အခန်း(၁၂၈)
Vol. 9 Ch. 128
နန်းကုန်းရီက တစ်ချက်တည်းဖြင့် မြို့ရိုးပေါ်မှ လေးသမားအားလုံးကို သတ်ပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း မြို့ရိုးပေါ်တွင် မျက်ခုံးထူထူ လူကြီးတစ်ယောက်သာ ကျန်ရှိတော့၏။
"မင်း.. မင်းတို့က ဘယ်သူတွေလဲ"
မျက်ခုံးထူထူ လူကြီးက နန်းကုန်းရီကို ကြောက်လန့်တကြား အမူအရာဖြင့် ကြည့်လိုက်သည်။
"ငါက ကျီယွင်ကျောင်းတော်က နန်းကုန်းရီ.. ငါဒီနေ့ ထျန်းလုံတောင်ကို လာတာက ရှန်းထျန်းလုံရဲ့ ခေါင်းကို ယူဖို့ပဲ"
"မင်း မသေချင်ရင် ငါ့ရှေ့က ဖယ်ပေးစမ်း"
နန်းကုန်းရီ၏ အေးစက်စက် ကြုံးဝါးသံက ထွက်ပေါ်လာခဲ့၏။
ထို့နောက် သူက ပိတ်ထားသည့် ဂိတ်တံခါးကို လက်သီးဖြင့် ချက်ချင်း ထိုးခွဲလိုက်သည်။
"ဝုန်း"
ဂိတ်တံခါးက ပျက်စီးသွားခဲ့သည်။
နန်းကုန်းရီက ဂိတ်တံခါးကို ထိုးဖောက်ပြီးနောက် အထဲကို ဝင်ဖို့ လုပ်နေစဥ်မှာပင် အေးစက်သော အသံတစ်သံသည် အထဲကနေ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
"ဟမ့်.. ကျီယွင်ကျောင်းတော်ရဲ့ ကျောင်းသားလေးတွေက ငါ့နေရာမှာ ရမ်းကားရဲနေပါလား"
"ငါရှန်းထျန်းလုံရဲ့ ခေါင်းကို မင်းတို့ လိုချင်တာနဲ့ပဲ ရယူနိုင်မယ်လို့ ထင်နေလား"
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ခံ့ညားသော လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် ဂိတ်တံခါး အတွင်းဘက်ကနေ အဖွဲ့ဝင် တချို့ကို ဦးဆောင်ကာ ထွက်လာခဲ့သည်။
ထိုလူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကနေ ရုန့်ရင်းသော အရှိန်အဝါများ ထုတ်လွှတ်နေ၏။
နန်းကုန်းရီက သူ့ရှေ့မှ အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းကြီးကို မထီမဲ့မြင် ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"မင်းက ထျန်းလုံကျိုက်ရဲ့ ခေါင်းဆောင် ရှန်းထျန်းလုံလား"
"ငါက ရှန်းထျန်းလုံပဲ"
ရှန်းထျန်းလုံက ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် နန်းကုန်းရီကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
"မင်းက ငါ့ခေါင်းကို ယူချင်တယ်လို့ ပြောလိုက်တာ ငါကြားလိုက်ရတယ်"
"ဟုတ်တယ်.. မင်းရဲ့ ခွေးခေါင်းကို ငါနန်းကုန်းရီက ဒီနေ့ကျိန်းသေယူပြမယ်"
စကားပြောရင်း နန်းကုန်းရီက ဓားရှည်တစ်လက်ကို ထုတ်လိုက်သည်။
ထို့နောက် သူ့လက်ထဲမှ ဓားရှည်ဖြင့် ရှန်းထျန်းလုံကို ချိန်ရွယ်ကာ ပြောလိုက်သည်။
"မင်းကိုယ်တိုင် ဖြတ်မလား ဒါမှမဟုတ် ငါကိုယ်တိုင် ဖြတ်ပေးရမလား"
"ဟားဟား... ငါ ရှန်းထျန်းလုံရဲ့ ခေါင်းကို လိုချင်ရအောင် မင်းက ထိုက်တန်မှု ရှိလို့လား"
