ဝမ်ကျန်းဝူဖုန်း။
Vol. 52 Ch. 729
ဤကဲ့သို့ အခွင့်ကောင်းမျိုး သူ ဘယ်လိုလုပ် လွဲချော်ခံနိုင်ပါ့မလဲ။
ယွဲ့ယင်း၏ သနားစရာကောင်းသော အသွင်ပြင်က ဝမ်ဝူဖုန်း၏ နှလုံးသားကို နာကျင်သွားစေခဲ့သည်။ ဘယ် လူငယ်မဆို ဤကဲ့သို့ အဖြစ်အပျက်နှင့် တွေ့ကြုံရပါက ရပ်ကြည့် မနေနိုင်မှာကို စိုးရိမ်မိသည်။
ဒါ့အပြင် ဤအချိန်တွင် ဝမ်ဖုန်း၏ အရှိန်အဝါကလည်း လုံးဝကို ကွယ်လျှိုးနေသေးသည်။ သူဟာ ဝမ်ဖုန်း၏ စွမ်းအားကို အာရုံခံ၍ မရခဲ့ပါ။ ဒါကြောင့်ယုံကြည်မှု အပြည့်လည်း ရှိနေပြန်သည်။
"တောက်ပတဲ့ နေအလင်းရောင်အောက်မှာ အမှန်တရားရဲ့ ရောင်စဥ်တွေက လင်းဖြာနေတယ်။ ပါရမီရှင်တစ်ယောက် အနေနဲ့ အားနွဲ့တဲ့ မိန်းမသားတစ်ယောက်ကို အနိုင်ကျင့်နေပါလား။ တကယ့်ကို ရယ်စရာကောင်းတဲ့ ပါရမီရှင်ပါလားကွာ"!
ဝမ်ဝူဖုန်း၏ မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခု တောက်ပလာခဲ့ကာ နက်နဲသော အသံဖြင့် အော်ဟစ်ပြောဆိုခဲ့သည်။ သူ၏အသံက မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာပေါင်းစုံ၌ ပဲ့တင်သွားခဲ့သည်။
"ဘုန်း"
ထိုအသံ ထွက်ပေါ်လာသည့်အခါ ဝမ်ဝူဖုန်း၏ ခန္ဓာကိုယ်မှ ကြောက်လန့်စရာ အရှိန်အဝါကြီးလည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သွေးနီရောင် ဧကရာဇ်အထွတ်အထိပ် စွမ်းအင်များသည် အရပ်လေးမျက်နှာသို့ လွင့်စင်သွားခဲ့သည်။ ဝမ်ဝူဖုန်း၏ ကျင့်ကြံမှုဟာ သွေးနီရောင်ဧကရာဇ်အထွတ်အထိပ်၌သာ ရှိသော်လည်း သူ၏စွမ်းအားသည် နက္ခတ် ဧကရာဇ်အထွတ်အထိပ်များနှင့် ရင်ဆိုင်ရန် လုံလောက်ခဲ့သည်။
ဤစွမ်းအားအောက်တွင် ကမ္ဘာလောကတစ်ခုလုံးက အပြင်းအထန် ခါယမ်းလာခဲ့ကာ လေထုဟာ ပုံပျက် ယိုယွင်းလာခဲ့သည်။ ဝမ်ဝူဖုန်းကို ဗဟိုပြု၍ အရပ်လေးမျက်နှာ၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးဟာ သူ၏စွမ်းအင်တို့ကို အံ့မတုနိုင်ခဲ့ပုံ ပေါ်သည်။
ဤအချိန်တွင် လူငယ်ပါရမီရှင်များကလည်း ဝမ်ဝူဖုန်း၏ နောက်မှနေ၍ စွမ်းအင်တို့ကို ဖော်ထုတ်ခဲ့ကြသည်။ မုန်တိုင်းတစ်ခုနှင့်တူသော အရှိန်အဝါများသည် ကွင်းပြင်၌ အဆက်မပြတ် ထွက်ပေါ်လျက်ရှိကာ လောကကို ခါယမ်းယိမ်းထိုးသွားစေခဲ့သည်။
သို့သော်လည်း သူ့၏စွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ ယွဲ့ယင်းမျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများမှာ လျော့ကျမသွားဘဲ ပို၍ပြင်းထန်လာကြောင်းကိုတော့ ဝမ်ဝူဖုန်းဟာ သတိမထားမိခဲ့ပါ။ ထိုလှပသော မျက်ဝန်းများအတွင်း၌ လှောင်ရိပ်များရှိနေခဲ့၏။
