လဝန်းယုန်၏သွေးမျိုးဆက်
Vol. 52 Ch. 732
Translator - Hsue Htet
ယွဲ့ယွင်း၏အပြုအမူသဘောထားကြောင့် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။ မျက်နှာထက်ရှိအပြုံးသည် ပို၍ပင် ထင်ရှားလာ၏။ ဝမ်ဖုန်း လက်ဆန့်ထုတ်လိုက်ရာ အင်အားကြီးမားလှစွာသော စွမ်းအင်သည် သူ၏လက်မှ ဖြာထွက်သွားခဲ့ပြီး ယွဲ့ယင်း၏ ခွဲထုတ်ခံလိုက်ရသော ဝိဉာဉ်ကို ဆွဲယူကာ စိတ်နှလုံးအတွင်းသို့ စုပ်ယူလိုက်သည်။
ရှပ်!
ယွဲ့ယင်း၏ဝိဉာဉ်ကို ဝမ်ဖုန်း စုပ်ယူပြီးသောအခါ မြေခွေးမလေးကဲ့သို့သော ယွဲ့ယင်း၏ဝိဉာဉ်သည် ဝမ်ဖုန်း၏စိတ်အတွင်းရှိ ကြမ္မာဝိဉာဉ်၏လက်ထဲသို့ ရောက်ရှိသွားသည်။ ထို့နောက် ကြမ္မာဝိဉာဉ်၏ လက်ဖဝါးအတွင်းသို့ ဆွဲယူခြင်း ခံလိုက်ရသည်။ ထိုအချိန်တွင် ဝမ်ဖုန်းနှင့် ယွဲ့ယင်းတို့နှစ်ဦးလုံး တစ်ပြိုင်နက် ထိတ်လန့်သွားကြရပြီး သူတို့၏စိတ်နှလုံးအတွင်း၌ အံ့ဩထူးဆန်းသည့် ခံစားချက်များ ထွက်ပေါ်လာနေခဲ့သည်။
သူသည် ယွဲ့ယင်း၏ကံကြမ္မာအား ထိန်းချုပ်ထားပြီး ယွဲ့ယင်းအား အချိန်မရွေး ဖျစ်ညှစ်သတ်ပစ်နိုင်သည်ဟူ၍ ခံစားလိုက်ရသည်။ ယွဲ့ယင်းသည်လည်း ဝမ်ဖုန်းမှာ သူမ၏နတ်ဘုရားအလား ယုံကြည်ကိုးကွယ်ခြင်းကဲ့သို့ ခံစားချက်မျိုးကို ခံစားနေရသည်။ ယွဲ့ယင်း၏စိတ်နှလုံးမှာ ဝမ်ဖုန်းအား ချစ်ကြောက်ရိုသေလေးစားသည့် အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
“လာခဲ့”
ယွဲ့ယင်း၏ဝိဉာဉ်ကို စုပ်ယူပြီးနောက် ဝမ်ဖုန်း ယွဲ့ယင်းအား လက်ယပ်ခေါ်လိုက်သည်။ ယွဲ့ယင်းအား သွေးပျစ်ခဲနတ်သစ်သီးဖြင့် သွေးမျိုးဆက်တိုးတက်ပေးရန် ပြင်ဆင်လိုက်သည်။
ထိုအခါ ယွဲ့ယင်းသည်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ နာခံစွာဖြင့် ဝမ်ဖုန်းသို့ လျှောက်သွားခဲ့သည်။ ဝမ်ဖုန်းအား ရိုသေလေးစားစွာသော အကြည့်များဖြင့် ကြည့်၏။ သူမ၏ဝိဉာဉ်ကို ဝမ်ဖုန်း ထိန်းချုပ်လိုက်ပြီးနောက်တွင် သူမသည် သူမကိုယ်တိုင်ပင်ဖြစ်သော်ငြား သူမ၏အသက်ကိုတော့ဖြင့် သူမကိုယ်တိုင်၏ ထိန်းချုပ်မှုအောက်မှ လက်လွတ်သွားခဲ့ပေပြီ။ တစ်နေ့နေ့တွင် ဝမ်ဖုန်း၏ ထိန်းချုပ်မှုကို ဖျက်ဆီးပစ်ပြီး သူမ၏ဝိဉာဉ်ကို ပြန်ယူနိုင်မှသာလျှင် သူမကိုယ်တိုင်၏ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်မည်ဖြစ်၏။
သို့သော်ငြား ထိုနေ့သည် ဘယ်သောအခါမှ ရောက်လာလိမ့်မည် မဟုတ်ပေ။ သွေးပျစ်ခဲနတ်သစ်သီးကြောင့် ယွဲ့ယင်း၏ သွေးမျိုးဆက်သည် နတ်ဆိုးဘိုးဘေးသွေးမျိုးဆက်နှင့် ညီမျှသည့်အဆင့်သို့ ရောက်ရှိသွားသည့်တိုင် သူမ၏ အထုံပါရမီသည် ဝမ်ဖုန်းနှင့် မယှဉ်နိုင်ပါချေ။ ဝမ်ဖုန်းတွင် စနစ် မရှိလျှင်သော်မှ ထူးခြားအကူပစ္စည်းများဖြင့်ပင် လောကထိပ်တန်းကျင့်ကြံသူကြီး ဖြစ်နိုင်ပေလိမ့်မည်။ ကမ္ဘာလောကတစ်ခုလုံးနှင့် ဝမ်ဖုန်းနှင့် ယှဉ်နိုင်မည့်သူဟူ၍ လက်ငါးချောင်းပင် မပြည့်နိုင်လောက်ပါချေ။
