အခန်း(၁၃၃)
Vol. 9 Ch. 133
"ဟ.. ဒီကောင် ဆေးမှားစားထားတာလား"
"ကျန်းချန်က ငါးမိနစ်အတွင်း ဝူဖေးလုံကို ရှင်းပစ်မယ်လို့ ပြောနေတာလား.. ငါနားကြားမမှားပါဘူးနော်"
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျန်းချန်၏ မောက်မာသော စကားများသည် ပတ်ဝန်းကျင်ရှိ ကျောင်းသားများကို ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
ဝူဖေးလုံက မည်သူနည်း။
လင်ယွင်ကျောင်းတော်၏ နာမည်ကြီး ပါရမီရှင်တစ်ယောက်၊ လင်ယွင်စာရင်း၏ ထိပ်ဆုံးတွင် သုံးနှစ်ကြာ ရပ်တည်နိုင်ခဲ့သည့် တုနှိုင်းမဲ့ ပုံရိပ်တစ်ခု။
လွန်ခဲ့သည့် သုံးနှစ်အတွင်း လင်ယွင်ကျောင်းတော်တွင် ဝူဖေးလုံ၏ နေရာကို မည်သူမှ မရယူနိုင်ခဲ့ပေ။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ဝူဖေးလုံသည် မကြာသေးခင်ကမှ မူလဘူတ နယ်ပယ်အဆင့်သို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့ ခွန်အားမျိုးသည် မဟာရှားနိုင်ငံတော်၏ စီရင်စု ကိုးခုမှာပင် အနည်းငယ်သာ ရှိ၏။
ကျန်းချန်က ပါရမီထူးချွန်ပြီး ဒဏ္ဍာရီလာ ဓားဆန္ဒကို နားလည်သည့်အပြင် အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းလည်းရှိသည်မှာ မှန်၏။
သို့သော် ငါးမိနစ်အတွင်း ဝူဖေးလုံကို အနိုင်ယူရန်ကမူ လုံးဝမဖြစ်နိုင်သော အလုပ် ဖြစ်၏။
"ဟားဟား... ငါ့ကို ငါးမိနစ်အတွင်း အနိုင်ယူမယ်.. ဟုတ်လား"
"ကျန်းချန်...ဒါက ငါ့ဘဝမှာ ကြားဖူးတဲ့ အရယ်ရဆုံးဟာသ ဖြစ်မယ်ထင်တယ်"
"မင်းသာ ငါ့ဆံပင်တစ်မွေးကို ငါးမိနစ်အတွင်း ထိခိုက်အောင် လုပ်နိုင်ရင် ငါ ဝူဖေးလုံက မင်းရှေ့မှာ ဒူးထောက်လိုက်မယ်"
ဝူဖေးလုံက ကြမ်းကြုတ်စွာ ရယ်မော၍ ပြောလိုက်သည်။
လင်ယွင်ကျောင်းတော်၏ အတုမရှိသည့် ပါရမီရှင်တစ်ယောက်အနေဖြင့် ဝူဖေးလုံ၏ တိုက်ခိုက်ရေးစွမ်းအားသည် ယခင်ကတည်းက အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်၏။
အထူးသဖြင့် မူလဘူတ နယ်ပယ်အဆင့်သို့ ဝင်ရောက်ပြီးနောက်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် မူလဘူတ နယ်ပယ်အဆင့်၂ သို့မဟုတ် မူလဘူတ နယ်ပယ်အဆင့်၃ ကျင့်ကြံသူ တချို့ထက်ပင် မနိမ့်တော့ပေ။
လင်ယွင်ကျောင်းတော်တွင် မပြောနှင့်၊ မဟာရှားနိုင်ငံ တစ်ခုလုံးကို ကြည့်လျှင်ပင် သူ့ရှေ့တွင် ထိုကဲ့သို့ စကားမျိုး ပြောရဲသည့် ရွယ်တူအနည်းငယ်သာ ရှိသည်။
"မင်းကများ ငါ့ကို ငါးမိနစ်အတွင်း အနိုင်ယူမတဲ့လား.. ဒါက အိပ်မက်မက်နေတာပဲ.. မင်းက တော်တော် ရယ်စရာပြောတတ်ကောင်ပဲ"
"ရယ်စရာလို့ထင်နေတာလား.. ငါ့အမြင်မှာတော့ မင်းကမှ လင်ယွင်စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ တကယ့်ရယ်စရာကောင်ပဲ"
"အမှန်အတိုင်းပြောရရင် မင်းကို ရှင်းပစ်ဖို့အတွက် ငါးမိနစ်ဆိုတဲ့အချိန်က အရမ်းများတယ်လို့ ငါထင်တယ်"
စကားဆုံးသည်နှင့် ကျန်းချန်က ကောင်းကင်ခြေလှမ်းကို ထုတ်သုံးလိုက်သည်။
ချက်ချင်းပင် သူက ဝူဖေးလုံ၏ ဦးခေါင်းအထက်တွင် ပေါ်လာပြီး ဝူဖေးလုံကို ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်၏။
