← Chapters

သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း

Vol. 52 Ch. 728

သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း

Vol. 52 Ch. 728

" ဘုန်း.. ! "

ပြင်းစွာသော အားသည် မြေပြင်ကို ရိုက်ခတ်ခဲ့ကာ မရေမတွက်နိုင်သော ဖုန်မှုန့်များနဲ့ မြူခိုးထုများကို ဖြစ်ပေါ်စေခဲ့သည်။ လေဆင်နှာမောင်းတစ်ခုသည် ဖြတ်သန်းတိုက်ခတ်လျက် မြင်ကွင်းမှာ ခြောက်ခြားဖွယ်ကောင်းနေခဲ့၏။

ထိတ်လန့်စရာ ဖိအား၏ အောက်တွင် ဟေးလင်၏ ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားခဲ့ကာ အလင်းတန်းများအဖြစ် ပြောင်းလဲ၍ ကမ္ဘာမြေပြင်မှ ပျောက်ကွယ်သွားခဲ့သည်။ သူဟာ အရိုးတောင် မကြွင်းကျန်ရစ်ခဲ့ပါ။

ဟေးလင်သည် ဤကဲ့သို့ အဆုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

မနီးမဝေးတွင်ရှိနေသော ယွဲ့ယင်းသည် ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကာ သူမ၏ စိတ်ဝိညာဥ်ကိုယ်ထည်က တုန်ယင်နေခဲ့သည်။ သူမဟာ တတ်စွမ်းသမျှ အကောင်းဆုံးကြိုးစား၍ သွေးအဆီအနှစ်ကိုတောင် လောင်ကျွမ်းခဲ့သော်လည်း ဟေးလင်ကိုတော့ မသတ်ဖြတ်နိုင်ခဲ့ပါ။

ယွဲ့ယင်းသည် နေတစ်စင်းအလား ကျက်သရေရှိနေသည့် ဝမ်ဖုန်းကို စူးစိုက်ကြည့်ခဲ့သည်။ သူမ၏ အမြင်တွင် ထိုသူက နတ်ဘုရားတစ်ပါးနဲ့ တူညီနေ၏။ ထိုသူ၏မျက်နှာသည် ဖြူစင်သန့်ရှင်းကာ ကိုယ်နေဟန်ထားက မြင့်မြတ်ခမ်းနားနေခဲ့သည်။

ဤလောကကြီးအတွင်း၌ ဆင့်ကဲပြောင်းလဲခြင်းအဆင့်စွမ်းအားရှင်များသည် ထိပ်တန်းစွမ်းအားရှင်များ မဟုတ်ကြသော်ငြားလည်း လောကကို ကပြောင်းကပြန် ဖြစ်စေရန် လုံလောက်သည်။ သို့သော်လည်း ထိုကဲ့သို့ စွမ်းအားရှင်တစ်ယောက်သည် ဝမ်ဖုန်း၏ လက်ခုပ်အတွင်း၌ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သေဆုံးသွားခဲ့သည်။ ထိုကဲ့သို့ ထိတ်လန့်စရာခွန်အားကို သူမ၏ ယွဲ့ယောင် မကောင်းဆိုးဝါးမျိုးနွယ်စုကတောင် ထိတ်လန့်ရမှာ ဖြစ်သည်။ မျိုးနွယ်စုတွင် အကြီးအကဲများနဲ့ ဘိုးဘေးများကလွဲ၍ ဘယ်သူမှ ထိုသို့ မပြုလုပ်နိုင်ကြပါ !