“စနစ် ငါ ယွဲ့ယင်းရဲ့သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ပေးနေတုန်းမှာ ခန္ဓာကိုယ်အရှိန်အဝါကို ကာကွယ်ထားပေးပါ”
ဝမ်ဖုန်း သူ၏ရှေ့ရှိ ယွဲ့ယင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ထဲမှ ပြောလိုက်သည်။ ထို့နောက်တွင် တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို တိုက်ရိုက်အသုံးပြု၍ လက်ထဲမှ သွေးပျစ်ခဲနတ်သစ်သီးအား ယွဲ့ယင်း၏ မျက်ခုံးစပ်ကြားထဲသို့ သွတ်သွင်းလိုက်သည်။
ဂျစ်!
ဝမ်ဖုန်း၏ အင်အားကြီးမားလှစွာသော စွမ်းအင်လွှမ်းမိုးမှုအောက်၌ ယခင်က သာမန်ဟုထင်ရသော သွေးပျစ်ခဲနတ်သစ်သီးသည် ရုတ်တရက် တုန်ခါလာခဲ့သည်။ မည်းနက်သော မျက်နှာပြင်၌ နဂါးငွေ့တန်းကဲ့သို့ မျဉ်းကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း တောက်ပလာခဲ့သည်မှာ လျှို့ဝှက်ဆန်းကြယ်၍ အံ့ချီးဖွယ်ကောင်းလှပေသည်။
ထို့နောက် ချက်ချင်းပင် သွေးပျစ်ခဲနတ်သစ်သီးသည် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားခဲ့ပြီး ယွဲ့ယင်း၏ စိတ်နှလုံးအတွင်းသို့ စီးဝင်သွားခဲ့သည်။
ထိုသို့ အလုံးစုံစီးဝင်သွားပြီးနောက်၌ ယွဲ့ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ချည်း တုန်ခါသွား၍ ခန္ဓာကိုယ်မှ တောက်ပသောအလင်းများ ဖြာထွက်လာသည်။ သူမ၏ခန္ဓာကိုယ်ထက်တွင် နတ်သမီးအခိုးအငွေ့များ စီးဆင်းနေသကဲ့သို့ပင် ဖြစ်နေတော့သည်။
သွေးပျစ်ခဲနတ်သစ်သီး၏ အကျိုးသက်ရောက်မှုအောက်၌ ယွဲ့ယင်း၏ ခန္ဓာကိုယ်အတွင်း သွေးကြောများသည် ရေဆူပွက်သကဲ့သို့ ဆူပွက်လာခဲ့သည်။ ဉာဏ်ထက်သော သွေးမှင်စာလေးများကဲ့သို့ သူမ၏ သွေးမျိုးဆက်အတွင်းသို့ ဝင်ရောက်ပေါင်းစည်းသွားခဲ့သည်။
ယွဲ့ယင်း၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ထိုးဖောက်မြင်နိုင်သူရှိခဲ့လျှင် အလွန်အမင်း တုန်လှုပ်သွားလောက်ပေသည်။ သွေးပျစ်ခဲနတ်သစ်သီးသည် ယွဲ့ယင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ယခင်က မောပန်းနွမ်းနယ်နေခဲ့သော သွေးများကို မူလအခြေအနေသို့ ပြန်လည်ထိန်းသိမ်းခဲ့သည်။ သွေးကြောများကို ပြောင်းလဲစေရန် ကူညီထောက်ပံ့နေသည့် လျှို့ဝှက်ဆန်းကြယ်၍ အားကောင်းသော စွမ်းအင်တစ်မျိုးလည်း စီးဆင်းလှုံ့ဆော်နေပေသည်။
ယွဲ့ယင်းသည် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေကာ ခန္ဓာကိုယ်မှာ အလင်းတောက်ပနေသည်။ ထူးခြားဆန်းကြယ်သော အရှိန်အဝါနှင့်အတူ မြင်တွေ့ရသူများကို တုန်လှုပ်စေ၏။ မျက်လုံးအစုံကို ဖိမှိတ်ထား၍ စွမ်းအင်များကို အာရုံစိုက်ထားကာ သွေးအတွင်းမှ ပြောင်းလဲမှုများကို ခံစားနေခဲ့သည်။ သူမ၏ စိတ်ဝိဉာဉ်ကျင့်ကြံမှုအား သွေးမျိုးဆက်ပြောင်းလဲမှုနှင့်
ကိုက်ညီစေရန် ထိန်းညှိနေခဲ့သည်။
ဂျစ်!
