အခန်း(၁၂၆)
Vol. 9 Ch. 126
ကျန်းချန်က စစ်ဆေးရေးဂိတ်ရှိ အစောင့်များကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ ထျန်းလုံကျိုက်ရဲ့ခေါင်းဆောင် ရှန်းထျန်းလုံကို စာရင်းရှင်းဖို့ ငါလာတာပဲ"
"မင်းလို မလောက်လေးမလောက်စား ကောင်လေးက ထျန်းလုံကျိုက်ကို စော်ကားရဲတယ်ဆိုတော့ သေချင်နေတာပဲ ဖြစ်ရမယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ထျန်းလုံကျိုက် အဖွဲ့ဝင်များသည် ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။
သူတို့က လက်နက်များကို ဝှေ့ယမ်းကာ ဂျန်ချန်ဆီသို့ ပြေးဝင်လာကြ၏။
တိုက်ခိုက်သံများက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထျန်းလုံကျိုက် အဖွဲ့ဝင်များသည် အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ကျန်းချန် လက်ချက်ဖြင့် လေထဲကို မြောက်တက်သွားပြီး တစ်ဖက်မှ ချောက်ကမ်းပါးဆီသို့ ပြုတ်ကျသွားခဲ့၏။
ဂိတ်စောင့် အဖွဲ့ဝင်များကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် မတ်စောက်သည့် တောင်တက်လမ်း အတိုင်း ဆက်လက် လျှောက်လာခဲ့သည်။
ထျန်းလုံကျိုက်က အလွန် လုံခြုံရေး အားကောင်းပြီး မီတာငါးရာ အကွာအဝေးတိုင်းတွင် စစ်ဆေးရေးဂိတ်တစ်ခုကို တည်ဆောက်ထား၏။
မကြာခင်မှာပင် ကျန်းချန်သည် ဒုတိယ စစ်ဆေးရေးဂိတ်ကို ရောက်ရှိလာသည်။
သို့သော် ဤစစ်ဆေးရေးဂိတ် အဆင့်များသည် ကျန်းချန်အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဟုတ်ခဲ့ပေ။
တခဏအတွင်း ကျန်းချန်သည် စစ်ဆေးရေးဂိတ် သုံးဂိတ်ကို ဆက်တိုက် ဖြတ်ကျော်ပြီး ထျန်းလုံတောင်၏ အရေးပါသော နေရာသို့ ရောက်လာခဲ့၏။
ကျန်းချန်က ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ အုတ်မြို့ရိုးတစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။
ဤသည်မှာ မီတာဆယ်ချီ မြင့်မားသည့် ကြီးမားသည့် မြို့ရိုးကြီး ဖြစ်၏။
၎င်းကို တောင်စောင်းတွင် တည်ဆောက်ထားပြီး နံရံများကို ကြီးမားသည့် ကျောက်ပြားများနှင့် ပြုလုပ်ထား၍ ကောင်းကင် ခံတပ် တစ်ခုနှင့်ပင် ဆင်တူနေ၏။
"ကောင်လေး.. မင်း ဘယ်သူလဲ.. ငါတို့ ထျန်းလုံကျိုက်ကို ဘာလို့ ပြဿနာလာရှာတာလဲ"
ကျန်းချန်က ထျန်းလုံကျိုက်၏ ဂိတ်ရှေ့တွင် ထွက်ပေါ်လာသည်ကိုမြင်လျှင် မြို့ရိုးနံရံပေါ်မှ အေးစက်စက် ရေရွတ်သံကို ကြားလိုက်ရသည်။
ကျန်းချန်က ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်တော့ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူး ထျန်းလုံကျိုက် အဖွဲ့ဝင် တစ်ယောက်သည် မြို့ရိုးပေါ်ကနေ ခက်ထန်စွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ငါက ရှန်းထျန်းလုံကို စာရင်းရှင်းဖို့ လာခဲ့တာပဲ"
