← Chapters

အခန်း(၁၂၉)

Vol. 9 Ch. 129

အခန်း(၁၂၉)

Vol. 9 Ch. 129

"ဟမ့်.. ငါ့ဆီ ရောက်လာပြီဆိုမှတော့ အသက်ရှင်လျက် မပြန်ချင်နဲ့တော့.. ငါ့လက်နဲ့ပဲ သေလိုက်တော့"

ရှန်းထျန်းလုံက အေးစက်စက် ရေရွတ်လိုက်သည်။

သူက လက်ထဲမှ ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ရာ ထက်မြသော ဓားအလင်းသည် လျှပ်စီးလို အရှိန်အဟုန်ဖြင့် ကျန်းချန် တို့ နှစ်ယောက်ဆီ ရောက်လာခဲ့သည်။

ထိုအချင်းအရာကိုမြင်လျှင် နန်းကုန်းရီသည် အကြီးအကျယ် မျက်နှာပျက်သွားခဲ့၏။

"ကောင်းကင်အေးခဲဓားသိုင်း"

သူက အနည်းငယ်မျှပင် အချိန်မဆွဲဝံ့ဘဲ သူ၏ အပြင်းထန်ဆုံး နက်နဲမှုအဆင့် ဓားကွက်ကို တိုက်ရိုက် ထုတ်ဖော်ကာ ရှန်းထျန်းလုံ၏ ဓားအလင်းနှင့် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

နန်းကုန်းရီ၏ ဓားကွက်ကို ရှန်းထျန်းလုံ၏ ဓားအလင်းက ချက်ချင်းပင် ဖျက်ဆီးသွားခဲ့သည်။

နန်းကုန်းရီက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်ကလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့၏။

ထို့နောက်တွင် နန်းကုန်းရီသည် ရှက်ရွံ့စွာဖြင့် မြေပြင်ကနေ ကုန်းထလာခဲ့ပြီး အနည်းငယ်လေးမျှပင် တုံ့ဆိုင်းမနေဝံ့ဘဲ တောင်အောက်သို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

လေထဲတွင် နန်းကုန်းရီ၏ မကျေမနပ် ကြုံးဝါးလိုက်သော အသံတစ်သံသာ ကျန်ရှိခဲ့၏။

"ရှန်းထျန်းလုံ.. ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါနန်းကုန်းရီ မှတ်ထားတယ်...နောက်တစ်ခေါက် ပြန်လာရင် မင်းရဲ့ ခွေးခေါင်းကို ငါသေချာပေါက် ယူပြမယ်"

"ဟမ့်.. အလကား လေလုံးထွားတဲ့ကောင်.. ထွက်ပြေးတာကျ တန်းနေတာပဲ"

ရှန်းထျန်းလုံက အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက် ချက်ချင်းပင် သူ့အကြည့်သည် ကျန်းချန်ဆီသို့ ရောက်ရှိသွားသည်။

သူက တည်ငြိမ်စွာ ရပ်နေသည့် ကျန်းချန်ကို မြင်လျှင် ရုတ်တရက် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။

ဤကောင်လေးက သူ အခုလေးတင် ခုတ်လိုက်သည့် ဓားအလင်းလှိုင်း၏ သက်ရောက်မှုကို ခံစားရပုံ မပေါ်ပေ။

"ကောင်လေး...မင်းက ဟိုကောင်နဲ့ တစ်ဖွဲ့ထဲ မဟုတ်ဘူးလား"

ရှန်းထျန်းလုံ၏ မျက်လုံးများက တောက်ပလာပြီး ကျန်းချန်ကို တည့်မတ်စွာ စူးစိုက်ကြည့်လိုက်သည်။

"မဟုတ်ဘူး"

ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဒါပေမယ့်... ငါ့ရဲ့ ရည်ရွယ်ချက်က သူတို့နဲ့ သိပ်မကွာပါဘူး"

"မင်းလည်း ငါ့ကို သတ်ချင်တာလား"

"ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူတောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူးဆိုတာ အခုလေးတင် မင်းလည်း မြင်လိုက်တာပဲ.. မင်းက ငါ့ကို ဘယ်လိုလုပ်သတ်မှာလဲ"

ရှန်းထျန်းလုံက ကျန်းချန်ကို ပေါ့ပါးစွာ ကြည့်လိုက်၏။

သူ၏ အမူအရာက ကျန်းချန်ကို အလွန်ပင် အထင်သေးနေပုံရသည်။

သူ့ရှေ့မှ ကောင်လေးသည် ကျီယွင်ကျောင်းတော်မှ ပါရမီရှင်ထက် ပိုငယ်ပုံရ၏။

ထို့ကြောင့် ဤကောင်လေးက မူလဘူတ အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လောက်ဟု သူလုံးဝ တွက်ဆထားခဲ့သည်။