ဟေးလင်ကို သတ်ဖြတ်လိုက်ပြီးနောက် ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ထူးမခြားနားစွာ မတ်တပ်ရပ်နေခဲ့သည်။ ထိုသူ့ကို သတ်ဖြတ်လိုက်ခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်ခဲ့သည့်အလားပင်။

သူသည် ယွဲ့ယင်းကို တည်ငြိမ်သောအမူအရာဖြင့် လှမ်း၍ ကြည့်ရှူ့ခဲ့သည်။ သူ၏အကြည့်တွင် ခံစားချက်အနည်းငယ်တောင် ပါဝင်မနေခဲ့ပါ။ ၎င်းအကြည့်စူးစူးက ယွဲ့ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းကွပ်မရ တုန်ယင်သွားစေခဲ့သည်။ မျိုးနွယ်စု၏အကြီးအကဲများနဲ့ တွေ့ဆုံရသည့်အခိုက်မှာတောင် ယွဲ့ယင်းက ဤမျှလောက် မကြောက်လန့်ခဲ့ဖူးပါ။

" ယွဲ့ယောင် မကောင်းဆိုးဝါးမျိုးနွယ်စုက ယွဲ့ယင်းက စီနီယာကို တွေ့ဆုံပါတယ် "

ယွဲ့ယင်းသည် နှလုံးသားအတွင်းရှိအကြောက်တရားတို့ကို ဖိနှိပ်လျက် ဝမ်ဖုန်းကို ဂါရဝပြုလျက် ပြောဆိုလိုက်သည်။

" အသက်ရှင်ချင်သေးရင် ဒီအရှင်ကို တန်ဖိုး ကောင်းကောင်းပြစမ်း ! "

ယွဲ့ယင်းလို အလှလေးနဲ့ ရင်ဆိုင်နေရသော်လည်း ဝမ်ဖုန်းက အနည်းငယ်တောင် မျက်နှာသာ မပေးခဲ့ပါ။ သူက ယွဲ့ယင်းကို သေလူတစ်ယောက်အလား စိုက်ကြည့်ခဲ့ပြီး နက်ရှိုင်းသော အသံဖြင့် ပြောဆိုခဲ့သည်။

အေးစက်သော စကားများက ယွဲ့ယင်း၏ခန္ဓာကိုယ်ကို ပို၍တောင် တုန်ယင်သွားစေခဲ့သည်။ သူမက ဦးခေါင်းကိုနှိမ့်ချလျက် ဝမ်ဖုန်းကို တိုက်ရိုက် မကြည့်ရှူရဲတော့ပါ။ သူမသည် တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းမျိုးစုံကို စဥ်းစားခဲ့သော်လည်း အဆုံးသတ်တွင်တော့ ခါးသီးသော အပြုံးတစ်ခုကိုသာ ပြုံးလိုက်မိသည်။

သူမဟာ ဝမ်ဖုန်းကို တားဆီးနိုင်စွမ်းမရှိချေ။

ထိုသို့သော လူတစ်ယောက်က သူမကို သတ်လိုပါက ယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်စုကတောင် တားဆီးပေးနိုင်မှာ မဟုတ်ချေ။

သူမဟာ ဟေးလင်လို လူတစ်ယောက်ကိုတောင် မရင်ဆိုင်နိုင်သည်ဖြစ်ရာ ဝမ်ဖုန်းလို ထိတ်လန့်စရာ တည်ရှိမှုကြီးဆိုပါက ပြောစရာမလိုတော့ပါ။ ဝမ်ဖုန်းလိုလူပုဂ္ဂိုလ်နဲ့ ရင်ဆိုင်ရသည့်အခါ သူမ ၊မသေဆုံးချင်ရင်တောင်မှ ခုခံနိုင်စွမ်းရှိမှာ မဟုတ်ပါ။

စနစ်တကျ တွေးတောလိုက်ပြီးနောက် ယွဲ့ယင်းသည် ဝမ်ဖုန်းကို အံတုရင်ဆိုင်နိုင်စွမ်း မရှိကြောင်း တွက်ချက်လိုက်မိသည်။ လက်ရှိ သူမ ပြုလုပ်နိုင်သည့်အရာက နတ်ဆိုးဘိုးဘေး၏ ရတနာအကြောင်းကို ပြောပြ၍ အသက်အတွက် တောင်းခံခြင်းသာ။

" စီနီယာကို နတ်ဆိုးဘိုးဘေးရဲ့ဘုရားကျောင်းကို ဝင်ရောက်နိုင်အောင် ကျွန်မ ကူညီပေးပါ့မယ်။ ပြီးတော့ နတ်ဆိုးဘိုးဘေးရဲ့ရတနာပစ္စည်းကို ရရှိဖို့ကိုရောပေါ့ "