ယွဲ့ယင်းက ဝမ်ဝူဖုန်း၏အတွေးများကို အဘယ်မှာ မသိဘဲ နေနိုင်အံ့နည်း။ သွေးနီရောင် ဧကရာဇ်အထွတ်အထိပ်မျှဖြင့် သူဟာ ဝမ်ဖုန်းလို လူရှေ့၌ မောက်မာရဲလိမ့်မည်ဟု ထင် မထားခဲ့ခြင်းသာ။
ဝမ်ဝူဖုန်းက သူမကိုတောင် နိုင်အောင် ယှဉ်မတိုက်နိုင်သည်ဖြစ်ရာ ဝမ်ဖုန်းကို ဆိုပါက အဘယ်မှာ ပြောဖို့ရှိအံ့နည်း။
အချို့သော အကြောင်းအရင်းများကြောင့် ဝမ်ဖုန်းက သူမကို ထူးမခြားနားစွာ ဆက်ဆံပြီး သူမ၏ အသက်ကိုလက်ခုပ်အတွင်း ထည့်ထားခဲ့သော်လည်း ယွဲ့ယင်းသည် လူစွမ်းကောင်းလာလုပ်သော ဝမ်ဝူဖုန်းထက်စာလျှင် ဝမ်ဖုန်းဘက်သို့ပို၍ အလေးသာနေသည်။!
အနည်းဆုံးတော့ ဝမ်ဖုန်းသည် ခက်ထန်ကြမ်းတမ်းသော အသွင်ပြင်ရှိပြီး သူ၏အတွေးအခေါ်များကို သူမအား ထုတ်ဖော်မပြသခဲ့ပါ။ တစ်ဖက်မှာတော့ ဝမ်ဝူဖုန်းဟာ သူမကို ကယ်တင်လိုနေသော်လည်း ညစ်ညမ်းသောအတွေးအခေါ်တို့ဟာ မျက်နှာထက်၌ ပုံရိပ်ပေါ်နေခဲ့သည်။
ဝမ်ဝူဖုန်း၏ စိတ်သဘောကို တွေ့မြင်ရသည့်အခါ ဝမ်ဖုန်းမျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ဝမ်ဝူဖုန်းကိုတောင် လှည့်မကြည့်ခဲ့ပါ။ ယခင်ကဆိုပါက ဝမ်ဝူဖုန်းလို ထိပ်တန်းပါရမီရှင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူဟာ သတိထားနေရဦးမှာ ဖြစ်သည်။ ယခုအချိန်မှာတော့ ဝမ်ဖုန်းသည် ထိုသူ့ကို လက်တဖက်ဖြင့်ပင် ဖိနှိပ်နိုင်စွမ်းရှိ၏။
"သေချင်နေတာပဲ!"
ယွဲ့ယင်း၏ အားကိုးအားထား အကြည့်များကို မျှော်လင့်စောင့်စားနေသော ဝမ်ဝူဖုန်းသည် ဝမ်ဖုန်း၏ပုံစံကို တွေ့မြင်ခဲ့ရသည့်အခါ အမူအရာ မဲမှောင်လာခဲ့ငည်။ သူ၏ ပြင်းထန်သော စွမ်းအင်ရှေ့မှာတောင် ဝမ်ဖုန်းက ထူးမခြားနားစွာ နေနိုင်လိမ့်ဦးမည်ဟု သူ ထင်မထားခဲ့။ ဝမ်ဝူဖုန်း၏ နှလုံးသားသည် အမျက်ဒေါသထွက်နေခဲ့သည်။ သူ၏မာနတရားဟာ ချိုးနှိမ်ခံခဲ့ရသည်။ အထူးသဖြင့် အလှအပကလေး၏ရှေ့၌ မျက်နှာပျက်ခဲ့ရသည်ဖြစ်ရာ ဝမ်ဝူဖုန်းသည် အလွန်ကိုအရှက်ရနေမိ၏။
မီးတောင်ပေါက်ကွဲသကဲ့သို့ အမျက်ဒေါသများသည် ခန္ဓာကိုယ်မှ ပျံ့လွင့်ထွက်ပေါ်လာပြီးလျှင် လောကတစ်ခွင်၌ ပြင်းထန်သော အရှိန်အဝါတို့ အုပ်စိုးနေခဲ့သည်။ အပူချိန်သည် မီးပြင်းဖိုကြီးကဲ့သို့ မြှင့်တက်လာခဲ့သည်။
"ဓားပေါင်းတစ်သောင်း လွတ်လမ်းမရှိ!"
မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံကြီးသည် ဝမ်ဝူဖုန်း၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ကာ အစွမ်းထက်သော ဓားများသည် သူ့ထံမှ လွှင့်ပျံ့လာခဲ့သည်။ ကောင်းကင်ယံရှိအနက်ရောင် တိမ်စိုင်များသည် ထက်ပိုင်းဖြတ်ခံခဲ့ရသည်။ ထက်မြသောဓား၏စွမ်းအင်သည် အရပ်လေးမျက်နှာသို့ လွင့်စင်သွားခဲ့သည်။ အဝေးတစ်နေရာမှတောင် သေခြင်း၏ အရှိန်အဝါကို ခံစားရနိုင်ပါ၏။
သာမန်ကျင့်ကြံသူတစ်ယောက်သာ ဓားနယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့လျှင် ကျိန်းသေပေါက် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရလိမ့်မည်။ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့၏ မျက်နှာပေါ်တွင်တောင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဝမ်ဝူဖုန်းသည် ထိပ်တန်းပါရမီရှင် အမည်နာမနှင့် ထိုက်တန်ပါသည်။ သူ့တစ်ယောက်တည်း၏ စွမ်းအင်ကတောင် ဧကရာဇ်ဘုံလောကတွင်ရှိသော လူငယ်၉၉% ခန့်ကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။!
"ဘုန်း"
ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းဆန်းကြယ်သော အရှိန်အဝါများသည် ဝမ်ဝူဖုန်းထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ အေးစက်သော အလင်းတန်းများ ထုတ်လွှတ်နေသည့် ဧရာမ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းဓားရှည်ထွက်ပေါ်လာသည့်အခါ မိုးကောင်းကင်၏ အရောင်အဝါဟာ မှေးမှိန်သွားခဲ့ပြီး မြင်ကွင်းမှာ ခြောက်ခြားဖွယ်အတိ ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဝမ်ဝူဖုန်း၏ နောက်တွင်ရှိနေသော ပါရမီရှင်များစွာက တစ်ယောက်ပြီးတစ်ယောက် စွမ်းအင်တို့ကို ထုတ်ဖော်ခဲ့ကြသည်။ အစွမ်းထက်သော ဖိအားတို့သည် သူတို့ထံမှ ထွက်ပေါ်လာခဲ့ကာ သူတို့လက်များတွင် ကမ္ဘာလောကကို အရောင်အဝါပြောင်းလဲစေနိုင်သည့် တိုက်ကွက်တို့ ဖြစ်တည်လာခဲ့သည်။
"ဘုန်း!"
ဝမ်ဝူဖုန်းကသူ၏ လက်နှစ်ဖက်ကိုတွန်းကန်လိုက်သည့်အခါ အဆုံးအဆမဲ့သော ဓားချီများသည် ဝမ်ဖုန်းတို့ အုပ်စုထံသို့ လေပြင်းလေပွေကဲ့သို့ တိုက်ခတ် ပြိုဆင်းလာခဲ့သည်။ လေဖိအားသည်အရပ်လေးမျက်နှာသို့ လွှင့်စင်လျက် မြေပြင်ကို တုန်ခါ စေခဲ့သည်။
ဒါတင်မကသေးပါ။ ဝမ်ဝူဖုန်း၏နောက်ဘက်တွင်ရှိသော ပါရမီရှင်များစွာကလည်း တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြသည်။ မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် ဝမ်ဖုန်းထံသို့ စုပြုံကျဆင်းလာခဲ့၏။
ဤမြင်ကွင်းကို သာမန်ကျင့်ကြံသူတစ်ယောက်သာ တွေ့မြင်ခဲ့ရလျှင် မြေပြင်ပေါ် ပြိုလဲသည်အထိ ကြောက်သွေးကြောင်နေပေလိမ့်မည်။ သို့သော်လည်း ဝမ်ဖုန်းတို့အုပ်စု၏ အမူအရာကတော့ တည်ငြိမ်နေခဲ့သည်။
ရွှမ်းယွမ်နှင့်ကွေ့ဝူတို့က အနည်းငယ်ထိတ်လန့်နေကြသော်လည်း မျက်နှာပေါ်တွင် အကြောက်တရားတို့ကို ဖော်ထုတ်ပြသထားခြင်း မရှိပါ။ သူတို့နှစ်ယောက်၏ ကျင့်ကြံမှုသည် ဝမ်ဝူဖုန်းထက် အားနည်းခြင်းမရှိပါချေ။ ဒါ့အပြင်ရွှမ်းယွမ်၏စွမ်းရည်က ဝမ်ဝူဖုန်းထက်တောင် ပို၍ကြောက်လန့်စရာ ကောင်းသေးသည်။
ရွှမ်းယွမ်ကို အမြင့်မြတ်ဆုံးအင်အားစုများ၏ ပုန်းကွယ်နေသော မကောင်းဆိုးဝါး ပါရမီရှင်များကသာ ရင်ဆိုင်နိုင်ပါလိမ့်မည်။
"ရွှမ်!"