မူလဘူတအဆင့် ကျင့်ကြံသူ မဟုတ်သ၍ သူ့အနေဖြင့် အလေးအနက် ထားစရာ အကြောင်းမရှိချေ။

"သူမင်းကို မသတ်နိုင်တာက သူ့မှာ အရည်အချင်း မရှိလို့ပဲ.. သူမသတ်နိုင်တာနဲ့ပဲ ငါ မသတ်နိုင်ဘူးလို့ မဆိုလိုဘူး"

"ရှန်းထျန်းလုံ.. သုံးရက်ကြာရင် ဖုန်းဟော်မြို့မှာ ငါ့ကိုလာတွေ့ဖို့ မှာထားတာ မေ့နေပြီလား"

"ငါမင်းကို အခွင့်အရေး ပေးခဲ့တယ် ဒါပေမယ့် မင်းက တန်ဖိုးမထားခဲ့ဘူး.. ဒီလိုဆိုမှတော့ ငါဒီနေ့ ထျန်းလုံကျိုက်ကို ဖျက်ဆီးပြီး ငါ့ရဲ့ ကတိကို ဖြည့်ဆည်းမယ်"

ကျန်းချန်က ခံစားချက်မဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

သူ၏ အေးစက်စက်အသံသည် ရှန်းထျန်းလုံ၏ နားထဲကို ဝင်ရောက်လာခဲ့၏။

ကျန်းချန်၏ စကားလုံးများသည် ရှန်းထျန်းလုံ၏ အမူအရာကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။

သူက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်၏။

"မင်းက ဖုန်းဟော်မြို့မှာ ငါ့ရဲ့လူတွေကို ဆုံးမလွှတ်လိုက်တဲ့ ကောင်လေးလား"

ကျန်းချန်က ရှန်းထျန်းလုံ၏ မေးခွန်းကို မဖြေဘဲ လျစ်လျူရှုကာ ပြောလိုက်သည်။

"ထျန်းလုံကျိုက်ကို ဖျက်သိမ်းပြီး ကျင့်ကြံလို့မရအောင် မင်းရဲ့သွေးကြောတွေကို ဖျက်ဆီးလိုက်ပါ.. ဒါဆို မင်းကို အသက်ချမ်းသာပေးဖို့ ငါ စဉ်းစားပေးမယ်"

"ကောင်လေး ငါ့ရှေ့မှာ လာလူပါးမဝနဲ့"

"မင်းက ဓားဆန္ဒကို နားလည်ထားတယ်ဆိုတာ ငါသိတယ်.. ဒါက ငါ့အတွက်တော့ မှုလောက်စရာ မဟုတ်သေးဘူး "

"မင်းက မူလဘူတ အဆင့်ကျင့်ကြံသူ မဟုတ်သရွေ့ ငါရှန်းထျန်းလုံက မင်းကို ဂရုမစိုက်ဘူး"

ရှန်းထျန်းလုံ၏ မျက်လုံးများက သတ်ဖြတ်လိုသော အရှိန်အဝါနှင့်အတူ ရုတ်တရက် တောက်ပလာခဲ့သည်။

သူက ရွှေရောင်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဝှေ့ရမ်းလိုက်သောအခါ သုံးမီတာ ရှည်လျားသည့် ဓားအလင်းတစ်ခုသည် ချက်ချင်း ထွက်ပေါ်လာခဲ့၏။

ထိုတောက်ပတဲ့ ဓားအလင်းက လေထုကို ဖြတ်ကျော်ကာ လျှပ်စီးလို အမြန်နှုန်းဖြင့် ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့သည်။

"မင်းက ငါ့ကိုဂရုမစိုက်ဘူးပေါ့"

"ဒါဆိုလဲ မင်းစိတ်မကောင်းအောင် ပြောပြရဦးမယ်.. ငါက ဓားဆန္ဒကို နားလည်တဲ့အပြင် မူလဘူတအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူ့မျက်လုံးများက ကျဥ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်ကနေ မူလဘူတအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါနှင့်အတူ နက်နဲသည့် ဓားဆန္ဒကလည်း တစ်ပြိုင်နက်တည်း နီးပါး ထွက်ပေါ်လာခဲ့၏။

အခန်း(၁၂၉) ပြီး၏

All Chapters