အချိန်တစ်ခုကြာမြင့်ပြီးနောက်တွင် သွေးပျစ်ခဲနတ်သစ်သီးသည် ယွဲ့ယင်း၏ခန္ဓာကိုယ်နှင့် အလုံးစုံ ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။ ယွဲ့ယင်း၏ ခန္ဓာကိုယ်သည် အလင်းရောင်တောက်ပမှုနှင့်အတူ ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ အက္ခရာများ ထွက်ပေါ်နေသည်။ ၎င်းမှာ ချပ်ဝတ်တန်ဆာတစ်လွှာအား ဝတ်ဆင်ထားသကဲ့သို့ နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေကာ ကြောက်ခမန်းလိလိသော စွမ်းအင်လှိုင်းကိုလည်း ထုတ်လွှတ်နေခဲ့သည်။
ဂျစ်!
ကမ္ဘာလောကတစ်ခုလုံး တုန်ခါလာခဲ့ပြီး ယွဲ့ယင်းထံမှ အဆုံးမဲ့အလင်းတန်းများ တောက်ပလာ၏။ ကျား၊ နဂါးနှင့် ဇာမဏီငှက် ဟိန်းဟောက်သံများ အရပ်လေးမျက်နှာမှ ထွက်ပေါ်လာသည်။ ယွဲ့ယင်း၏ ပတ်ပတ်လည်၌ သွေးနီရောင်မြူခိုးထုများ ရစ်ဝဲနေလေရာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေတော့သည်။
အရပ်လေးမျက်နှာလုံးကို တုန်လှုပ်နိုင်စွမ်းသော ဤစွမ်းအင်သည် စနစ်၏ကာကွယ်ထားမှုကြောင့် မဟုတ်ခဲ့လျှင် ဤသွေးမျှော်စင်၏ ဒုတိယထပ်တစ်ထပ်လုံးကို နိုးကြားသွားစေမည်အား စိုးရိမ်ရ၏။ ဝမ်ဖုန်း၏နောက်တွင် ရပ်နေသည့် ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် အံ့ချီးဖွယ်မြင်ကွင်းကြောင့် အံ့အားသင့်နေကြပေသည်။
သွေးပျစ်ခဲနတ်သစ်သီး၏ အကျိုးသက်ရောက်မှုကြောင့် ယွဲ့ယင်း၏ခန္ဓာကိုယ်အတွင်း အံ့ချီးဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး သူမ၏ သွေးမျိုးဆက်မှ ရွှေခရမ်းရောင်အလင်းမျှင်တန်းများ တောက်ပလာခဲ့ပြီးနောက်တွင် အရိုးများသည်လည်း ရွှေခရမ်းရောင် တောက်ပသွားခဲ့သည်။ သူမ၏ အထက်လေဟာပြင်တွင် သူမ၏အရိုးစုသဏ္ဍာန် ထွက်ပေါ်လာခဲ့၏။ သူမ၏ခန္ဓာကိုယ်အရိုးများအားလုံးသည် လျှို့ဝှက်ဆန်းကြယ်မှုအပြည့်ဖြင့် ကျောက်သလင်းကဲ့သို့ ကြည်စင်နေခဲ့သည်။
ဘုန်း!
