အခန်း(၁၂၇)
Vol. 9 Ch. 127
"မင်းတို့က ကျီယွင်ကျောင်းတော်ကလား"
ကျန်းချန်က ယခုမှ ရောက်လာသည့် သုံးယောက်ကို ကြည့်ကာ မေးလိုက်သည်။
ထိုသုံးယောက်လုံးက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်"ကျီယွင်" ဆိုသည့် စာလုံးကို တောက်ပစွာ ပန်းထိုးထား၍ ကျန်းချန်သည် အလွယ်တကူပင် ခန့်မှန်းနိုင်ခဲ့သည်။
သူ့ရှေ့မှ လူသုံးယောက်သည် ကျီယွင်ကျောင်းတော်မှ ကျောင်းသားများ ဖြစ်ပုံရသည်။
ကျီယွင်ကျောင်းတော်သည် လင်ယွင်စီရင်စု၏ အနောက်ဘက်တွင် တည်ရှိပြီး ဖုန်းဟော်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေ၏။
သို့သော် ကျီယွင်ကျောင်းတော်၏ ကျောင်းသား သုံးယောက်သည် ကျန်းချန်အတွက် ခြိမ်းခြောက်မှု မဟုတ်ခဲ့ပေ။
"ဟုတ်တယ်.. ငါတို့က ကျီယွင်ကျောင်းတော်က ကျောင်းသားတွေပဲ"
"ညီနောင် နန်းကုံးက ငါတို့ ကျီယွင်ကျောင်းတော်ရဲ့ ကျီယွင်စာရင်းမှာ ထိပ်ဆုံး သုံးယောက်စာရင်းဝင်ပဲ"
ထိုအချိန်မှာပင် နန်းကုံးရီ၏ အနောက်ကနေ ချောမောသည့် မိန်းကလေးတစ်ယောက်သည် တိုက်ရိုက် ထွက်လာခဲ့၏။
သူမက မာန်တက်နေပုံရပြီး ဂျန်ချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
"နင့်ရဲ့ အဝတ်အစားကို ကြည့်ရတာ နင်က လင်ယွင်ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်ပုံရတယ်"
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်.. ငါက လင်ယွင်ကျောင်းတော်ရဲ့ အတွင်းစည်းနန်းတော်က ကျောင်းသားတစ်ယောက်ပါ"
"လင်ယွင်ကျောင်းတော်က မဟာရှားနိုင်ငံရဲ့ စီရင်စုကိုးခု ကျောင်းတော်တွေ ထဲမှာ ဘိတ်ချေးနေရာကကျောင်း မဟုတ်လား"
"လင်ယွင်ကျောင်းတော်ရဲ့ အတွင်းနန်းတော် ကျောင်းသားတစ်ယောက်အနေနဲ့ ထျန်းလုံတောင်ကို တစ်ယောက်တည်း တက်လာတာက သေလမ်း ရှာနေတာပဲဆိုတာ နင်မသိဘူးလား"
"ဟားဟား... ကောင်လေး.. မင်းကို လင်ယွင်ကျောင်းတော်ရဲ့ အကြီးအကဲက ချောက်ချလိုက်ပြီထင်တယ်.. ထျန်းလုံကျိုက်ရဲ့ ခေါင်းဆောင် ရှန်းထျန်းလုံက ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူဆိုတာ မင်းကို မပြောပြဘူးလား"
"မင်း အလဟဿ မသေချင်ရင် ရှန်းထျန်းလုံရဲ့ ခေါင်းကို ငါတို့နဲ့ လွှဲပေးပြီး လာရာလမ်းအတိုင်း ပြန်လှည့်လိုက်တော့"
တစ်ဖက်မှ ဓားရှည်ကိုင်ထားသည့် ကောင်လေးက ရယ်မော၍ ပြောလိုက်သည်။
ကျီယွင်ကျောင်းတော်မှ ကျောင်းသား နှစ်ယောက်၏ အထင်သေးစွာ လှောင်ပြောင်မှုများကို ကျန်းချန် လုံးဝ ဂရုမစိုက်ပေ။
သူက နန်းကုန်းရီကိုသာ မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။
"တကယ်ပဲ.. ငါက မင်းကို ရှန်းထျန်းလုံရဲ့ ခေါင်းကို ယူနိုင်မဲ့အခွင့်အရေး ပေးရမှာလား"
"သိပ်သေချာတာပေါ့.. ပထမအချက်အနေနဲ့ မင်းတို့ လင်ယွင်ကျောင်းတော်မှာ လင်ယွမ်စာရင်းက နံပါတ်တစ်နေရာမှာရှိတဲ့ ဝူဖေးလုံကလွဲရင် ဘယ်သူမှ ရှန်းထျန်းလုံကို မသတ်နိုင်ဘူး.. တကယ်တော့ ငါက မင်းအသက်ကို ကယ်နေတာပါ"
