အံ့ချီးဖွယ်ရက်ရောမှု
Vol. 52 Ch. 731
Translator - Hsue Htet
လကိရှိတွင် ဝမ်ဖုန်း၌ ကြမ္မာဝိဉာဉ်၊ တစ်ဖက်လောကလျိုယင်း ရုပ်ခန္ဓာ၊ နဂါးရိုး၊ တစ်ဖက်လောကလျိုယင်းနှလုံးဟူ၍ ထူးခြားနတ်ပစ္စည်း ၄ခုရှိသည်။ ထိုအရာလေးခုသည် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားခဲ့ပြီး ဝမ်ဖုန်း၏ ခန္ဓာကိုယ်အား အလွန်မြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။ ထိုအရာများ၏ လွှမ်းမိုးမှု မရှိခဲ့လျှင်သော်မှ ဝမ်ဖုန်း၏ကိုယ်ပိုင် သွေးမျိုးဆက်သည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ သွေးမျိုးဆက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်နိုင်ပေသည်။
ထို့ပြင် ဝမ်ဖုန်း၏စိတ်နှလုံးအတွင်း၌ ဇာမဏီဥကဲ့သို့သော နတ်သားရဲများလည်း ရှိနေသေးသည်။ ဇာမဏီဥမှ ထုတ်လွှတ်နေသော ပြန်လည်ထမြောက်ခြင်းစွမ်းအင်၏ လွှမ်းမိုးမှုအောက်၌ ဝမ်ဖုန်း၏ သွေးမျိုးဆက်သည် ထိုပြန်လည်ထေမြာက်ခြင်းစွမ်းအင်နှင့် ထိတွေ့နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ဖုန်း၏ လက်ရှိသွေးမျိုးဆက်မှာ များစွာထူးဆန်းနေလျက် အသုံးဝင်ပုံလည်း အများအပြားရှိလာခဲ့ကာ သာမန်ထိပ်တန်းအဆင့် သွေးမျိုးဆက်များမှ မယှဉ်နိုင်လောက်အောင်အထိ အလွန်အဆင့်မြင့်မားလှသည်။
ထို့ပြင် နတ်ဆိုးဘိုးဘေးကြီး၏ရတနာ… ၎င်း၏ ပုံသဏ္ဍာန်အစစ်အမှန်ကို မည်သူမျှ မမြင်တွေ့ဖူးသော်ငြား နတ်ဆိုးဘိုးဘေးကြီး၏ရတနာဟု ခေါ်ဆိုနိုင်ပေသည်။ မျိုးနွယ်စု၏ တပည့်များနှင့် နတ်ဆိုးဘိုးဘေးကြီး၏ရတနာသည် ဝမ်ဖုန်းအတွက် အလွန်တရာ ထိုက်တန်ပေသည်။
သင့်တော်လျောက်ပတ်စွာ အသုံးပြုနိုင်မည့်သူ မရှိလျှင် ၎င်းအရာများသည် သာမန်ပစ္စည်းများနှင့် ခြားနားလိမ့်မည် မဟုတ်ပေ။ ဥပမာဆိုရသော် သွေးပျစ်ခဲထျန်းကော်ဖြစ်သည်။ သွေးပျစ်ခဲထျန်းကော်အား ၎င်း၏ စစ်မှန်သည့်အကျိုးသက်ရောက်မှုကို အသုံးပြုစေမှသာလျှင် အကောင်းဆုံးသော အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်၏။
ရှပ်!
ဝမ်ဖုန်း၏စကားတွင် ယွဲ့ယင်း၏ မျက်လုံးလှလှလေးများ မှေးကျုံ့သွားခဲ့ပြီး မျက်နှာလှလှလေးမှာ အံ့အားထိတ်လန့်နေပုံရသည်။ သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ဝမ်ဖုန်းကို ငေးစိုက်ကြည့်နေသည်။ ဝမ်ဖုန်းမှ ထိုသို့မောက်မာထောင်လွှားသော စကားများကို ပြောဝံ့လိမ့်မည်ဟု သူမ ထင်မထားခဲ့ပါချေ။
နတ်ဆိုးဘိုးဘေးကြီးနဲ့ ယှဉ်နိုင်လောက်တဲ့ သွေးမျိုးဆက်!
