အခန်း(၁၃၄)
Vol. 9 Ch. 134
ကျန်းချန်က ထိုစကားကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ကျန်းချန်ကို အရူးတစ်ယောက်နှယ် ကြည့်နေကြ၏။
"ဒီကောင်.. ဝူဖေးလုံကို အကြောက်လွန်ပြီး ဦးနှောက်ပျက်သွားတာများလား"
"ကျန်းချန်က ဓားဆန္ဒကို နားလည်သလို ဝူဖေးလုံကလည်း လက်သီးဆန္ဒကို နားလည်တယ်"
"ဒါ့အပြင် ဝူဖေးလုံက မူလဘူတနယ်ပယ်အဆင့်က ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နေသေးတယ်.. သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက ကျန်းချန်ထက် အများကြီး မြင့်မားတယ်"
"ဒီလို အခြေအနေမျိုးမှာ ဝူဖေးလုံက ကျန်းချန်ကို မြေပြင်ပေါ်မှာ ပြားပြားဝပ်အောင် ဖိချလိမ့်မယ်"
"ဒါတောင် ဒီကောင်က ဓားဆန္ဒကို မသုံးဘဲ ဝူဖေးလုံကို အနိုင်ယူနိုင်တယ်လို့ အရှက်မရှိ ပြောရဲသေးတယ်"
"လခွမ်း.. ချီကာကွယ်ရေးအဆင့် ကျင့်ကြံသူတစ်ယောက်က ဓားဆန္ဒကို နားလည်တာနဲ့ပဲ လက်သီးဆန္ဒကို နားလည်တဲ့ မူလဘူတအဆင့် ကျင့်ကြံသူကို အနိုင်ယူချင်သတဲ့လား"
"မင်းက ငါတို့ကို နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာရော သေချာရဲ့လား"
ကျန်းချန်၏ စကားကို ပရိသတ်များသာ သံသယဝင်နေသည်မဟုတ်ပေ၊ စုလင်းရှန်ပင်လျှင် ကျန်ချန်း၏ စကားက အဓိပ္ပါယ်မရှိဟု ခံစားခဲ့ရ၏။
သူမသည် ကျန်းချန်၏ ကိုယ်ခံပညာပါရမီက အဂ္ဂိရတ်ပါရမီထက် လုံးဝ မနိမ့်ကျမှန်း သိထားခဲ့သည်။
ကျန်းချန်က အသက် ၁၅ နှစ်ဖြင့် ချီကာကွယ်ရေး အဆင့်၉ ခွန်အားရှိပြီး ဓားဆန္ဒကိုလည်း နားလည်ထား၏။
ကျန်းချန်လို ပါရမီရှင်တစ်ယောက်တွင် မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူများကို အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည့် စွမ်းရည်များ ရှိသည်။
သို့သော်လည်း ထိုအချက်သည် ပြိုင်ဘက်အပေါ်တွင်လည်းများစွာ မူတည်နေ၏။
သူ၏ပြိုင်ဘက် ဝူဖေးလုံသည် လင်ယွင်စာရင်း၏ နံပါတ်တစ်၊ လက်သီးဆန္ဒကို နားလည်သည့် မူလဘူတ အဆင့် ကျင့်ကြံသူ ဖြစ်သည်။
ဤကဲ့သို့ လူမျိုးကို အနိုင်ယူရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါအံ့နည်း။
"ဟားဟား... ကျန်းချန်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီလို့ ငါထင်တယ်"
"မင်းက ဓားဆန္ဒကို မသုံးဘူး ဆိုပါလား... မင်းနားလည်ရမှာက ဓားဆန္ဒကို သုံးရင်တောင် ငါ့ရှေ့မှာ မောက်မာဖို့ မင်းမှာ အခွင့်အရေးမရှိဘူး"
"ငါ့ရှေ့မှာ မင်းရဲ့ အင်အားလေးက ဘာမှစာဖွဲ့စရာမရှိဘူး ဆိုတာကို ငါချက်ချင်း သက်သေပြမယ်"
ဝူဖေးလုံက လှောင်ရယ်၍ ပြောလိုက်သည်။
ထို့နောက် သူက လက်သီးကို လှုပ်ရှားလိုက်ပြီး လက်သီးဆန္ဒထဲတွင် မူလဘူတအဆင့် ခွန်အားကိုပါ ထည့်သွင်းထားခဲ့၏။
မူလဘူတအဆင့် ခွန်အားကို ပေါင်းစပ်ထားသည့် လက်သီးဆန္ဒ။