ဤသို့ တွေးတောလိုက်ပြီးနောက် ယွဲ့ယင်းသည် တုန့်ဆိုင်းနေခြင်း မရှိခဲ့ချေ။သူမ၏ လှပသော မျက်ဝန်းများက ဝမ်ဖုန်းကို စိုက်ကြည့်လျက် စိတ်လိုလက်ရစွာ ပြောဆိုခဲ့သည်။ စောနက ဟေးလင်နဲ့တိုက်ပွဲတွင် သူမက ရေကုန်ရေခန်း တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်မှာတော့ သူမ၌ အသက်ရှင်ချင်စိတ် ရှိနေဆဲသာ။

ဟေးလင်က အစွမ်းထက်သော်လည်း သူမသာ ကြိုးစားတိုက်ခိုက်လျှင် ရှင်သန်နိုင်မည့်အခွင့်အရေး အနည်းငယ် ရှိသေးသည်။ သို့သော်လည်း ဝမ်ဖုန်းလို လူမျိုးနဲ့ရင်ဆိုင်ရသည့်အခါ သူမ အဘယ်မျှလောက် ကြိုးစားပါစေ နောက်ဆုံးရလဒ်မှာ သေခြင်းသာ ဖြစ်ပါလိမ့်မည်။

လက်ရှိတွင် သူမက ဒဏ်ရာအပြင်းအထန်ရနေသည့်အပြင် အခြေခံအုပ်မြစ်ကလည်း ထိခိုက်မိထားသည်။သွေးအဆီအနှစ်ကိုလည်း လောင်ကျွမ်းစေခဲ့ပြီး ဖြစ်၏။ သူမ ယွဲ့ရွှမ်မကောင်းဆိုးဝါးမျိုးနွယ်စုကို ပြန်ရောက်သွားရင်တောင် သူမရဲ့ အဆင့်အတန်းက လျော့ကျသွားမှာဖြစ်၏။သူမဟာ မသေချင်သေးပါ။

ဤလောကအတွင်းရှိ လူတိုင်းသည် ရှင်သန်ဖို့ကို လိုလားပြီး ဘယ်သူကမှ သေဆုံးခြင်းကို မနှစ်မြို့ကြပါ။

" အို....နတ်ဆိုးဘိုးဘေးရဲ့ ရတနာက ဘာများလဲ "

ယွဲ့ယင်း၏ စကားကိုကြားတော့ ဝမ်ဖုန်း၏မျက်ဝန်းသည် ဝင်းလက်တောက်ပသွားခဲ့ကာ ကျယ်လောင်စွာ မေးမြန်းခဲ့သည်။ အမှန်တကယ်မှာတော့ ထိုရတနာအကြောင်းကို သိရှိရန် သူက ယွဲ့ယင်းကို အသက်ရှင်လျက် ခြွင်းချန်ထားခဲ့ခြင်း ဖြစ်၏။ ဤသို့ မဟုတ်ပါက အစောကတည်းက သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။

လက်ရှိ ဝမ်ဖုန်းအတွက်တောင် နတ်ဆိုးဘိုးဘေး၏ ရတနာပစ္စည်းက စိတ်လှုပ်ရှားသွားစေရန် လုံလောက်သည်။ ထိုသို့သော အတုမဲ့ပုဂ္ဂိုလ်ကြီး ခြွင်းချန်ရစ်သော ရတနာပစ္စည်းများသည် နတ်ဘုရားများ၏ ပစ္စည်းများနဲ့ အဆင့်အတန်းတူသည်။ သူသာ ထိုအရာကို ရရှိနိုင်လျှင် ရှန်ရှန်ကျုံဂိုဏ်းကလည်း ပိုမို၍ အစွမ်းထက်လာလိမ့်မည်။

" ကျွန်မ.... မသိပါဘူး "

