← Chapters

အခန်း(၁၂၄)

Vol. 9 Ch. 124

အခန်း(၁၂၄)

Vol. 9 Ch. 124

"ကောင်းပြီ.. ကျမ လူတွေကို ပြင်ဆင်ခိုင်းလိုက်မယ်"

ဟော်ကျိလွမ်က လုံးဝ တုံ့ဆိုင်းမနေဘဲ ကျန်းချန်ရေးထားသည့် ဆေးဖက်ဝင်ပစ္စည်းစာရင်းကို ချက်ချင်းယူကာ သူမ၏ လူများကို ပြင်ဆင်ခိုင်းလိုက်သည်။

အဘိုးကြီးကမူ ကျန်းချန်ကို လှောင်ပြုံးဖြင့် ကြည့်နေခဲ့၏။

အဘိုးကြီးနာမည်က လုယွမ်ဟွာဖြစ်ပြီး ဖုန်းဟော်မြို့၏ အတွေ့အကြုံရင့် တတိယအဆင့် သားရဲသခင် တစ်ဦး ဖြစ်သည်။

ဟော်မိသားစုက သူ့ကို ဖိတ်ခေါ်ပြီးကတည်းက မီးလျှံကျားရဲ့ ဒဏ်ရာများကို ဆယ်ကြိမ်ထက်မနည်း စစ်ဆေးခဲ့ပြီးပြီ ဖြစ်၏။

ဤအချိန်အတွင်းတွင် သူသည် မီးလျှံကျားကို ကုသရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားခဲ့သော်လည်း မည်သို့မှ အလုပ်မဖြစ်ခဲ့ပေ။

ယခုအခါတွင် သူရှေ့မှ ကောင်လေးက မည်သို့သော လှည့်ကွက်မျိုး လုပ်ပြမလဲဆိုသည်ကို သိချင်နေမိသညိ။

ကျန်းချန်နဲ့ လုယွမ်ဟွာတို့သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။

နာရီဝက်ခန့် အကြာတွင် ဟော်ကျိလွမ်သည် ဟော်မိသားစု အစေခံနှစ်ယောက်ကို ဆေးရည် နှစ်ပုံး သယ်လာခိုင်းခဲ့သည်။

ထိုအချင်းအရာကို မြင်လျှင် လုယွမ်ဟွာသည် မဲ့ပြုံးပြုံး၍ ပြောလိုက်၏။

"ကောင်လေး.. မင်းက ဒီဆေးရည်တွေကိုသုံးပြီး မီးလျှံကျားကို ကယ်မယ်လို့တော့ ငါ့ကို မပြောနဲ့နော်"

ကျန်းချန်က ဂရုမစိုက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ပြဿနာရှိလို့လား"

"ကောင်လေး.. မင်းက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ.. ဒီမှာ ဟန်ရေးလာပြနေတာ မရှက်ဘူးလား"

"ဒီမီးလျှံကျားက အသက်မျှဝေတဲ့ စာချုပ်ကြောင့် အသက်ဆက်နေတာပဲ.. သူ့ရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ ဆုံးရှုံးသွားပြီဆိုတာ မင်းမသိဘူးလား"

"မင်းရဲ့ဆေးရည်က တကယ့်ကို အံ့ဖွယ်ဆေးရည် ဖြစ်ရင်တောင် သူ လုံးဝ စုပ်ယူနိုင်မှာ မဟုတ်ဘူး"

လုယွမ်ဟွာက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"စုပ်ယူနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိတာပေါ့"

"သူ့ဘာသာသူ စုပ်ယူနိုင်မှတော့ သားရဲပညာရပ်က ဘာလုပ်ဖို့လိုအပ်နေဦးမှာလဲ"

ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

သူက အဘိုးကြီးနှင့် အဓိပ္ပာယ်မဲ့သော စကားများ ပြောနေရသည်ကို ညီးငွေ့လာ၏။

သူက ဆေးရည်နှစ်ပုံးကို လက်နှစ်ဖက်နှင့် ညွှန်ပြလိုက်ရုံဖြင့် ဆေးရည်ပုံး နှစ်ပုံးသည် မီးလျှံကျား၏ ဦးခေါင်းအထက် သုံးမီတာအမြင့်သို့ ပျံတက်သွားခဲ့၏။

ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ဆေးရည်များသည် အောက်ဘက်ရှိ မီးလျှံကျားဆီကို အလျင်အမြန် စီးကျလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို သွက်လက်စွာ ပြုလုပ်လိုက်ပြီး မီးလျှံကျား၏ ခန္ဓာကိုယ်ပေါ်တွင် စည်းတံဆိပ် ၁၂ခုကို ဆက်တိုက် ဖန်တီးလိုက်၏။