ဘယ်လိုတောင် ကြောက်မက်ဖွယ်ကောင်းလိုက်သလဲ။
နတ်ဆိုးမျိုးနွယ်စု၏ သွေးမျိုးဆက်အား ပျိုးထောင်ရန်မှာ အလွန်ခက်ခဲ၏။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သော အခွင့်အရေးကြီးနှင့် မကြုံတွေ့ရသ၍ အလွန်တရာ ခက်ခဲသည့်အရာဖြစ်သည်။ နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်းကျင့်ကြံသူများ အားလုံးသည် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကျင့်ကြံခဲ့ရကာ အလွန်အမင်း နာကျင်မှုများကို ကြုံတွေ့ခံစားပြီးနောက်မှ သွေးမျိုးဆက်ကို တိုးတက်ပျိုးထောင်နိုင်ခြင်း ဖြစ်သည်။ တစ်ချီတည်းဖြင့် အောင်မြင်နိုင်ခြင်းဟူသည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးအတွက် ကောင်းကင်ဘုံကို ဆန့်ကျင်ရသည်ကဲ့သို့ ခက်ခဲပေသည်။
သို့သော် ယခု၌ နတ်ဆိုးမျိုးနွယ်မဟုတ်သော ဝမ်ဖုန်းသည် သူ၏သွေးမျိုးဆက်မှာ နတ်ဆိုးဘိုးဘေးအဆင့်သို့ တိုးတက်နေခဲ့ပြီဟူ၍ မောက်မာထောင်လွှားသော စကားများကို ပြောဆိုဝံ့လေသည်။ ဝမ်ဖုန်း၏ မှန်းဆရန်နက်နဲလှသော ကျင့်ကြံမှုအခြေခံကြောင့် မဟုတ်ခဲ့လျှင် ယွဲ့ယင်းသည်ပင် ဝမ်ဖုန်း၏စကားများအား လှောင်ရယ်မိလိမ့်မည်ဖြစ်၏။
ဤအခြင်းအရာမှာ မည်မျှတွေးတောသည်ဖြစ်စေ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်ဖြစ်ပြီး အစစ်အမှန်ဟု မခံစားရပေ။ သို့သော် ဝမ်ဖုန်း၏ မျက်နှာအမူအရာသည် အလွန်တရာ တည်ကြည်လေးနက်နေသည်မှာ လူတို့အား ယုံကြည်လိုသည့် ခံစားချက်တစ်မျိုး ဖြစ်ပေါ်စေသည်။
တုန်လှုပ်နေသော ယွဲ့ယင်းသည် ဝမ်ဖုန်းအား အလေးအနက်ကြည့်လျက် ပြောသည်။
“အစ်ကိုကြီးက တကယ်ပဲ သွေးမျိုးဆက်ကို နတ်ဆိုးဘိုးဘေးအဆင့်အထိ တိုးတက်စေနိုင်တယ်ဆိုရင် ကျွန်မရဲ့ဝိဉာဉ်ကို အစ်ကိုကြီးထံ နှစ်မြှုပ်လိုပါတယ်”
ယွဲ့ယင်း၏ သဘောထားမှာ အလွန်ရိုးသား၏။ နတ်ဆိုးဘိုးေဘးအဆင့်သွေးမျိုးဆက်ဟူသည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးအတွက် အလွန်မက်မောဖွယ်ဖြစ်သည်။ သွေးမျိုးဆက် နတ်ဆိုးဘိုးဘေးအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် မိမိ၏ အမြင့်ဆုံးကန့်သတ်ချက်သည်လည်း နတ်ဆိုးဘိုးဘေးအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး တစ်လျှောက်လုံး တိုးပွားကျယ်ပြန်လာမည် ဖြစ်သည်။
