အခန်း(၁၂၁)
Vol. 9 Ch. 121
"ဓား... ဓားဆန္ဒလား"
ဟော်ကျိလွမ်သည် သူမ၏ ဆွဲဆောင်မှုရှိသည့် ချယ်ရီဖူးသဏ္ဌာန် ပါးစပ်လေးဖြင့် အာမေဍိတ်သံကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပေ။
သူမက ကိုယ်ခံပညာ ပါရမီ အရမ်းမကောင်းသော်လည်း ဓားဆန္ဒက ဘာကိုဆိုလိုမှန်းတော့ သိသည်။
ဓားဆန္ဒဆိုသည်မှာ ဒဏ္ဍာရီထဲက ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် ဖြစ်သည်။
မဟာရှားနိုင်ငံတွင် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်သည့်လူမှာ တစ်သောင်းတွင် တစ်ယောက်တောင် မရှိနိုင်ပေ။
ဤအချိန်တွင် ဟော်ကျိလွမ်သည် သူမရှေ့မှ လူငယ်လေး၏ ပုံမှန်မဟုတ်မှုကို ဘယ်လိုဖော်ပြရမလဲပင် မသိတော့ချေ။
"ဟုတ်တယ်.. ဒါက ဓားဆန္ဒပဲ.. ဒီလူငယ်လေးသာ ကူညီရင် ငါတို့ဟော်မိသားစုက ဒီအကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ထင်တယ်"
လူလတ်ပိုင်းအရွယ် အမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။
သူမ၏ တင်းကျပ်နေသော နှလုံးသားလေးသည် အဆုံးသတ်တွင် ပြေလျော့သွားခဲ့၏။
ကိုယ်ခံပညာ၏ ပကတိ အမှန်တရားဆိုသည်မှာ အင်အားကြီးမာပြီး မရှုံးနိမ့်နိုင်သည့် အဓိပ္ပါယ်နှင့် ဆင်တူသည်။
သူမရှေ့မှ လူငယ်လေးသည် ဓားဆန္ဒကို နားလည်ထားသောကြောင့် မူလဘူတ နယ်ပယ်အဆင့်သို့ မရောက်သေးလျှင်ပင် ရှန်းထျန်းလုံနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိနေ၏။
"ကောင်လေး.. မင်း.. မင်းက ဘယ်သူလဲ"
ထျန်းလုံ ကိုယ်ရံတော် လေးယောက်ကို ကျန်းချန်က အမှန်တကယ် သတ်ပစ်လိုက်သည်ကို မြင်လျှင် ရှန်းထျန်းရှုံးသည် ကြောက်လန့်မှုကနေ ပြန်လည်သက်သာရန် အချိန်အတော်ကြာယူခဲ့ရသည်။
ထျန်းလုံ ကိုယ်ရံတော် လေးယောက်သည် သူ့အစ်ကို ရှန်းထျန်းလုံပြီးလျှင် သူတို့ ထျန်းလုံကျိုက်၏ အဓိက အင်အားလည်း ဖြစ်သည်။
ယခုမူ သူ့ရှေ့မှ ကောင်လေးသည် အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်၏။
ဤကောင်လေးက ဤမျှလောက် အင်အားကြီးမားလိမ့်မည်ဟု ရှန်းထျန်းရှူံး မမျှော်လင့်ခဲ့ပေ။
"ငါဘယ်သူလဲဆိုတာ မင်းသိဖို့ မထိုက်တန်ဘူး"
"ဒီနေ့ ငါလူမသတ်ချင်ဘူး.. မင်းရဲ့ လူတွေကို ခေါ်ပြီး ဒီနေရာကနေ အမြန် ထွက်သွားတော့"
"နောက်ပြီး သုံးရက်အတွင်း ဖုန်းဟော်မြို့ကို လာပြီး ငါ့ကိုလာရှာဖို့ ရှန်းထျန်းလုံကို ပြောလိုက်.. မဟုတ်ရင် အကျိုးဆက်တွေကို သူ ခံယူရလိမ့်မယ်"
ကျန်းချန်က ရှန်းထျန်းရှုံးကို ခပ်ယဲ့ယဲ့ပြုံး၍ ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ကောင်လေး.. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"
ကျန်းချန်၏ အလွန်တင်စီးသည့် စကားများသည် ရှန်းထျန်းရှုံးကို ချက်ချင်းဆိုသလို ဒေါသအိုးပေါက်ကွဲစေခဲ့၏။
သူက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းက အင်အားနည်းနည်းပါးပါး ကြီးတာနဲ့ပဲ ငါတို့ ထျန်းလုံကျိုက်က မင်းကို ကြောက်မယ်လို့ မထင်နဲ့.. ငါအကြံတစ်ခုပေးမယ်.. မင်း.."