"မင်းတို့ ခေါင်းဆောင် ရှန်းထျန်းလုံကို အမြန် အကြောင်းကြားပြီး ငါ့ရှေ့မှာ လာသေခိုင်းလိုက်"
ကျန်းချန်က မြို့ရိုးပေါ်ရှိ မျက်ခုံးထူထူ လူကြီးကို ကြည့်ကာ ပြောလိုက်သည်။
သူ့အသံက လေထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့၏။
"ဟမ့်.. ငါတို့ ထျန်းလုံကျိုက်ကို ပြဿနာရှာဖို့ တစ်ယောက်တည်း လာရဲတယ်ပေါ့လေ.. ငါတို့ကို ပြဿနာရှာဖို့ အဲဒီလောက်ထိ လွယ်ကူမယ်လို့ တကယ်ပဲ ထင်နေတာလား"
"အခြေအနေနားလည်ရင် ထျန်းလုံတောင်ကနေ ချက်ချင်း ထွက်သွားလိုက် ကောင်စုတ်လေး"
"မဟုတ်ရင်... မင်း ခြေတစ်လှမ်းတိုးတာနဲ့ ငါမင်းကို သတ်ပစ်မယ်"
မျက်ခုံးထူထူ လူကြီးက အေးစက်သော မျက်နှာထားဖြင့် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ တခဏအတွင်း မြို့ရိုးပေါ်တွင် လူများစွာ ထွက်ပေါ်လာခဲ့၏။
သူတို့အားလုံးသည် လက်ထဲတွင်ကိုင်ထားသော လေးဖြင့် ကျန်းချန်ကို ပစ်လွှတ်ရန် အသင့်ပြင်ထားလိုက်ကြသည်။
ကျန်းချန်နှင့် ထျန်းလုံကျိုက်မှ လူများ အခြေအတင် ဖြစ်နေချိန်မှာပင် ကျန်းချန်၏ အနောက်ဘက်ကနေ ခြေသံတချို့ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် စကားပြောသံ တစ်သံက လေနဲ့အတူ ပါလာခဲ့သည်။
"ညီနောင် နန်ကုန်း.. မျှော်လင့်ထားတဲ့အတိုင်း တစ်ယောက်ယောက်က ငါတို့ထက် အရင်တက်လာတာပဲ.. ဒါပေမယ့် အခြေအနေအရ ငါတို့ နောက်မကျသေးပါဘူး"
"ဟမ့် ဘာပဲဖြစ်ဖြစ် ရှန်းထျန်းလုံရဲ့ ခေါင်းက ငါ့အပိုင်ပဲ...ငါ့ဆီကနေ လုယူရဲတဲ့ ဘယ်သူမဆို ငါ့ကို မယဉ်ကျေးဘူးလို့ ပြောဖို့မစဥ်းစားနဲ့"
"ရှန်းထျန်းလုံရဲ့ ခေါင်းကိုယူနိုင်ရင် ညီနောင်နန်းကုန်းက ဆုလဒ်အဖြစ် ကောင်းကင်စိတ်ဝိညာဥ် ဆေးလုံးကို ရယူနိုင်ပြီး မူလဘူတအဆင့်ကို ဖြတ်ကျော်နိုင်မှာ သေချာတယ်.. အချိန်ကျရင် စီရင်စုကိုးခုပြိုင်ပွဲမှာ သေချာပေါက် တောက်ပနိုင်လိမ့်မယ်"
ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားပြီး နောက်ကို လှည့်ကြည့်လိုက်ရာ မြို့ရိုးနားကို လျှောက်လှမ်းလာသည့် ပုံရိပ်သုံးခုကို တွေ့လိုက်ရသည်။
ကျန်းချန်က မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်သုံးယောက်ကို ကြည့်နေသည့်အချိန်မှာပင် ထိုအုပ်စုထဲမှ ခန့်ညားပြီး သိမ်မွေ့ပုံရသည့် ချောမောသော လူငယ်က သူဆီသို့လျှောက်လာခဲ့၏။
မကြာခင်မှာပင် လူငယ်၏ အာဏာရှင်ဆန်သော အသံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"ကောင်လေး.. ငါနန်းကုန်းရီက ထျန်းလုံကျိုက်ရဲ့ခေါင်းဆောင် ရှန်းထျန်းလုံရဲ့ ခေါင်းကို အလိုရှိတယ်.. ဒါကြောင့် ငါ့ဆီကနေ လုယူဖို့ စိတ်တောင်မကူးနဲ့"
အခန်း(၁၂၆) ပြီး၏