အခန်း(၁၃၁)
Vol. 9 Ch. 131
မြေကြီးအဆင့်၊ အခြေခံ ကိုယ်ခံပညာ၊ ကောင်းကင်လောင်ကျွမ်း ဓားသိုင်း။
ကျန်းချန်က ကျောက်နံရံပေါ်မှ ကိုယ်ခံပညာရပ်ကို အလွန်ပင် ကျေနပ်နေခဲ့သည်။
လွန်ခဲ့သည့် တစ်ခေါက်က လင်ယွင်ကျောင်းတော်၏ ဓားအမှတ်အသား ခန်းမတွင် သူက အဆတစ်ရာ စနစ်ကိုသုံးပြီး ဓားဆန္ဒကို နားလည်ခဲ့၏။
သို့သေည် ဓားဆန္ဒကို နားလည်ထားတဲ့ သူတစ်ယောက်တွင် အားကိုးရလောက်သည့် ဓားပညာရပ် မရှိခဲ့ပေ။
ဤရက်ပိုင်းတွင် အဝါရောင်အဆင့် ဓားသိုင်းကို သင်ယူခဲ့သော်လည်း အားကိုးယုံကြည်ရသည့် ဓားသိုင်းတော့ မဟုတ်ချေ။
ဆိုရလျှင် ကျန်းချန်သည် သူ၏ဓားပညာရပ်ကို အချိန်အတော်ကြာကတည်းကပင် အဆင့်မြှင့်တင်လိုနေခဲ့သည်။
ထို့ကြောင့် သူ့ရှေ့ရှိ ကောင်းကင်လောင်ကျွမ်း ဓားသိုင်းသည် သူ၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်ဟုပင် ဆိုရမည်။
ကောင်းကင်လောင်ကျွမ်းဓားသိုင်းကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် လှိုဏ်ဂူတစ်ခုလုံးကို သေချာစွာ အကဲခတ်လိုက်သည်။
လှိုဏ်ဂူထဲတွင် တန်ဖိုးရှိသောအရာ ဘာတစ်ခုမှ မရှိတော့သည်ကို အတည်ပြုပြီးနောက်တွင် သူက လှိုဏ်ဂူထဲကနေ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။
ထျန်းလုံတောင်က ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ဖန်းဟော်မြို့ကို အမြန် ပြန်လာခဲ့သညိ။
ဟော်ကျိလွမ်နှင့် တခြားသူများသည် ကျန်းချန်က ရှန်းထျန်းလုံကို တစ်ရက်မပြည့်ခင်မှာပင် သတ်ဖြတ်ပြီး ထျန်းလုံကျိုက်ကို လုံးဝ ဖျက်ဆီးခဲ့မှန်း သိရသောအခါတွင် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြသည်။
ထျန်းလုံကျိုက်။
၎င်းသည် တစ်ချိန်က သူတို့ ဟော်မိသားစုကို အကျပ်အတည်းထဲ ရောက်စေခဲ့သော အဖွဲ့ဖြစ်သည်။
ယခုတော့ ကျန်းချန်က အလွယ်တကူပင် ဖြေရှင်းပေးလိုက်ပြီ ဖြစ်၏။
ဟော်မိသားစု၏ အခက်အခဲများကို ဖြေရှင်းပြီးသည့်နောက်တွင် မစ်ရှင်တာဝန် ပြီးမြောက်သွားသည့် ကျန်းချန်သည် ဟော်မိသားစုတွင် အချိန်မဖြုန်းလိုတော့ပေ။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် ဟော်ကျိလွမ်နှင့် တခြားသူများကို နှုတ်ဆက်ပြီး ဖန်းဟော်မြို့ကနေ ထွက်ခွာလာခဲ့သည်။
လင်ယွင်ကျောင်းတော်သို့ ပြန်ရောက်လျှင် ကျန်းချန်သည် ခြံဝင်းထဲကို လျှောက်ဝင်လိုက်သောအခါ အစေခံတစ်ယောက်က အလျင်အမြန် ပြေးလာခဲ့သည်။
"သခင်လေး.. နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့"
"ဒီနေ့ မနက်စောစောမှာ ဧည့်သည်တစ်ယောက်က ခြံထဲကို ဝင်လာခဲ့တယ်.. သူက အခုထိ ဧည့်ခန်းမှာ သခင်လေးကို စောင့်နေတုန်းပဲ"
"ဧည့်သည်လား"
ကျန်းချန် ခဏမျှ အံ့အားသင့်သွားခဲ့သည်။
သူ လင်ယွင်ကျောင်းတော်ကို ရောက်တာ အနည်းငယ်ကြာပြီ ဖြစ်သော်လည်း မိတ်ဆွေရင်းချာ သိပ်မရှိပေ။
မည်သူက သူ့ကို လာရှာပါသနည်း။
သံသယအချို့နှင့်အတူ ကျန်းချန်သည် ဧည့်ခန်းထဲကို တိုက်ရိုက် လျှောက်သွားလိုက်သည်။
