← Chapters

အခန်း(၁၃၂)

Vol. 9 Ch. 132

အခန်း(၁၃၂)

Vol. 9 Ch. 132

ရုတ်တရက် အေးစက်စက် ရေရွတ်လိုက်သော အသံကြောင့် ကျန်းချန် မှင်တက်သွားခဲ့၏။

သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ သူ့ဘေးရှိ သစ်ပင်ကြီးပေါ်ကနေ အသက်၁၈နှစ် သို့မဟုတ် ၁၉နှစ်အရွယ်ရှိ အရပ်ခပ်မြင့်မြင့် လူငယ်တစ်ဦး ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

"ဒုန်းးး"

အရပ်ရှည်ရှည် လူငယ်၏ ခန္ဓာကိုယ်က ကြယ်တံခွန် တစ်စင်းကဲ့သို့ ကျန်းချန်နှင့် သုံးပေအကွာတွင် ပြင်းထန်စွာ ဆင်းသက်လာ၏။

တခဏအတွင်း အရပ်ရှည်ရှည် လူငယ်၏ မီတာအနည်းငယ် ပတ်လည်ရှိ ကျောက်ပြား ကြမ်းပြင်များသည် ချက်ချင်းဆိုသလို အက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။

"မင်းက ဝူဖေးလုံလား"

ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

သူ့ရှေ့မှ အရပ်ရှည်ရှည် ကောင်လေးသည် အလွန်တရာ သန်မာ၏။

ထျန်းလုံတောင်တွင် သူသတ်ခဲ့သည့် မူလဘူတအဆင့် ကျင့်ကြံသူ ရှန်းထျန်းလုံထက်ပင် အဆများစွာ သာလွန်သည်မှာ သေချာသလောက် ဖြစ်သည်။

ဤလင်ယွင်ကျောင်းတော်၏ လင်ယွင်စာရင်းတွင် ပထမနေရာတွင် ရှိသည့် ဝူဖေးလုံက လွဲလျှင် ဤကဲ့သို့ ခွန်အားမျိုး မည်သူ့ထံတွင် ရှိနိုင်ပါမည်နည်း။

"ဟုတ်တယ်.. ငါက ဝူဖေးလုံပဲ"

ဝူဖေးလုံက ကျန်းချန်ကို ပေါ့ပါးစွာ ကြည့်၍ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ရက်က ငါ့ညီရဲ့ အနက်ရောင်တိမ်တိုက်မြွေကို လက်သီးနဲ့ ထိုးသတ်ခဲ့တာ မင်း မဟုတ်လား"

"ဟုတ်တယ်"

ကျန်းချန်က မျက်ခုံးပင့်လိုက်ပြီး ပြန်မေးလိုက်သည်။

"ဘာလို့လဲ.. မင်းညီအတွက် ငါ့ကို လက်စားချေချင်လို့လား"

"သိပ်သေချာတာပေါ့"

"ခွေးကို ရိုက်ရင်တောင် ခွေးပိုင်ရှင်မျက်နှာကို ကြည့်ရသေးတယ်.. ငါ့ညီကိုမှ အနိုင်ကျင့်တာဆိုတော့ မင်းအတွက်တော့ စိတ်မကောင်းစရာပဲ"

"မင်းမှာ ဆဋ္ဌမအဆင့် မီးလျှံသားရဲပေါက်လေး ရှိတယ်လို့ ငါကြားထားတယ်.. ငါ့ညီကို အဲဒီ မီးလျှံသားရဲပေါက် ပေးလိုက်.. အဲဒါဆို ဘာမှမဖြစ်ခဲ့သလို ဒီကိစ္စကို ငါကျော်ပေးလိုက်မယ်"

ဝူဖေးလုံက ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်နေသော်လည်း သူ့၏ တိုးညင်းသော လေသံကမူ အထက်စီးဆန်နေပုံရ၏။

"ပွဲဟေ့.. ဝူဖေးလုံက တကယ်ပဲ ကျန်းချန်ကို ဒုက္ခပေးဖို့ ရောက်လာတာပဲ"

ဝူဖေးလုံနဲ့ ကျန်းချန်တို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် ပတ်ဝန်းကျင်မှ ကျောင်းသားများ၏ အာရုံကို အလျင်အမြန် ဆွဲဆောင်သွားခဲ့သည်။

သူတို့အားလုံးက ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု တွေးကာ စိတ်လှုပ်ရှားလာကြပြီး တဖြည်းဖြည်း ဝိုင်းအုံလာကြ၏။

"ဝူဖေးလုံ.. မင်းက ဘာလုပ်ချင်တာလဲ"

"ငါက ဆရာ့အမိန့်နဲ့ ကျန်းချန်ကို ချင်းရွှယ်ခန်းမဆီ ခေါ်သွားဖို့ ရောက်လာတာပဲ"