" ကောလဟာလတွေအရတော့ အဲ့ဒါက ပန်းချီကားတစ်ချပ်ပါ။ ပန်းချီကားထဲမှာ နတ်ဆိုးဘိုးဘေးရဲ့ အမွေအနှစ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒါ အမှန်တကယ် ဟုတ်လား မဟုတ်လားကိုတော့ ကျွန်မလည်း မသိပါဘူး။ လက်ရှိ မကောင်းဆိုးဝါးမျိုးနွယ်စုထဲမှာ ဘယ်သူကမှ နတ်ဆိုးဘိုးဘေးရဲ့ ရတနာပစ္စည်းကို မမြင်တွေ့နိုင်ကြသေးပါဘူး။ "

ယွဲ့ယင်းသည် ခေါင်းကိုခါယမ်းလျက် တီးတိုးပြောဆိုခဲ့သည်။

နတ်ဆိုးဘိုးဘေး၏ဘုရားကျောင်းသည် ဝင်ချင်တိုင်းဝင်လို့ရသည့်နေရာ မဟုတ်ပါ။ အသန့်စင်ဆုံး သွေးမျိုးဆက်နဲ့ နတ်ဆိုးများကသာ ထိုဘုရားကျောင်းအတွင်းသို့ ဝင်ရောက်နိုင်ကြသည်။

ဤလောကအတွင်းရှိ နတ်ဆိုးမျိုးနွယ်စုကြီးများတွင် နတ်ဆိုးဘိုးဘေး၏ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ဖူးကြသူများဟာ မျိုးနွယ်စုများ၏ အကြီးအကဲများသာ ရှိကြသည်။

" ဒီအရှင်ကို နတ်ဆိုးဘိုးဘေးရဲ့ဘုရားကျောင်းဆီ ဝင်ရောက်နိုင်အောင် ကူညီပေးမယ်ဆိုတာ သေချာလား... "

" မင်းဘာသာတောင် ဝင်ဖို့မလွယ်တာ။ ဒီအရှင်ကို ကူညီပေးဦးမယ်တဲ့လား။ "

ယွဲ့ယင်း၏ စကားကိုကြားတော့ ဝမ်ဖုန်း၏ မျက်ဝန်းမှာ မှေးကျဥ်းသွားခဲ့ပြီး အထင်အမြင်သေးစွာ ပြောဆိုခဲ့သည်။

နတ်ဆိုးဘိုးဘေး၏ ဘုရားကျောင်း တည်ရှိခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ ဒါပေမဲ့ ဘယ်နတ်ဆိုးကမှ သူ့ရဲ့ ရတနာပစ္စည်းကို မရရှိနိုင်ခဲ့ဘူး။ ဒီအကြောင်းကို တွက်ချက်ကြည့်ရရင် ရတနာပစ္စည်းကို ရရှိဖို့က တကယ့်ကို ခက်ခဲလိမ့်မယ်။

ဝမ်ဖုန်း၏ စကားလုံးများက ယွဲ့ယင်း၏ အသားအရောင်ကို ပြောင်းလဲသွားစေခဲ့သည်။ လက်ရှိတွင် သူမ၏ သွေးမျိုးဆက်က သန့်စင်မှု လျော့ကျသွားပြီ ဖြစ်သည်။ သူမကိုယ်၌ကတောင် နတ်ဆိုးဘိုးဘေး၏ ဘုရားကျောင်းအတွင်း ဝင်ရောက်နိုင်ပါ့မလားဆိုတာ မသေချာတော့ပါ။ သူမက ဝမ်ဖုန်းတို့လို အပြင်လူတွေကို ခေါ်ယူချင်သေးနေပါလား။

တစ်စုံတစ်ယောက်က အပြင်လူများကို ဘိုးဘေး၏ဘုရားကျောင်းအတွင်း ဝင်ရောက်ရန် ကူညီပေးလိုပါက ထိုသူ၏ သွေးမျိုးဆက်သည် သန့်စင်မှုအရာ၌ ကြီးမြတ်ရမည်။ ထိုမှသာ အခွင့်အရေးရရှိမှာ ဖြစ်၏။

