နတ်ဘုရားမိစ္ဆာနိုးထလာခြင်း
Vol. 126 Ch. 1879
နဂါးအသူရာချောက်နက်၏ အပြင်ဘက်တွင်...။
အလင်းတန်းတစ်ခုက ပျံသန်းလာပြီး ရုတ်တရက်ရပ်တန့်သွားကာ ပုံပန်းသဏ္ဌာန်က ပေါ်ထွက်လာခဲ့၏။
အဲ့ဒါသည် သန့်ရှင်းသပ်ရပ်သော အဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်၏။ သူ၏ ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုနှင့် တောက်ပနေပြီး သူ့ထံမှ ကြောက်စရာကောင်းသော အော်ရာတစ်ခုဖြာထွက်နေ၏။ သူ၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး အဲ့ဒါကလေဟာနယ်ကို ထိုးဖောက်ကာ နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အသူရာချောက်နက်ထံသို့ ဆင်းသက်သွားသည့်အလားပင်။
ယခုအချိန်မှာ အသူရာချောက်နက်ထဲကနေ နက်မှောင်နေသောအလင်းတန်းများက ပစ်လွင့်ထွက်ပေါ်လာပြီး တိမ်လွှာများကြားထဲ တလိပ်လိပ်ထိုးတက်နေ၏။
“ဟမ့်...”
လူငယ်၏ မျက်လုံးက တောက်ပဝင်းလက်သွားပြီး ထပ်တလဲလဲ ရေရွတ်လိုက်၏။
“ကောင်းတယ်ကွာ... ကောင်းတယ်... သိပ်ကောင်းတယ်... ကပ်ဘေးကိုးခုသန့်စင်ယန်ပဲ... အဲ့ဒါအတွက် ဒီကြယ်တာရာကိုဖြတ်ကျော်လာခဲ့ရတာ ငါ့ရဲ့အချိန်တွေက အလဟဿမဖြစ်တော့ဘူး”
ထိုသို့ပြောပြီးသည်နှင့် လူငယ်က ဖျတ်ခနဲဆို နေရာကနေပျောက်ကွယ်သွားပြီး အသူရာချောက်နက်ရှိရာသို့ ပျံသန်းသွား၏။
လူငယ်ပျောက်ကွယ်သွားပြီး သိပ်မကြာခင် နောက်ထပ်ရွှေရောင်အလင်းတန်းတစ်ခုက နဂါးအသူရာချောက်နက်ကြယ်အပြင်ကနေ ဆင်းသက်လာခဲ့၏။
အဲ့ဒါသည် နတ်ဆင်တစ်ကောင်နှင့်ယှဥ်နိုင်သော ဧရာမရွှေရောင်ပုရွက်ဆိတ်တစ်ကောင်ဖြစ်၏။
၎င်း၏ ခန္ဓာကိုယ်က သံမဏိကို အရည်ဖျော်ထားသကဲ့သို့ဖြစ်ပြီး ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေ၏။
၎င်း၏ မျက်လုံးများက ကြမ်းကြုတ်ခက်ထန်၍ ၎င်း၏ အော်ရာက ကြောက်စရာကောင်းနေ၏။
ရွှေရောင်ပုရွက်ဆိတ်၏ ကျောပေါ်မှာ အမျိုးသားတစ်ယောက်က ထိုင်နေ၏။
ထိုလူကလည်း ရွှေရောင်တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူက သူ့အောက်ဘက်ရှိ ပုရွက်ဆိတ်နှင့် တစ်သားတည်းကျလုနီးပါးပင်။ သူ့မှာ ရွှေရောင်ဆံပင်များရှိပြီး နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အသူရာချောက်နက်ရှိရာဘက်သို့ စိုက်ကြည့်နေ၏။
“အဲ့ဒါက သန့်စင်ယန် စိတ်ဝိညာဥ်ရတနာတစ်ခုပဲ”
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်အမျိုးသားက စိတ်လှုပ်ရှားတက်ကြွသောအမူအရာနှင့်အတူ အံ့အားတသင့်ရေရွတ်လိုက်၏။
“သခင်... ဒီနေရာကနေ စောစောကမှ ပညာရှင်တစ်ယောက် ထွက်ခွာသွားတဲ့ပုံပဲ... သူ့ချန်ထားခဲ့တဲ့အော်ရာက ခင်ဗျားထက်ပိုပြီး အားမနည်းလောက်ဘူး”
ဧရာမပုရွက်ဆိတ်က ရုတ်တရက် လူသားဘာသာစကားဖြင့် ပြောဆိုလိုက်၏။
“အင်း...”