ဝူဖေးလုံ၏ တိုက်ခိုက်ရေး အင်အားသည် သာမန် မူလဘူတအဆင့် ကျင့်ကြံသူတစ်ဦးကို ပြင်းထန်စွာ ထိခိုက်စေရန် လုံလောက်၏။
ကျန်းချန်က ဝူဖေးလုံ၏ ပြင်းထန်သော တိုက်ခိုက်မှုကို တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်နှင့် ယန်လုံဓားသည် လေထဲကနေ ထွက်ပေါ်လာ၏။
ထို့နောက် ကျန်းချန်က ယန်လုံဓားထဲသို့ မူလဘူတ အဆင့် စွမ်းအားများကို တည်ငြိမ်စွာ စီးဆင်းစေလိုက်သည်။
ချီစွမ်းအားများ စီးဝင်လာသည်နှင့်အမျှ ယန်လုံဓားထံမှ မီးလျှံကဲ့သို့ ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့၏။
ဓားအလင်းတန်းက မီးလျှံများဖြင့် ကြောက်မက်ဖွယ်တောက်ပနေခဲ့သည်။
၎င်းက ပတ်ဝန်းကျင်ကိုပင် ချက်ချင်းဆိုသလို အနည်းငယ် ပူလာစေခဲ့၏။
လေထုထဲရှိ ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများသည်လည်း မီးလျှံဓားအလင်းတန်း၏ လှုံ့ဆောင်မှုကြောင့် အသက်ဝင်လာခဲ့သည်။
ခဏအကြာမှာပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများသည် ဓားအလင်းတန်းဆီသို့ အလျင်အမြန် စုစည်းသွားပြီး လေထုထဲတွင် ဧရာမ မီးလျှံကြီးတစ်ခု အဖြစ် စုစည်းသွားသည်ကို တွေ့လိုက်ရ၏။
"ကောင်းကင်လောင်ကျွမ်း ဓားသိုင်း"
ကျန်းချန်က မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသော ဝူဖေးလုံကို ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ ယန်လုံဓားကို ခုတ်ချလိုက်သည်။
တခဏအတွင်း အံ့အားသင့်စရာ အကြည့်ပေါင်းများစွာအောက်မှာပင် ဧရာမမီးလျှံဓားအလင်းသည် မီးလျှံလေစီးကြောင်းနှင့်အတူ ဝူဖေးလုံ ဆီသို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
ဓားအလင်းက ဖရဲသီးကို လှီးဖြတ်သကဲ့သို့ ဝူဖေးလုံ၏ လက်သီးဆန္ဒကို ချိုးဖျက်ပြီး ဝူဖေးလုံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"အားး"
ဝူဖေးလုံက နာကျင်စွာ ညီးညူလိုက်ပြီး သွေးအန်ကာ ပေအနည်းငယ်အကွာထိ လွင့်စင်သွားခဲ့၏။
သူ့ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများ မပြည့်စုံတော့ဘဲ သူ့တစ်ကိုယ်လုံးတွင်လည်း မီးလောင်ထားသည့် အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို လှုံ့ဆော်နိုင်တဲ့ ကိုယ်ခံပညာ.. မင်း... မင်းက တကယ်ပဲ မြေကြီးအဆင့် ကိုယ်ခံပညာကို တတ်မြောက်သွားပြီလား"
ဝူဖေးလုံက သူ့ခန္ဓာကိုယ်ကို ထရပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မဖြစ်နိုင်ခဲ့ပေ။
အဆုံးသတ်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်လုံးထဲတွင် ကြောက်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ဝေါ့"
မကြာခင်မှာပင် ဝူဖေးလုံ၏ လည်ချောင်းက ချိုမြိန်သွားပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ထို့နောက်တွင် ဝူဖေးလုံသည် လည်လိမ်ကာ မြေပြင်ပေါ်တွင် သတိလစ်သွားခဲ့၏။
အခန်း(၁၃၄) ပြီး၏