"ဝုန်းး"
သို့သော် ရှန်းထျန်းရှုံး၏ စကား မဆုံးခင်မှာပင် ကျန်းချန်သည် ချက်ချင်းဆိုသလို ကောင်းကင်ခြေလှမ်းကို ထုတ်သုံးလိုက်ပြီး ရှန်းထျန်းရှုံး၏ ဦးခေါင်းအထက်တွင် ပေါ်လာကာ ရှန်းထျန်းရှုံကို ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။
"ဝေါ့"
ရှန်းထျန်းရှုံးက ဒူးညွတ်ကျသွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။
ကျန်းချန်က ရှန်းထျန်းရှုံးကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
သူ၏ အေးစက်သော လေသံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"မင်း ဘာလို့ သောက်အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ.. မသေချင်ရင် ဒီကနေ မြန်မြန် ထွက်သွားစမ်း"
"သုံးရက်အတွင်း ငါ့ကိုလာတွေ့ဖို့ ရှန်းထျန်းလုံကိုပြောလိုက်..
"မဟုတ်ရင် သုံးရက်အတွင်း မင်းတို့ရဲ့ ထျန်းလုံကျိုက်ကို ငါ မြေလှန်ပစ်မယ်"
ရှန်းထျန်းရှုံက ရှက်ရွံ့သောအမူအရာဖြင့် မြေပြင်ကနေ ထလာခဲ့သည်။
ကျန်းချန်၏ အေးစက်စက် လူသတ်ငွေ့ကို ခံစားမိလျှင် သူက ချက်ချင်းပင် အလွန် ကြောက်လန့်သွားခဲ့၏။
သူက ခဏလေးပင် မတုံ့ဆိုင်းဝံ့ဘဲ ထျန်းလုံကျိုက်မှ လူများနှင့် အတူ ဖုန်းဟော်မြို့ကနေ ကပျာကယာ ထွက်ခွာသွားခဲ့သည်။
"ဆရာ.. ဆရာကျန်း.. ငါတို့ ဟော်မိသားစုကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထျန်းလုံကျိုက်မှ လူများ ထွက်သွားပြီးနောက်တွင် ဟော်ကျိလွမ်သည် သူမ၏ လူများနှင့် အတူ ကျန်းချန်ဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။
သူမက ကျန်းချန်ကို ကြည့်၍ တောင်းပန်စကား ပြောလိုက်၏။
"မနေ့က လင်ယွင်မြို့မှာ ကျွန်မ ရှင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိခဲ့တယ်.. ရှင် စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်"
"ရပါတယ်... မနေ့က ဖြစ်ခဲ့တာတွေကို ငါမေ့လိုက်ပါပြီ"
"အခု မင်းတို့ရဲ့ ဟော်မိသားစုကို ကူညီရမဲ့ မစ်ရှစ်ကို ငါ လက်ခံထားတယ်.. ဒါကြောင့် မင်းတို့အတွက် ထျန်းလုံကျိုက်ကို ဖြေရှင်းပေးဖို့က ငါ့ရဲ့ တာဝန်ပါပဲ"
ကျန်းချန်က ဟော်ကျိလွမ်ကို ပေါ့ပါးစွာ ပြုံးပြ၍ ပြောလိုက်သည်။
"ဆရာကျန်းက ဟော်မိသားစုရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးမယ်ဆိုတာ သိရလို့ ကျိလွမ် ကျေးဇူးတင်ပါတယ်"
"ဒါပေမယ့်... ကျိလွမ်မှာ တောင်းဆိုချက်တစ်ခု ရှိပါသေးတယ်.. ဆရာကျန်း သဘောတူမယ်လို့ မျှော်လင့်ပါတယ်"
စကားဆုံးသည်နှင့် ဟော်ကျိလွမ်သည် သူမ၏ သွားများကို အံကြိတ်ကာ ကျန်းချန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။
အခန်း(၁၂၁) ပြီး၏