ယွဲ့ယင်းထံမှ ခမ်းနားထည်ဝါသော အရှိန်အဝါများ ဖြာထွက်လာခဲ့ကာ လောကတစ်ခွင်အား မုန်တိုင်းကြီးအလား တိုက်ခတ်သွားခဲ့သည်။ သို့သော် ယွဲ့ယင်း၏ ထိုစွမ်းအင်မုန်တိုင်းကြီးသည် စနစ်၏ ကာကွယ်မှုအောက်၌သာ ရှိခဲ့ပြီး တစ်စက်တစ်လေသော်မှ အပြင်သို့ဖိတ်စင်ခြင်း မရှိပါချေ။
သွေးမျိုးဆက်ပြောင်းလဲမှုနှင့်အတူ ယွဲ့ယင်း၏ ကျင့်ကြံဆင့်သည်လည်း လျင်မြန်စွာ မြင့်တက်နေခဲ့သည်။ ဧကရာဇ်နယ်ပယ်နှောင်းပိုင်းအဆင့်မှ ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ကျင့်ကြံမှုအဆင့်တက်လှမ်းနှုန်းသည် ရပ်တန့်မသွားဘဲ ဆက်လက်ဖြစ်တည်နေခဲ့သည်။
သွေးနီရောင်အမျှင်တန်းများသည် သူမ၏အရေပြားတွင် မြွေများအလား တွန့်လိမ်စီးဆင်းနေသည်။ ကျင့်ကြံမှုအဆင့်နိမ့်ပါးသူပင်လျှင် ယွဲ့ယင်း၏ခန္ဓာကိုယ်တွင် စီးဆင်းနေသည့် သွေးစီးကြောင်းများကို မြင်တွေ့နိုင်ပေသည်။
ဂျစ်!
ရုတ်တရက်ပင် ယွဲ့ယင်း၏ခန္ဓာကိုယ်သည် တုန်ခါလာခဲ့ပြန်သည်။ ခန္ဓာကိုယ်သည် သွေးများဆူပွက်နေသကဲ့သို့ သွေးရောင်ဖုံးလွှမ်းသွား၏။ အနီးကပ်ကြည့်ရှုပါက သူမ၏အရေပြားထက်ရှိ သွေးနီရောင်အက္ခရာများ ရွေ့လျားလှည့်ပတ်နေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။
ဘုန်း!
ယွဲ့ယင်း၏နောက်၌ သွေးရောင်တောက်ပနေသည့် လဝန်းယုန်သဏ္ဍာန်ပုံရိပ်ယောင် ထွက်ပေါ်လာခဲ့သည်။
လပြည့်ဝန်းမျိုးနွယ်စု၏သွေးမျိုးဆက်သည် လဝန်းယုန်ဟူသော ထူးခြားသည့် နတ်သားရဲတစ်မျိုးမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ကောလာဟလများ ရှိပေသည်။ ၎င်းသည် လ၏အလင်းကို စုပ်ယူနိုင်ပြီး လျှို့ဝှက်ဆန်းကြယ်၍ မှန်းဆရန်နက်နဲသော စွမ်းရည်များကို ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ သို့သော်ငြား လပြည့်ဝန်းမျိုးနွယ်စု၏ သွေးမျိုးဆက်သည် အလွန်တရာ အားနည်းဆုတ်ယုတ်လာခဲ့သည်မှာ မျိုးနွယ်စု၏ ထိပ်တန်းကျင့်ကြံသူပင်လျှင် သာမန်လူများ၏ အထွတ်အထိပ်သွေးမျိုးဆက်လောက် အားမကောင်းကြချေ။
ယခု၌ သွေးပျစ်ခဲနတ်သစ်သီး၏ လှုံ့ဆော်မှုအောက်၌ ယွဲ့ယင်း၏သွေးမျိုးဆက်သည် ဘိုးဘေးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သွေးစွမ်းအင်သည်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ အမှန်စင်စစ်သော လဝန်းယုန်၏သွေးမျိုးဆက်ကဲ့သို့ သူမ၏ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်းစွမ်းအင်များ ဖြာထွက်နေသည်။
လဝန်းယုန်၏ပုံရိပ်ထွက်ပေါ်လာပြီးနောက်၌ ယွဲ့ယင်း၏ခန္ဓာကိုယ်သည် နတ်ရောင်ခြည်တစ်သောင်းတိုင် ဖြာထွက်လာခဲ့သည်။ ထိုနတ်ရောင်ခြည်တစ်ခုစီတိုင်း၌ သွေးနဂါးကဲ့သို့ အဆုံးမဲ့သွေးရောင်သဏ္ဍာန်များ ပါဝင်နေခဲ့ကာ ယွဲ့ယင်းအား ရစ်ပတ်ထားခဲ့သည်။