နတ်ဆိုးဘိုးဘေးဟူသည် ဂုဏ်ပုဒ်တစ်ခုမျှသာ မဟုတ်ဘဲ နတ်ဆိုးဘိုးဘေးနှင့်ညီမျှသော အဆင့်အတန်းကို ကိုယ်စားပြုသည်။ သူမ၌ နတ်ဆိုးဘိုးဘေးသွေးမျိုးဆက်ကို ပိုင်ဆိုင်ခဲ့လျှင် ဝမ်ဖုန်းတို့အား နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲသို့ ဦးဆောင်သွားခြင်းသည် အသေးအဖွဲမျှသာ ဖြစ်ပြီး တစ်လောကလုံးကိုပင် ဦးဆောင်နိုင်လောက်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးသို့ လှည့်လည်သွားလာလျှင်ပင် သူမ၏သွေးမျိုးဆက်အား ယှဉ်နိုင်စွမ်းသည့် မကောင်းဆိုးဝါး အများအပြား ရှိလိမ့်မည် မဟုတ်ပေ။
နတ်ဆိုးမျိုးနွယ်ဝင်အားလုံးအတွက် သွေးမျိုးဆက်အား နတ်ဆိုးဘိုးဘေးအဆင့်သို့ တိုးတက်စေနိုင်ခြင်းသည် ဝိဉာဉ်ကို ဆုံးရှုံးခံရလျှင်သော်မှ လက်ခံကြလိမ့်မည်ဖြစ်သည်။
ထိုသို့မက်မောဖွယ်အရာ၏ ရှေ့မှောက်၌ မည်သို့သော ဂုဏ်သိက္ခာဖြစ်စေ နောက်ပို့ထားနိုင်၏။ အင်အားနှင့် သွေးမျိုးဆက်သာလျှင် အရေးအကြီးဆုံးဖြစ်သည်။
ယွဲ့ယင်း၏စကားအဆုံး၌ ယခင်က အရေးမထားဟန်ေသာ ဝမ်ဖုန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရုတ်ချည်းပေါ်ပေါက်လာသည်။ ဝမ်ဖုန်းသည် ပေါ့ပါးစွာပင် လက်တစ်ဖက် ဆန့်ထုတ်လိုက်ရာ သူ၏လက်ဖဝါးထက်တွင် သွေးပျစ်ခဲထျန်းကော် ပေါ်ထွက်လာသည်။
သာမညောင်ညသော သွေးပျစ်ခဲထျန်းကော်ကို ကြည့်လျက် ယွဲ့ယင်း အနည်းငယ် သံသယဖြစ်သွား၏။ ဝမ်ဖုန်း ဘာလုပ်ချင်သည်လဲဟု သူမ တွေးနေမိသည်။ သူမသည် ဝမ်ဖုန်းအား စူးစမ်းလိုသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။
“သွေးပျစ်ခဲနတ်သစ်သီးဆိုတဲ့ နတ်ဘုရားအကူပစ္စည်းတစ်ခုအကြောင်း ကြားဖူးလား”
ယွဲ့ယင်း၏ သံသယကို မြင်သောအခါ ဝမ်ဖုန်း ပြုံးရယ်လျက် မေးမြန်းလိုက်သည်။
ဝမ်ဖုန်း၏စကားသံကြောင့် ယွဲ့ယင်း၏ခန္ဓာကိုယ်လေး တုန်ယင်သွားကာ မျက်လုံးအပြူးသားလေးဖြင့် ဝမ်ဖုန်း၏လက်ထဲရှိ သွေးပျစ်ခဲထျန်းကော်အား တစ်ဖန်စူးစိုက်ကြည့်လာသည်။ သူမ၏အကြည့်များတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်မှာ သွေးပျစ်ခဲထျန်းကော်အား ဝါးမျိုပစ်ချင်သည့်အလားပင်။