အချိန်အတော်ကလေးကြာအောင် ယွဲ့ယင်းဟာ ကြောင်အသွားခဲ့သည်။ သူမက ဝမ်ဖုန်း၏မေးခွန်းကို ဘယ်လို ဖြေရမလဲ မသိတော့ပါ။

ယွဲ့ယင်း၏ အမူအရာကို မြင်တော့ ဝမ်ဖုန်းမျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက တစ်စုံတစ်ရာပြောဆိုရန် ပါးစပ်ဟခဲ့သော်လည်း တစ်ခုခုကို အာရုံခံမိလိုက်သည်။ သူ၏မျက်ဝန်းများမှာ ရုတ်တရက် တည်ကြည်လေးနက်သွားလျက် အရပ်မျက်နှာတစ်ခုကို စူးစိုက်ကြည့်ရှူခဲ့သည်။

မူလက ထိတ်လန့်နေသော ယွဲ့ယင်းဟာလည်း ဝမ်ဖုန်း၏ မူမမှန်မှုကို တွေ့ရှိသွားပြီးနောက် ဝမ်ဖုန်းကြည့်ရာ အရပ်ဖက်သို့ လှမ်း၍ ကြည့်ရှူခဲ့သည်။ ဝမ်ဖုန်းဘေးတွ င်ရှိနေသော ရွှမ်းယွမ်နှင့် ကွေ့ဝူတို့ကလည်း ထပ်တူညီသော အပြုအမူကို ပြုလုပ်ခဲ့သည်။

" ဝှမ် ...! "

ဝမ်ဖုန်းတို့၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် လေဟာပြင်ကို ထိုးခွဲလိုက်သည့် အသံများ ဖြစ်ပေါ်လာခဲ့သည်။ ယင်းနောက် လူပေါင်းများစွာသည် ဝမ်ဖုန်းတို့၏ မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုသူတစ်ဦးချင်းဆီတိုင်းတွင် လောကကို တုန်ယင်စေနိုင်သော ခမ်းနားသည့် စွမ်းအင်တို့ ပိုင်ဆိုင်ထားသည်။

ထိုလူပုဂ္ဂိုလ်များဟာ ယွဲ့ယင်းနှင့် ဟေးလင်တို့၏ တိုက်ပွဲကို အာရုံခံမိကြသည့် ဝမ်ဝူဖုန်းတို့အုပ်စုပင် ဖြစ်ကြသည်။ ထိပ်တန်းပါရမီရှင် ဖြစ်တာကြောင့် ဝမ်ဝူဖုန်းဟာ မာနထောင်လွှားမောက်မာသည်။ သူ၏စွမ်းရည်သည် ဧကရာဇ်ဘုံလောကတွင်းရှိ လူငယ်ပါရမီရှင်များအကြား၌ ထိပ်တန်းဖြစ်၏။

သူ ရောက်လာသောအခါ ယွဲ့ယင်း၏ သနားစရာကောင်းသော ပုံစံကလေးကို တွေ့မြင်ခဲ့ရသည်။ ယွဲ့ယင်း၏ လှပသောသွင်ပြင်၊ ဝတ်ရုံအတွင်း၌ ပုန်းကွယ်နေသည့် နှင်းဖြူရောင်အရေပြားများကို တွေ့မြင်ခဲ့ရသည့်အခါ ဝမ်ဝူဖုန်း၏မျက်ဝန်းများသည် တောက်ပ ဝင်းလက်သွားခဲ့သည်။

အကြင် မြင်ကွင်းသည် အဘယ်မျှလောက် ကြည့်ရှူ့ပါစေ ဆန်းကြယ်အံ့သြဖွယ်ကောင်းနေဆဲသာ။ ဝမ်ဖုန်းက အလှလေးကို အနိုင်ကျင့်နေတာလား?

ဝမ်ဝူဖုန်း၏ နှလုံးသားသည် အချောအလှလေးကို ကယ်တင်ရန် စိတ်လှုပ်ရှားလာခဲ့၏ !

All Chapters