အခန်း(၁၃၀)
Vol. 9 Ch. 130
မူလဘူတအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါနှင့် နက်နဲသည့်ဓားဆန္ဒသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်က ရှန်းထျန်းလုံ၏ ထိတ်လန့် တုန်လှုပ်နေသော အကြည့်အောက်မှာပင် ယန်လုံဓားကို တိုက်ရိုက် ဝှေ့ယမ်းလိုက်၏။
ယန်လုံဓား၏ ဓားအလင်းရောင် ထွက်ပေါ်လာသည်နှင့် ရှန်းထျန်းလုံသည် သူ့တစ်ကိုယ်လုံးကို ထိုဓားအလင်းရောင်က ထိန်းချုပ်ထားသလို ခံစားခဲ့ရသည်။
ထိုခဏတွင် မဖော်ပြနိုင်သည့် ကြောက်ရွံ့မှု အနည်းငယ်သည် ရှန်းထျန်းလုံ၏ နှလုံးသားထဲတွင် ချက်ချင်း ပြည့်နှက်သွားခဲ့၏။
သူ့ရှေ့မှ ကောင်လေး၏ ဓားချက်က တကယ်ကို အလွန်တရာ အားကောင်းလွန်းနေသည်။
သူ့အနေဖြင့် လွန်ခဲ့သည့် လဝက်လောက်က ဟော်မိသားစုခေါင်းဆောင် ဟော်ဝူကျင်းနှင့် တိုက်ပွဲကနေ လုံးလုံးလျားလျား ပြန်မကောင်းလာသေးသည်ကို မပြောနှင့်။
သူ၏ စွမ်းဆောင်ရည် အထွတ်အထိပ်တွင် ရှိနေချိန်မှာပင် ဤတိုက်ခိုက်မှုအား လုံးဝ မတားဆီးနိုင်မည်ကို စိုးရိမ်မိ၏။
"ရွစ်"
ရှန်းထျန်းလုံ ထိတ်လန့်တုန်လှုပ်နေသည့် အချိန်မှာပင် ဓားအလင်းသည် သူ၏ ဓားအလင်းပေါ်သို့ ကျရောက်သွားပြီး ပဲပြားကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ အပိုင်းပိုင်း ဖြတ်ပစ်လိုက်သည်။
ထိုမျှနှင့် မပြီးသေးဘဲ ဓားအလင်းသည် ရှန်းထျန်းလုံ၏ ရင်ဘတ်ကိုပါ တိုက်ရိုက် ထိုးဖောက်သွားခဲ့၏။
"ဘုတ်"
ရှန်းထျန်းလုံက ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်နေရင်းဖြင့် သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ တအိအိ ပြိုလဲသွားခဲ့သည်။
တစ်ချက်တည်း။
တစ်ချက်တည်းဖြင့် ဂုဏ်သတင်းကျော်ဇောသော ထျန်းလုံကျိုက်၏ ခေါင်းဆောင် မူလဘူတအဆင့် ကျင့်ကြံသူ ရှန်းထျန်းလုံသည် သူ့ရှေ့မှ လူငယ်လေး၏ လက်ချက်ဖြင့် သေပွဲဝင်ခဲ့ရသည်။
သူတို့ရှေ့မှ မယုံနိုင်စရာ မြင်ကွင်းကို ကြည့်ကာ ထျန်းလုံကျိုက်၏ အဖွဲ့ဝင် အားလုံးသည် အံ့အားသင့်သွားခဲ့သည်။
သူတို့က အံ့အားသင့်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရပြီး ကျန်းချန်ကို ကြည့်နေသည့် အကြည့်တွင် အလွန်ကြောက်ရွံ့သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။
ကျန်းချန်က ရှန်းထျန်းလုံ၏ အတ္တဘော ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်ပြီးနောက် တစ်ဖက်မှ ထျန်းလုံကျိုက် အဖွဲ့ဝင်များကို စူးစိုက်၍ ကြည့်လိုက်သည်။
"ချလွမ်း.. ချလွမ်း"
ထျန်းလုံကျိုက်အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် ကျန်းချန်၏ အကြည့်နှင့် ရင်ဆိုင်တွေ့ပြီးသည့်နောက်တွင် တုန်လှုပ်သွားကြပြီး သူတို့၏ လက်နက်များကို ပစ်ချကာ မြေပြင်ပေါ်တွင် အတူတကွ ဒူးထောက်လိုက်ကြသည်။
"သခင်ကြီး.. ကျွန်တော်တို့ ထျန်းလုံကျိုက်ကို ဖျက်သိမ်းပြီး ထျန်းလုံတောင်ကနေ ထွက်သွားပါ့မယ်.. သခင်ကြီး ကျွန်တော်တို့ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်"
ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