လပြည့်ဝန်းနတ်ဆိုးမျိုးနွယ်၏ မင်းသမီးတစ်ပါးအနေဖြင့် သူမ၏ကျင့်ကြံဆင့်သည် လောကထိပ်တန်းအဆင့် မဟုတ်လျှင်သော်မှ သူမ၏အဆင့်အတန်းသည် မျိုးနွယ်စုအတွင်း အမြင့်မားဆုံးသော အဆင့်အတန်းများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စု၏ အချို့အရာများကို ဖတ်ရှုသိရှိနိုင်သည်။ ထို့ေကြာင့် လျှို့ဝှက်စာပေများထဲမှ သွေးပျစ်ခဲစေသည့် အကျိုးသက်ရောက်မှုရှိသော နတ်သစ်သီးအကြောင်းကိုလည်း ဖတ်ထားခဲ့ဖူးသည်။
နတ်ဆိုးမျိုးနွယ်သည် အထွတ်အမြတ်သော ပစ္စည်းများကို ဂရုစိုက်ရန် မလိုအပ်ပေ။ သို့သော် သွေးမျိုးဆက်ကို တိုးတက်စေနိုင်သည့် ပစ္စည်းများအကြောင်းကိုမူ အကောင်းဆုံးကြိုးစား၍ နားလည်နိုင်ရန် အားထုတ်ကြသည်။ ထို့ကြောင့် ယွဲ့ယင်းသည် သွေးပျစ်ခဲနတ်သစ်သီးအကြောင်းကို သိရှိပေသည်။
“ဒါ… ဒါက…?”
ယွဲ့ယင်းသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလျက် သွေးပျစ်ခဲထျန်းကော်အား အကြည့်မလွှဲတမ်းဖြင့် စကားကိုပင် ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ချေ။
“ဟုတ်တယ် ဒါက သွေးပျစ်ခဲနတ်သစ်သီးပဲ”
“ဒီသွေးပျစ်ခဲနတ်သစ်သီးက မင်းရဲ့ သွေးမျိုးဆက်ကို နတ်ဆိုးသွေးမျိုးဆက်အဖြစ် ပြောင်းလဲဖို့ ကူညီပေးနိုင်လားလို့ ပြောခဲ့တယ်မလား”
ဝမ်ဖုန်းသည် လက်ထဲတွင် သွေးပျစ်ခဲထျန်းကော်အား ကိုင်ဆောင်ထားလျက် အပြုံးဖျော့ဖျော့ဖြင့် မေးသည်။
“ဒါက…?”
ဝမ်ဖုန်း၏စကားလုံးများကြောင့် ယွဲ့ယင်း မျက်မှောင်ကြုတ်သွား၏။ သူမသည် တစ်စုံတစ်ရာ ပြောဆိုလိုခဲ့သော်ငြား ဘာမျှမပြောနိုင်ခဲ့ပါချေ။ စိတ်လှုပ်ရှားနေခဲ့သည်။
ဝမ်ဖုန်းသည် ထိုမျှရက်ေရာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါချေ။ ဝမ်ဖုန်း၌ သွေးပျစ်ခဲနတ်သစ်သီးကဲ့သို့ နတ်ဘုရားအကူပစ္စည်းကို ပိုင်ဆိုင်ထားလျှင်သော်မှ ထိုကဲ့သို့သော ပစ္စည်းအား အခြားသူကို ပေးကမ်းနိုင်လေသည်။