ရွှေရောင်ချပ်ဝတ်အမျိုးသားက ခေါင်းညိတ်ပြလိုက်၏။
“ငါသူ့ကို မြင်လိုက်တယ်... သူက ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က ဓားအင်မော်တယ် ယွဲ့ဟွားဖြစ်လိမ့်မယ်... အဲ့ဒီလူက ကိုင်တွယ်ရနဲနဲတော့ ခက်ခဲလိမ့်မယ်”
“သွားကြတာပေါ့”
ခဏမျှစဥ်းစားတွေးတောပြီးနောက် ရွှေရောင်ချပ်ဝတ်အမျိုးသား၏ မျက်လုံးထဲတွင် ပြတ်သားသောအကြည့်တစ်ခုပေါ်ထွက်လာပြီး သူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ကပ်ဘေးကိုးခုကို ဖြတ်ကျော်ထားတဲ့ သန့်စင်ယန် စိတ်ဝိညာဥ်ရတနာတစ်ခုက သူ့သခင်ကို သူ့ဘာသာသူရွေးချယ်နိုင်တယ်... အဲ့ဒီရတနာက ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ မသိရသေးဘူး”
ထိုသို့ပြောပြီးသည်နှင့် ရွှေရောင်ချပ်ဝတ်အမျိုးသားက ဧရာမပုရွက်ဆိတ်ကိုစီးပြီး နဂါးအသူရာချောက်နက်ကြယ်၏ အသူရာချောက်နက်ရှိရာဘက်သို့ ပျံသန်းသွားလေသည်။
ရွှေရောင်ချပ်ဝတ်အမျိုးသားက ပျောက်ကွယ်သွားသည့်ခဏမှာပင် နဂါးအသူရာချောက်နက်ကြယ်၏ အပြင်ဘက်ကနေ နောက်ထပ်ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။
“ဒီလိုကြယ်သေးသေးလေးမှာ အရမ်းကိုစည်ကားနေကြပါလား”
ထိုစကားကိုပြောလိုက်သောသူက အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမ၏ အသံက ကောင်းကင်ဘုံပုလွေသံကဲ့သို့ အရမ်းကို သာယာနာပျော်ဖွယ်ကောင်းလေသည်။
ကြယ်တာရာထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီများက ထိုအမျိုးသမီး၏ ဘေးမှာစတင်၍စုဝေးလာ၏။
နဂါးအသူရာချောက်နက်ကြယ်... အသူရာချောက်နက်၏ အဆုံး၌ လူတိုင်း၏ ရှေ့မှောင်မှာ ကောင်းကင်အင်မော်တယ်လောယန်၏ လက်က ပေါက်ကွဲထွက်သွားပြီး သွေးမြူတစ်ခုက ဖြန့်ကြက်သွားကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
လက်ရှိ ကျင့်ကြံသူများစွာကြားမှာ ကောင်းကင်အင်မော်တယ်လောယန်က အသန်မာဆုံးပုဂ္ဂိုလ်နီးပါးဖြစ်ပြီး သူ့ကိုထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သည့်သူက မိန်ကျိတစ်ယောက်သာလျှင်ရှိနိုင်လေသည်။
သို့သော်လည်း ပိန်းပိတ်အောင် နက်မှောင်နေသော အောင်လံတံခွန်ပေါ်မှာ တစ်စုံတစ်ရာဖြစ်ပွားလာခဲ့ပြီး ကောင်းကင်အင်မော်တယ်လောယန်ကို အမှန်တကယ်ပင် ထိခိုက်ဒဏ်ရာရရှိသွားစေ၏။
“အား...”