"ဒုတိယအချက်အနေနဲ့ မင်း ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ရှန်းထျန်းလုံရဲ့ ခေါင်းက ငါ့အတွက်ပဲ.. ငါ့ဆီကနေ လုယူရဲရင် ငါက အဲဒီလူကို သတ်ပစ်မယ်"
နန်းကုန်းရီက မာန်တက်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ငါက ထျန်းလုံတောင်ကို ပြဿနာလေးတစ်ခု ဖြေရှင်းဖို့ လာတာပါ.. ရှန်းထျန်းလုံရဲ့ ခေါင်းအတွက် မဟုတ်ပါဘူး"
"မင်းတို့ သုံးယောက်က ရှန်းထျန်းလုံရဲ့ ခေါင်းကို ဒီလောက်ထိ စိတ်ဝင်စားနေမှတော့ မင်းတို့ကိုပဲ လွှဲထားခဲ့တော့မယ်"
ကျန်းချန်က သူ့ရှေ့မှ လူသုံးယောက်ကို ပေါ့ပါးစွာ ကြည့်ရင်း စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။
ဤကျီယွင်ကျောင်းတော်မှ ကျောင်းသား သုံးယောက်သည် ရှန်းထျန်းလုံ တစ်ယောက် မူလဘူတ နယ်ပယ်အဆင့်ကို ဖြတ်ကျော်သွားပြီမှန်း မသိကြသေးပေ။
ခဏနေ ရှန်းထျန်းလုံနှင့် ရင်ဆိုင်ရသောအခါတွင် ထိုသုံးယောက် မည်မျှ ကြောက်ဒူးတုန်နေမည်ကို သူအလွန် သိချင်နေမိသည်။
နန်းကုန်းရီက ကျန်းချန်၏ စကားများကို ကြားပြီးနောက်တွင် ကျန်းချန်ကို လျစ်လျူရှုလိုက်ပြီး မြို့ရိုး ဂိတ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
"ကောင်လေး.. နင့်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်"
ကျီယွင်ကျောင်းတော်မှ အမျိုးသမီးက ဂျန်ချန်ကို အောင်နိုင်သူကဲ့သို့ ကြည့်လိုက်ပြီး နန်းကုန်းရီ၏ နောက်သို့ အလျင်အမြန် ပြေးလိုက်သွားခဲ့သည်။
"ဟမ့်.. နို့နံ့တောင်မစင်သေးတဲ့ ကောင်လေးတွေကများ ငါတို့ ထျန်းလုံကျိုက်ကို စိန်ခေါ်ရဲတယ်ပေါ့လေ"
"သူတို့ကို မြှားနဲ့ပစ်သတ်လိုက်"
နန်းကုန်းရီတို့ သုံးယောက် မြို့ရိုးဂိတ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်ကို မြင်လျှင် မြို့ရိုးပေါ်ရှိ မျက်ခုံးထူထူ လူကြီး၏ မျက်နှာသည် ရုတ်တရက် အေးစက်သွား၏။
သူ၏ လက်ကြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မြှားများသည် နန်းကုန်းရီတို့ သုံးယောက်ဆီသို့ စုပြုံ၍ ကျရောက်လာခဲ့သည်။
"ပုရွက်ဆိတ်လေးတွေကများ.. ဟမ့်.. သွားသေလိုက်တော့"
နန်းကုန်းရီ၏ မျက်နှာက အေးစက်သွားသည်။
သူက လက်နှစ်ဖက်ကို လေထဲတွင် ဝှေ့ရမ်းလိုက်ရာ သူ၏ ပြင်းထန်သော ချီစွမ်းအင်သည် ချက်ချင်းပင် ဧရာမ လက်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး စုပြုံတိုးဝင်လာသည့် မြှားအားလုံးကို ဖမ်းယူလိုက်၏။
ထို့နောက်တွင် သူသည် မြားများကို မြို့ရိုးဆီသို့ ပြန်လည် ပစ်လွှတ်လိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မြို့ရိုးပေါ်၌ နာကျင်သော အော်ဟစ်သံများ အစီအရီ ထွက်ပေါ်လာခဲ့၏။
အခန်း(၁၂၇) ပြီး၏