"အခြေအနေကို နားလည်ရင် ငါ့ကိစ္စကို လာမနှောင့်ယှက်ဘဲ ခုချက်ချင်း ထွက်သွားလိုက်တော့"

စုလင်းရှန်၏ မျက်နှာက အေးစက်နေသည်။

သူမက သူမရှေ့ရှိ ဝူဖေးလုံကို တိုက်ရိုက် အော်ငေါက်လိုက်သည်။

စုလင်းရှန်၏ စကားကို ကြားလျှင် ဝူဖေးလုံ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ချင်းရွှယ်ခန်းမ။

ဤသည်မှာ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ် နေထိုင်သောခန်းမ ဖြစ်သည်။

ယန်ချင်းရွှယ်က ကျန်းချန်ကို အမှန်တကယ် တွေ့ချင်နေပြီး သူက ကျန်းချန်ကို တားဆီးနေခဲ့လျှင် ယန်ချင်းရွှယ်ကို ပြဿနာသွားရှာသလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ဆိုရလျှင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ကို သူ့လို လင်ယွင်ကျောင်းတော်မှ ကျောင်းသားလေး တစ်ယောက်က မစော်ကားနိုင်ပေ။

"ကျန်းချန်.. ဒီနေ့ မင်းကံကောင်းသွားတယ်မှတ်.. မင်းနဲ့ ငါ့ကြားက စာရင်းကို နောက်နေ့မှပဲ ရှင်းကြတာပေါ့"

ဝူဖေးလုံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းဆိုသလို ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားခဲ့သည်။

"ဝူဖေးလုံ.. လာချင်သလိုလာ.. ထွက်ချင်သလိုထွက်ရအောင်.. ငါ့ရဲ့ခြံဝင်းက သာလာယံဇရပ် မဟုတ်ဘူး"

ဝူဖေးလုံ ထွက်သွားခါနီးတွင် ကျန်းချန်၏ တိုးညင်းသော အသံသည် သူ့နောက်ကနေ ထွက်ပေါ်လာခဲ့၏။

ဝူဖေးလုံက သူ၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်သည်။

သူက ကျန်းချန်ကို လှည့်ကြည့်၍ ဒေါသတကြီး ပြောလိုက်သည်။

"ကျန်းချန်...ဆရာကြီးယန်ရဲ့ မျက်နှာကြောင့် မင်းကို မျက်နှာသာ နည်းနည်းပါးပါး ပေးတာကို ကမ်းတက်မလာနဲ့.. မင်း အေးအေးဆေးဆေး မနေချင်ဘူးလား"

"ကျန်းချန်.. နင်ဘာတွေလျောက်လုပ်နေတာလဲ"

ကျန်းချန်က ထွက်သွားတော့မည့် ဝူဖေးလုံကို တားလိုက်သည်ကို မြင်လျှင် စုလင်းရှန်သည် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့သည်။

"ကျွန်တော့်ရဲ့ နေရာကို ခွင့်ပြုချက်မရဘဲ ဘယ်သူ့ကိုမှ ကျူးကျော်ခွင့်ပေးလို့ မဖြစ်ဘူး.. ဒီလိုမှမဟုတ်ရင် ကျွန်တော်ရဲ့နေရာက အထင်သေးစရာ နေရာတစ်ခု ဖြစ်သွားလိမ့်မယ်"

ကျန်ချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"အမ လင်းရှန်.. ကျွန်တော့်ကို ခဏလေးပဲ စောင့်ပေးပါ.. ဒီကောင့်ကို ဖြေရှင်းပြီးမှပဲ အတူတူ ချင်းရွှယ်ခန်းမကို သွားကြတာပေါ့"

"ဟားဟား...ကျန်းချန်.. မင်းက မောက်မာလွန်းတယ်လို့ ငါကြားထားတာ ကြာပြီ.. ဒီနေ့တော့ ငါဝူဖေးလုံ နားလည်သွားခဲ့ပြီ"

ဝူဖေးလုံက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်၏။

"ငါ့ကို ရှင်းဖို့အတွက် မင်းဘာလုပ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်တယ်"

ကျန်းချန်က ဝူဖေးလုံကို ခပ်ထေ့ထေ့ ကြည့်လိုက်ပြီး လက်ငါးချောင်း ထောင်ပြလိုက်သည်။

မကြာခင်မှာပင် သူ၏ မောက်မာသော လေသံသည် လူတိုင်း၏ နားထဲသို့ ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

"ငါ့အတွက်တော့ မင်းကို ရှင်းဖို့က ငါးမိနစ်ဆို လုံလောက်တယ်"

အခန်း(၁၃၂) ပြီး၏

All Chapters