ဧည့်ခန်းထဲကို လျှောက်ဝင်လိုက်သည်နှင့် ရင်းနှီးပြီး လှပသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ အမြင်အာရုံထဲတွင် ပေါ်လာခဲ့၏။
"ဆရာမစု.. ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
ဧည့်ခန်းထဲမှ စုလင်းရှန်ကို ကြည့်ပြီး ကျန်းချန်က အံ့အားသင့်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ကျန်းချန်.. နင်ပြန်ရောက်လာပြီလား"
စုလင်းရှန်က သူမ ခေါင်းကို အနည်းငယ် မော့လိုက်၏။
အပြင်ကနေ လျှောက်ဝင်လာသည့် ကျန်းချန်ကို ကြည့်ပြီး သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ထိန်းချုပ်မရစွာ ပေါ်လာခဲ့သည်။
"အင်း.. ကျောင်းသား မစ်ရှင်တစ်ခုကို ပြီးမြောက်ဖို့အတွက် ဖန်းဟော်မြို့ကို သွားပြီး အခုမှ ပြန်ရောက်တာပါ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဆရာမစု.. ဘာလို့ ဒီကို ရောက်နေတာလဲ.. အစ်ကိုယန်က ကျွန်တော့်ဆီ လွှတ်လိုက်တာလား"
"ကျန်းချန်.. ငါ့ကို ဆရာမလို့ မခေါ်ပါနဲ့.. နာမည်ပဲ ခေါ်ပါ"
ကျန်းချန်က သူမကို ဆရာမဟု ခေါ်ပြီး သူမ၏ ဆရာကို အစ်ကိုဟု ခေါ်နေသည်ကို ကြားလျှင် စုလင်းရှန်သည် ဆွံ့အသွားမလိုပင် ဖြစ်သွားခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဒါဆို ကျွန်တော်က အမ လင်းရှန်လို့ ခေါ်မယ်"
စုလင်းရှန်သည် ဤကိစ္စကို ဂရုမစိုက်အားတော့ပေ။
သူမက ရုတ်တရက် အနည်းငယ် ရှက်ရွံ့သောအမူအရာဖြင့် ပြောလိုက်သည်။
"ကျန်းချန်.. ဒီတစ်ခေါက် မင်းဆီကို လာတာက ဆရာ့ဆန္ဒကြောင့် မဟုတ်ဘူး.. မင်းဆီက အကူအညီ တောင်းချင်လို့ပဲ"
"ပြောပါ အမ လင်းရှန်.. ကျွန်တော် ဘာများ ကူညီပေးရမလဲ"
ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့၏။
သူ့ရှေ့မှ အမျိုးသမီးသည် သာမန် အမျိုးသမီးတစ်ဦး မဟုတ်ပေ။
တတိယအဆင့် အဂ္ဂိရတ်သခင် တစ်ဦးဖြစ်သည်။
ထိုထက် ပိုအရေးကြီးသည်မှာ သူမသည် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်၏ တပည့်လည်း ဖြစ်၏။
အဆင့်အတန်းတွင်ဖြစ်စေ၊ ခွန်အားအရာတွင်ဖြစ်စေ၊ စုလင်းရှန်သည် ဤကမ္ဘာပေါ်ရှိ လူအများစု လေးစားရမည့်သူဟု ပြော၍ရသည်။
စုလင်းရှန်က သူ့ထံမှ မည်သည့် အကူအညီ လိုအပ်နေမှန်း ကျန်ချန် တကယ်မသိပေ။
"အဲဒါက ပြောရရင် အရှည်ကြီးပဲ.. ငါနဲ့အတူ ချင်းရွှယ်ခန်းမကို လိုက်ခဲ့ပါ.. လမ်းလျှောက်ရင်း ပြောကြတာပေါ့"
စုလင်းရှန်သည် ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်ကို တစ်ခါထဲ ခေါ်ကာ အိမ်အပြင်သို့ ထွက်လာခဲ့သည်။
ကျန်းချန်တို့နှစ်ယောက်က ခြံဝင်းထဲကို လျှောက်ထွက်လာသည့်အခါတွင် အေးစက်သော အသံတစ်သံသည် သူတို့၏ နားထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့၏။
"ကျန်းချန်.. မင်းနောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့.. ငါမင်းကို စောင့်နေခဲ့တာ အတော်လေးကြာခဲ့ပြီ"
အခန်း(၁၃၁) ပြီး၏