မရေမတွက်နိုင်သော ဓားစွမ်းရည်များနှင့် တိုက်ခိုက်မှုများက ဝမ်ဖုန်းကို ထိခိုက် တော့မည့်အချိန်၌ တည်ငြိမ်နေသော ဝမ်ဖုန်း၏မျက်နှာပေါ်တွင် အမူအရာတစ်ခု ဖြစ်ပါ်လာခဲ့သည်။ သူက ရုတ်တရက်လက်ကိုဆန့်တန်း၍ လက်ညိုးညွှန်လိုက်သည့်အခါ လေဟာပြင်သည် ကြီးမားသော အက်ကြောင်းရာကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
"သေလမ်းရှာနေတာလားကွ!?"
သူ၏အားအပြည့်တိုက်ကွက်ကို ဝမ်ဖုန်းက အထင်သေးနေကြောင်း သိရှိရသည့်အခါ ဝမ်ဝူဖုန်း၏အမူအရာမှာ ပို၍မဲမှောင်အေးစက်လာခဲ့သည်။ သူသည် အေးစက်စွာ နှာမှုတ်လျက် ဝမ်ဖုန်းကို သေဆုံးပြီးသား လူတစ်ယောက်ကဲ့သို့ စိုက်ကြည့်လိုက်သည်။
သူ့လို ဂုဏ်ယူရသည့် ထိပ်တန်းပါရမီရှင်၏ အင်အားအပြည့်တိုက်ကွက်မှာ ဝမ်ဖုန်းကို အနိုင်မရနိုင်ဘူးဟု သူ မယုံပါ။ ထိုသူဟာ သူ၏ရှေ့တွင် မောက်မာရဲသည်ဖြစ်ရာ သေခြင်းက ထိုက်တန်လေသည်။
"ဘုန်း"
လူအများ၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ဝမ်ဖုန်း၏ လက်ချောင်းသည် ပါရမီရှင်များ၏ တိုက်ခိုက်မှုများနှင့် ပွတ်တိုက်မိခဲ့သည်။ ကမ္ဘာမြေပြင် အက်ကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏လက်ချောင်းထက်မှ အလင်းတန်းသည် ပါရမီရှင်များ၏ တိုက်ကွက်များကို စက္ကူစများကဲ့သို့ ဆုတ်ဖြဲသွားခဲ့သည်။ အဆိုပါ တိုက်ကွက်များသည် အလင်းမှုန်များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားသည်။
တိုက်ပွဲသည် ဘယ်တုန်းကမှ မဖြစ်ခဲ့သည့်ပုံပေါ်၏။ ရွှမ်းယွမ်၊ကွေ့ဝူနှင့် ယွဲ့ယင်းတို့၏ အမူအရာများမှာ တည်ငြိမ်နေခဲ့သည်။ သူတို့က ရလဒ်ကို အစောကတည်းက သိရှိပြီးဖြစ်၏။ ဝမ်ဖုန်းလို အဆင့်အတန်းမျိုး၏ရှေ့တွင် အဘယ်မျှလောက် များပြားသောလူများ ဖြစ်ပါစေ ၊အံတုရင်ဆိုင်ရန် မလုံလောက်သေးပါ!