"ငါ့ရဲ့ ထျန်းလုံကျိုက်မှာ လာရမ်းကားရဲမှတော့ ဒီနေရာက မင်းတို့ရဲ့ သင်္ချိုင်းပဲ ဖြစ်စေရမယ်"
ရှန်းထျန်းလုံက ကောက်ကျစ်စွာ ရယ်မောလိုက်၏။
ရုတ်တရက် သူ့လက်ထဲတွင် ရွှေရောင်ဓားရှည် တစ်လက် ပေါ်လာသည်။
ထို့နောက် လက်ထဲမှ ရွှေရောင်ဓားရှည်ဖြင့် အလျားလိုက် ခုတ်ချလိုက်ရာ ထက်မြသော ဓားအလင်းလှိုင်းသည် လျှပ်စီးလို အမြန်နှုန်းဖြင့် နန်းကုန်းရီ ထံသို့ ရောက်လာခဲ့၏။
ရှန်းထျန်းလုံ ဓားဖြင့် ခုတ်လိုက်သည့်အချိန်တွင်
အမြဲတမ်း တည်ငြိမ်အေးဆေးနေသော နန်းကုန်းရီသည် အဆုံးသတ်တွင် ကူကယ်ရာမဲ့စွာဖြင့် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ရှန်းထျန်းလုံ.. မင်း... မင်းက မူလဘူတ အဆင့် ကျင့်ကြံသူလား"
သူ့ဆီသို့ ရောက်လာသည့် ဓားအလင်းလှိုင်းကို ကြည့်ပြီး နန်းကုန်းရီက ချက်ချင်းပင် အလွန်တရာ ကြောက်လန့်သွားခဲ့သည်။
သူက လုံးဝ မတုံ့ဆိုင်းဝံ့ဘဲ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။
သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လျှပ်စီးလိုအမြန်နှုန်းဖြင့် အဖော်အဖြစ် လိုက်ပါလာသည့် အမျိုးသားနှင့် အမျိုးသမီး၏ ပခုံးများကို ဆုပ်ကိုင်လိုက်၏။
မကြာခင်မှာပင် ထိုကျောင်းသား နှစ်ယောက်၏ မယုံကြည်နိုင်သော အကြည့်အောက်မှာပင် သူက ၎င်းတို့ကို ဓားအလင်းလှိုင်းဆီ ပစ်လွှတ်လိုက်သည်။
ထက်မြက်သော ဓားအလင်းလှိုင်းက ကျောင်းသား နှစ်ယောက်ကို ချက်ချင်းပင် ထိမှန်သွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့၏။
"ဒီကမိတ်ဆွေ.. ရှန်းထျန်းလုံက မူလဘူတ နယ်ပယ်အဆင့်ကို ဖြတ်ကျော်သွားပြီ.. ငါတို့ အတူတူ ပူးပေါင်းမယ်ဆို သူ့ကို တိုက်ခိုက်နိုင်လိမ့်မယ်"
"မဟုတ်ရင်... ငါတို့ထဲက ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
နန်းကုန်းရီက ကျန်းချန်ကို စည်းရုံးလိုက်သည်။
"မင်းနဲ့ လက်တွဲပြီး ဘာလို့ တိုက်ခိုက်ရမှာလဲ.. ဘာလဲ မင်းက ငါ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးဖို့ စဥ်းစားနေတာလား"
"ဂုဏ်သိက္ခာရှိတဲ့ ကျီယွင်စာရင်းထဲမှာ ပါဝင်တဲ့ ပါရမီရှင်က အသက်ရှင်ဖို့အတွက် အဖော်အပေါင်းတွေကို စတေးပစ်ဖို့ ဝန်မလေးဘူး"
"မင်းလို အမှိုက်နဲ့ လက်တွဲဖို့မပြောနဲ့.. မင်းနဲ့အတူတူ ရှိနေရင်တောင် ငါ့ကိုယ်ငါ ရွံလာတယ်"
ကျန်းချန်က နန်းကုန်းရီကို မထီမဲ့မြင် ကြည့်လိုက်ပြီးနောက် တစ်ဖက်မှ ရှန်းထျန်းလုံကို တိုက်ရိုက် ကြည့်လိုက်သည်။
ထိုအခိုက်တွင် သူ၏ တိုးညင်းသော လေသံသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့၏။
"ရှန်းထျန်းလုံ.. ဒီမေဘေးကို အမြန် ဖြေရှင်းလိုက်"
"မင်း သူ့ကို ဖြေရှင်းပြီးရင် ငါမင်းနဲ့ စာရင်းရှင်းမယ်"
အခန်း(၁၂၈) ပြီး၏