သူမ၌သာ ထိုသို့သော မျိုးစေ့ကောင်းအား ပိုင်ဆိုင်ထားခဲ့လျှင် မိမိကိုယ်တိုင်အတွက်သာ အသုံးပြုမည်ဖြစ်သည်။ အဘယ်သို့များ အခြားသူအား ပေးကမ်းနိုင်ပါအံ့နည်း။ ထိုအခိုက်အတန့်၌ ယွဲ့ယင်း၏ ဝမ်ဖုန်းအပေါ်တွင်ထားရှိသော အမုန်းရန်ငြိုးများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး လေးစားမှုတည်းသော ခံစားချက်များ အစားထိုးဝင်ရောက်လာခဲ့သည်။
ဝမ်ဖုန်းမှ မည်မျှပင် လှောင်ပြောင်သရော်ပါစေ သွေးပျစ်ခဲနတ်သစ်သီးအား ရရှိနိုင်သ၍ ဝမ်ဖုန်းအပေါ် မုန်းတီးနေမည့်အစား ကျေးဇူးတင်မိမည်ဖြစ်ပါ၏။
ဝမ်ဖုန်း၏နောက်ရှိ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည်လည်း အံ့အားသင့်နေကြသည်။ သူတို့သည် ဝမ်ဖုန်းကို နားလည်နေပြီဟု မိမိကိုယ်ကိုယ် တွေးထင်ခဲ့ကြသည်။ သို့သော် အဆုံးတွင်တော့ ဝမ်ဖုန်းသည် ပဟေဠိဆန်နေဆဲဖြစ်ပြီး သူတို့မှာ ဝမ်ဖုန်း၏စိတ်အား အဘယ်သို့မျှ ထိုးထွင်းသိမြင်နိုင်စွမ်း မရှိပါချေ။
ဝမ်ဖုန်းနေရာ၌ သူတို့ဖြစ်ခဲ့လျှင် သွေးပျစ်ခဲသစ်သီးအား ပေးကမ်းလိမ့်မည် မဟုတ်ပါချေ။
မျိုးစေ့များအားလုံးသည် သဘာဝအလျောက် ကြီးပြင်းလာကြသည်။ မျိုးစေ့ကောင်းတစ်ခု ရရှိရန်အတွက် ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်လောက်သည့် ကံကောင်းမှုမျိုးကို လိုအပ်ပေသည်။ အဘယ်သို့များ အခြားသူကို ပေးနိုင်ပါအံ့နည်း။
ရှပ်!
စိတ်လှုပ်ရှားနေပြီးနောက် ယွဲ့ယင်းသည် မယိမ်းမယိုင်ဘဲ ဝိဉာဉ်ကိုဆုတ်ဖြဲသည့် နာကျင်မှုကြီးကို သည်းခံသည်။ သူမ၏ဝိဉာဉ်ကို သုံးပုံတစ်ပုံခွဲခြမ်းပြီး ခန္ဓာကိုယ်ကျစ်လစ်လှပသည့် မြေခွေးမလေးကဲ့သို့ ဝိဉာဉ်သည် သူမ၏ဦးခေါင်းထက်မှ ထွက်ပေါ်လာသည်။ ထိုဝိဉာဉ်သည် အလင်းဖျော့ဖျော့တောက်ပနေလျက် ထူးဆန်းသည့် အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
လရိပ်၏အားဖြည့်မှုအောက်၌ သူမ၏သုံးပုံတစ်ပုံသော ထိုဝိဉာဉ်လေးသည် ဝမ်ဖုန်းသို့ ရုတ်တရက် ဦးတည်မျောလွင့်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမသည် သွေးပျစ်ခဲနတ်သစ်သီးကဲ့သို့သော အထွတ်အမြတ်ပစ္စည်းအား လက်လွှတ်ခံလိမ့်မည် မဟုတ်ပါချေ။ မိမိ၏ဝိဉာဉ်ကို စွန့်လွှတ်ရမည်ဆိုပါက စွန့်လွှတ်ပေမည်။ နတ်ဆိုးဘိုးဘေးသွေးမျိုးဆက်ကို ရယူပိုင်ဆိုင်နိုင်အတွက် အရာအားလုံးသည် ထိုက်တန်ပေသည်။