"သေချင်လို့လား"
ဝူဖေးလုံက ဒေါသအိုးပေါက်ကွဲသွားသည်။
သူ၏ ခန္ဓာကိုယ်ကနေ ကမ္ဘာကို လွှမ်းမိုးသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့၏။
သူက လက်သီးက ရုတ်တရက် ဆုပ်လိုက်ရာ မှုံဝါးဝါး လက်သီးအရိပ်တစ်ခုသည် လေထဲတွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။
ထို့နောက်တွင် ထိုလက်သီးချက်ဖြင့် ကျန်းချန်၏ ခြေထောက်ဖြင့် ဆောင့်နင်းမှုကို ခံဆောင်လိုက်သည်။
"ဝုန်း"
အားကောင်းသော အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံ၍ ပေါက်ကွဲသောအသံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် ဝူဖေးလုံ၏ လက်သီးချက်ကြောင့် ပေအနည်းငယ်ခန့် လွင့်စင်သွားခဲ့သည်။
သို့သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့် ဒဏ်ရာမရရှိခဲ့ပေ။
သူနှင့် ဆန့်ကျင်ဘက်အနေဖြင့် တည်ငြိမ်စွာ ရပ်နေသည့် ဝူဖေးလုံကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။
"မင်းက လက်သီးဆန္ဒကို နားလည်ထားတာလား"
"ဟားဟား.. ကျန်းချန်.. ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်းကပဲ စစ်မှန်တဲ့ ကိုယ်ခံပညာအဓိပ္ပါယ်ကို နားလည်နိုင်တာ မဟုတ်ဘူးကွ"
"မင်းရဲ့ ဓားဆန္ဒကို အမြန်လေး ထုတ်သုံးစမ်းပါ"
"မင်းရဲ့ ဓားဆန္ဒနဲ့ ငါ့ရဲ့ လက်သီးဆန္ဒမှာ ဘယ်ဟာက ပိုအစွမ်းထက်လဲဆိုတာ ငါ ကြည့်ချင်တယ်"
ဝူဖေးလုံက ကျန်းချန်ကို လက်သီးချက်ဖြင့် လွင့်စင်အောင် တိုက်ခိုက်ပြီးနောက် မာနထောင်လွှားစွာဖြင့် လှောင်ရယ်လိုက်သည်။
"လခွမ်း.. ဝူဖေးလုံကို ငါ တကယ် မမျှော်လင့်ထားဘူး.. သူက တကယ်ပဲ ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်သွားခဲ့ပြီ"
"မူလဘူတ နယ်ပယ် အဆင့်၁ ခွန်အားနဲ့ ဒီလက်သီးဆန္ဒနဲ့သာ ဆိုရင် မူလဘူတနယ်ပယ် အဆင့်၃က ကျင့်ကြံသူ တချို့တောင် ဝူဖေးလုံရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး"
"ကျန်းချန်က ဒီတစ်ခေါက်တော့ ဟိတ်ဟန်ထုတ်တာများသွားပြီ ထင်တယ်.. သူက ငါးမိနစ်အတွင်း ဖြေရှင်းပြမယ်လို့ ပြောခဲ့တယ်... ငါ့အထင်တော့ ဝူဖေးလုံက သူ့ကို ငါးမိနစ်အတွင်း မဖြေရှင်းရင်တောင် သူအတော်ကံကောင်းလို့ပဲ"
ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့အားသင့်သွားကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် သနားကရုဏာသက်သော အရိပ်အယောင်များ ပါဝင်နေ၏။
ဤတစ်ခေါက်တွင် ကျန်းချန်သည် ဟိတ်ဟန်အထုတ်လွန်ပြီး ရှယ်အတီးခံရကိန်း ဆိုက်နေပြီ မဟုတ်လော။
သို့သော်လည်း လူတိုင်းက ကျန်းချန်ကို သနားကရုဏာသက်နေသောအချိန်မှာပင် ကျန်းချန်၏ မောက်မာတင်စီးသော လေသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။
"ဝူဖေးလုံ.. လက်သီးဆန္ဒလေး နည်းနည်းပါးပါး နားလည်တာနဲ့ ငါ့ရှေ့မှာ ကြွားဝါဖို့ အခွင့်အရေးရှိမယ် ထင်လား"
"ဟက်.. မင်းလိုကောင်ကို အနိုင်ယူဖို့အတွက် ငါ့ရဲ့ ဓားဆန္ဒကိုတောင် သုံးစရာမလိုဘူး"
အခန်း(၁၃၃) ပြီး၏