"ဒီကနေ ထွက်သွားတာနဲ့ မင်းတို့ မကောင်းမှုတွေ လုပ်တာ.. မီးရှို့လုယက်တာတွေကို ငါ မမြင်စေနဲ့.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
"ကျေးဇူးတင်ပါတယ် သခင်ကြီး.. ကျေးဇူးတင်ပါတယ် သခင်ကြီး"
ထျန်းလုံကျိုက် အဖွဲ့ဝင်များက ဝမ်းသာအားရ ဖြစ်သွားပြီး ကျန်းချန်ကို ကျေးဇူးတင်စကား ပြောဆို၍ တောင်အောက်သို့ အလျင်အမြန် ဦးတည်သွားကြသည်။
"ရှန်းထျန်းရှုံး...တခြားလူတွေ အားလုံး ထွက်သွားလို့ရတယ်.. မင်းကတော့ ငါ့အတွက် နေခဲ့ရမယ်"
ကျန်းချန်က လူအုပ်ကြီးကို အကဲခတ် ကြည့်လိုက်ရာ ရုတ်တရက် အနည်းငယ် ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
သူက ခန္ဓာကိုယ်ကို ရွှေ့လျားလိုက်ပြီး ထိုလူကို ပခုံးကနေ ဆွဲကိုင်ကာ လူအုပ်ထဲကနေ ဖယ်ထုတ်လိုက်၏။
"သခင်ကြီး.. ကျွန်တော့်ကို မသတ်ပါနဲ့.. ကျွန်တော်.. ကျွန်တော်က သခင်ကြီးကို ထျန်းလုံကျိုက်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြနိုင်ပါတယ်"
ရှန်းထျန်းရှုံ့၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
သူက ကျန်းချန် သူ့ကို မသတ်စေရန် အလျင်အမြန် အော်ဟစ်လိုက်သည်။
ကျန်းချန်က ပေါ့ပါးစွာ မေးလိုက်သည်။
"ထျန်းလုံကျိုက်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ"
"ထျန်းလုံကျိုက်ရဲ့ အတွင်းပိုင်းမှာ ကျင့်ကြံသူတစ်ဦး ချန်ထားခဲ့တဲ့ လှိုဏ်ဂူတစ်ခု ရှိတယ်.. အဲဒီကျင့်ကြံသူ ချန်ထားခဲ့တဲ့ ဆေးလုံးကို ရခဲ့တာကြောင့် ကျွန်တော့် အစ်ကိုကြီးက မူလဘူတ အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာပဲ"
"လှိုဏ်ဂူနံရံမှာ အဲဒီကျင့်ကြံသူက မြေကြီးအဆင့် ကျင့်စဥ် တစ်ခုကိုပါ ချန်ထားရစ်ခဲ့တယ်"
ရှန်းထျန်းရှုံးက အလျင်အမြန် ပြောလိုက်သည်။
"မြေကြီးအဆင့် ကျင့်စဥ်...တော်တော် ကောင်းတဲ့ လျှို့ဝှက်ချက်ပါလား"
"ဒါပေမယ့် မင်းပြောခဲ့ရင်တောင် ငါမင်းကို လွှတ်ပေးဖို့ ဆန္ဒမရှိဘူး"
ကျန်းချန်က စကားဆုံးသည်နှင့် သူ့လက်ထဲမှ ယန်လုံဓားဖြင့် ရှန်းထျန်းရှုံး၏ လည်ပင်းကို တိုက်ရိုက် ပွတ်ဆွဲလိုက်သည်။
"မလုပ်ပါနဲ့"
ရှန်းထျန်းရှုံးက အကြောက်အကန် အော်ဟစ်လိုက်သော်လည်း သူ၏ ပါးစပ်က စကားတစ်ခွန်းမျှသာ ထုတ်ဖော်နိုင်ခဲ့ပြီး အေးစက်သော အလောင်းတစ်လောင်း အဖြစ် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။
ရှန်းထျန်းရှုံးကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ဂိတ်တံခါးထဲသို့ လျှောက်လာခဲ့သည်။
သူက ရှန်းထျန်းရှုံး ပြောတဲ့ လှိုဏ်ဂူကို လွယ်လင့်တကူပင် အလျင်အမြန် ရှာတွေ့ခဲ့သည်။
လှိုဏ်ဂူထဲကို ဝင်ပြီးနောက်တွင် ကျန်းချန်သည် လှိုဏ်ဂူ အတွင်းပိုင်းကို အကဲခတ်လိုက်ရာ ဂူနံရံမှ သင်္ကေတများ၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။
"ဒင်.. သင်က မပြည့်စုံတဲ့ မြေကြီးအဆင့်၊ ကောင်းကင်လောင်ကျွမ်း ဓားကျင့်စဥ်ကို လေ့လာပြီး အဆတစ်ရာ နားလည်မှုကို ရရှိပါတယ်"
"ဒင်.. သင်က ကောင်းကင်လောင်ကျွမ်း ဓားကျင့်စဥ်ရဲ့ ကျင့်စဥ် အပြည့်အစုံကို နားလည်သွားပါပြီ"
အခန်း(၁၃၀) ပြီး၏