ကောင်းကင်အင်မော်တယ်လောယန်က ခပ်စူးစူးအော်ဟစ်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ ခုန်ဆုတ်လိုက်၏။
ကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် လက်ဝါးတစ်ဖက်ကြေမွသွားခြင်းက သေစေနိုင်သော ဒဏ်ရာတစ်ခု မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်အင်မော်တယ်လောယန်ကို တုန်လှုပ်ချောက်ချားသွားစေသည့်အရာမှာ သူ၏ ဒဏ်ရာကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ရစ်ပတ်လွှမ်းခြုံလာပြီး သူ၏ ပြန်လည်ကုသနိုင်စွမ်းကို ပိတ်ဆို့လိုက်ခြင်းပင်။
ဤဝိညာဥ်ဆင့်ခေါ် အော်လံတံခွန်က တကယ်ကိုထူးခြားနေ၏။
ကောင်းကင်အင်မော်တယ်လောယန်၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်ပြီး သူက ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို လက်လွှတ်ကာ ဆုတ်ခွာလာခဲ့၏။
သူ၏ အချိန်ကိုက်လှုပ်ရှားမှုကြောင့်ပင် သူ့အသက်က ချမ်းသာရာရခဲ့ခြင်းဖြစ်၏။
အစကတော့ ဝိညာဥ်ဆင့်ခေါ် အောက်လံတံခွန်သည် သုံးပေသာရှည်လျားလေသည်။ ၎င်းက တွဲလောင်းကျ၍ မည်သည့်စိတ်ဝိညာဥ်မှ မရှိဘဲ အသက်ဓာတ်ကင်းမဲ့နေသည့်ပုံပေါ်၏။
သို့သော်လည်း အနက်ရောင်မြူခိုး၏ လွှမ်းခြုံမှုအောက်မှာ ဝိညာဥ်ဆင့်ခေါ် အောင်လံတံခွန်၏ ကိုယ်ထည်က ရုတ်တရက်ပြန့်ကားသွားပြီး ပေတစ်ရာအမြင့်ထိ ချက်ချင်းပင်မြင့်တက်လာခဲ့၏။ ဧရာမပိတ်စက ဖြန့်ကြက်သွားပြီး ၎င်းပေါ်မှာ ရေးဆွဲထားသောအရာများက ပေါ်ထွက်လာ၏။
အောင်လံတံခွန်၏ တစ်ဘက်မှာ ရွှေရောင်ဂမ္ဘီရအလင်းဖြင့် တောက်ပနေသော ခံ့ညားထည်ဝါသည့် ပုံရိပ်တစ်ခုရှိသည်။ အဲ့ဒါက ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး လျစ်လျုရှု၍ မရနိုင်ပေ။
အောင်လံတံခွန်၏ အခြားတစ်ဘက်မှာတော့... နောက်ထပ်တောင့်တင်းခိုင်မာသော ပုံရိပ်တစ်ခုကို ရေးဆွဲထား၏။ ၎င်း၏ နဖူးပေါ်မှာ ဦးချိုနှစ်ချောင်းပါရှိပြီး ၎င်း၏ ခန္ဓာကိုယ်ကို မိစ္ဆာချီများက ရစ်ပတ်လွှမ်းခြုံကာ ကြောက်စရာကောင်းသော ကောင်းကင်ဘုံမိစ္ဆာတစ်ကောင်နှင့်တူနေ၏။
ရွှေရောင်ဂမ္ဘီရအလင်းနှင့် နက်မှောင်နေသော မိစ္ဆာအလင်းများ ပစ်လွင့်ထွက်ပေါ်လာပြီး အသူရာချောက်နက်ကို မကောင်းဆိုးဝါးဆန်ဆန်ပုံစံဖြင့် ထိန်ထိန်လင်းသွားစေ၏။
ပေတစ်ရာမြင့်မားသော ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က တစ်ယောက်ယောက်ကိုင်၍ လှုပ်ခါလိုက်သည့်အလား လေထဲမှာယိမ်းနွဲ့သွား၏။
