား‌ေစခဲ့သည်။ သူသည် ဒဏ်ရာအပြင်းအထန် ရနေခဲ့သော်လည်း ကြီးမားသောအမျက်ဒေါသ၏အောက်တွင် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့် စွမ်းအားရှင်များကိုတောင် တုန်ယင်စေသည့်စွမ်းအားကို ထုတ်လွှတ်နိုင်ဆဲဖြစ်၏။

"ဘုန်း"

ဟေးလင်သည် နာကျင်မှုများကို သည်းခံလျက် ကိုယ်တွင်းရှိ စွမ်းအင်များကို အဆုံးစွန်ထိတိုင် လှည့်ပတ်လိုက်သည်။ အနက်ရောင်သင်္ကေတများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ကာ သူ၏ထိန်းချုပ်မှုအောက်တွင် အနက်ရောင် နဂါးကြီးတစ်ကောင်အဖြစ်ညပေါင်းစုသွားခဲ့သည်။ နဂါးကြီး၏ ထွက်ပေါ်လာမှုကြောင့် လေဟာပြင်သည် ခါယမ်းသွားခဲ့သည်။ အရာအားလုံးသည် ပျက်စီးကြေမွ သွားခဲ့သည်။

ဤအချိန်တွင် ဟေးလင်ဟာအကျိုးအကြောင်း စဉ်းစားနိုင်စွမ်းမရှိတော့ပါ။ သူ ၊ဟေးလင်သည် ဒဏ်ရာအပြင်းအထန် ရနေခဲ့သော်လည်း အလွယ်တကူ အနိုင်ကျင့်လို့ရမည့် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ကြောင်းကို ဝမ်ဖုန်းအားရှင်းရှင်းလင်းလင်း သိစေလိုသည်။

All Chapters