ယင်းနောက်တွင် လေထဲမှ စီးကျလာသည့် ဆေးရည်များသည် မီးလျှံကျား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အံ့အားသင့်စရာ ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်လာ၏။

ဆေးရည်များက မီးလျှံကျား၏ ခန္ဓာကိုယ်ပေါ်ကို ကျသွားသော်လည်း မျှော်လင့်ထားသလို အောက်သို့ လျှောကျမသွားခဲ့ပေ။

ကျန်းချန်၏ စည်းတံဆိပ် ဆွဲငင်အားအောက်တွင် ထိုဆေးရည်များကို မီးလျှံကျားက တိုက်ရိုက် အလျင်အမြန် စုပ်ယူသွားခဲ့၏။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ့မျက်လုံးနှင့် မယုံနိုင်စရာ မြင်ကွင်းကို မြင်လိုက်ရလျှင် လုယွမ်ဟွာသည် အံ့အားသင့်လွန်း၍ မျက်လုံးများ ကျွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

ခဏအကြာမှသာ လုယွမ်ဟွာသည် အံ့အားသင့်မှုကနေ ပြန်လည် သက်သာလာခဲ့၏။

သူ့စိတ်ထဲတွင် သားရဲထိန်းချုပ်မှုနှင့် ပတ်သက်သည့် ရှေးဟောင်း စာအုပ်တစ်အုပ်တွင် မတော်တဆ ဖတ်ဖူးသည့် အကြောင်းအရာကို ရုတ်တရက် သတိရမိသွားသည်။

ထိုရှေးဟောင်းစာအုပ်ထဲတွင် ရှေးခေတ်သားရဲ ထိန်းချုပ်ရေးနည်းစနစ် နှင့် ပတ်သက်သည့် မှတ်တမ်းတချို့ ပါရှိ၏။

ကျန်းချန် ယခုသုံးနေသည့် နည်းလမ်းများသည် ထို ရှေးဟောင်း စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် အခြေအနေနှင့် အနည်းငယ် ဆင်တူနေသည်။

"ဒါ... ဒါက ဒဏ္ဍာရီလာ ရှေးခေတ် သားရဲထိန်းချုပ်ရေး နည်းစနစ်လား"

"မင်း.. မင်းက တကယ်ပဲ ဒဏ္ဍာရီလာ ရှေးခေတ်သားရဲထိန်းချုပ်ရေး နည်းစနစ်ကို တတ်မြောက်နေတယ်လား"

လုယွမ်ဟွာက ချက်ချင်းပင် အလွန်တရာ ထိတ်လန့်သွားခဲ့၏။

သူ၏ စကားများပင် အနည်းငယ် မချောမွေ့တော့ပေ။

"မင်းက ရှေးခေတ်သားရဲ ထိန်းချုပ်ရေး နည်းစနစ် ဆိုတာကို သုံးသပ်နိုင်သေးတယ် ဆိုတော့ ဗဟုသုတ နည်းနည်းပါးပါး ရှိသားပဲ"

"ဟုတ်တယ်.. ငါ အခု အသုံးပြုနေတဲ့ ပညာရပ်က ရှေးခေတ် သားရဲ ထိန်းချုပ်ရေး နည်းစနစ်ထဲက သားရဲ အဆင့်တက်ခြင်း ပညာရပ်ပဲ"

"ဒီနေ့ ငါက ဒီရှေးခေတ် သားရဲထိန်းချုပ်ရေး နည်းစနစ်ကို သုံးပြီး ဒီမီးလျှံကျားကို တတိယအဆင့်သားရဲ အဖြစ် အောင်မြင်စွာ အဆင့်တက်စေမယ်"

ကျန်းချန်၏ တိုးညင်းသော စကားသံဆုံးသည်နှင့် လေထဲကနေ စီးကျလာသည့် ဆေးရည် နှစ်ပုံးလုံးကို မီးလျှံကျားက စုပ်ယူသွားခဲ့သည်။

ကျန်းချန်က လုံးဝ မဆိုင်းမတွပင် သူ့လက်များကို ရင်ဘတ်နားကပ်၍ လက်ဟန်များ ထပ်မံ ပြုလုပ်လိုက်၏။

မကြာခင်မှာပင် မီးလျှံကျား၏ ခန္ဓာကိုယ်ပေါ်မှ စည်းတံဆိပ်များသည် မီးလျှံကျား၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း မြုပ်ဝင်သွားခဲ့သည်။

အခန်း(၁၂၄) ပြီး၏

All Chapters