ဧရာမအောင်လံတံခွန်က ဘေးနားပတ်လည်ရှိ ကောင်းကင်ဘုံအင်မော်တယ်များထံသို့ ဝေ့ယမ်းလာခဲ့၏။
ကောင်းကင်အင်မော်တယ်လောယန်၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်ပြီး ပွတ်ကာသီကာဖြင့် အဲ့ဒါကိုရှောင်တိမ်းလိုက်နိုင်၏။
သို့သော်လည်း အစက သူ့ကိုဝိုင်းပတ်ထားသည့် ကောင်းကင်အင်မော်တယ်များစွာကြားမှာ တချို့တလေသည် တုံ့ပြန်မှုနှေးကွေးသွားပြီး ဧရာမအောင်လံတံခွန်ဖြင့် ထိခတ်ခြင်းခံလိုက်ရ၏။
ဧရာမအောင်လံတံခွန်က ရှေးကျသောတောကောင်တစ်ကောင်ကဲ့သို့ ထိုကောင်းကင်အင်မော်တယ်ပညာရှင်များကို အုပ်မိုးဝါးမျိုသွားလေသည်။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ယိမ်းနွဲ့၍ ကျဆင်းလာပြီး သိပ်မကြာခင် ကောင်းကင်အင်မော်တယ်များကို ပြန်လည်ပေါ်ထွက်လာစေ၏။
အစကတော့ ထိုကောင်းကင်အင်မော်တယ်တစ်ယောက်ချင်းစီသည် တုန်လှုပ်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်ကြ၏။
သို့သော်လည်း တစ်ခဏချင်းမှာပင် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ဖြင့် အုပ်မိုးဝါးမျိုခြင်းခံခဲ့ရသော ထိုကောင်းကင်အင်မော်တယ်ပညာရှင်များ၏ ခန္ဓာကိုယ်များထဲမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ပေ။
ထိုကောင်းကင်အင်မော်တယ်ပညာရှင်များ၏ ခန္ဓာကိုယ်များပေါ်မှာ မည်သည့်ထိခိုက်ဒဏ်ရာမှ မရှိပေ။
သို့သော်လည်း သူတို့သည် အောင်လံတံခွန်ထဲကနေ ကျဆင်းလာသောအခါ သူတို့က သေနှင့်နေလေပြီ။ သူတို့က ညှိုးခြောက်သော အလောင်းများအဖြစ်ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့၏။
“ဟား...”
ကျန်ရှိနေသော ကျင့်ကြံသူများက ပင့်သက်ကို ရှိုက်ပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။
ဤမျှများပြားသော ကောင်းကင်အင်မော်တယ်များသည် အသံတစ်ချက်ပင် မထွက်နိုင်ဘဲ ယုတ္တိကျသော မည်သည့်အကြောင်းရင်းမှမရှိဘဲ သေဆုံးကုန်ကြ၏။
တကယ်ဆို... ကောင်းကင်အင်မော်တယ်အချို့သည် ထိုအထဲသို့ ဆွဲယူသွင်းခြင်း မခံခဲ့ရပေ။ သူတို့က ဧရာမအောင်လံတံခွန်နှင့် ထိတွေ့မိခဲ့ရုံသာဖြစ်သော်လည်း သူတို့သည် လေထဲကနေပြုတ်ကျကာ နေရာမှာပင် သေဆုံးသွားကြ၏။
ထိုကောင်းကင်အင်မော်တယ်များ၏ ဝိညာဥ်များကို ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က စုပ်ယူဝါးမျိုလိုက်သည့်အလားပင်။
ကောင်းကင်အင်မော်တယ်လောယန်၏ မျက်လုံးက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွား၏။
သူသာ တုံ့ပြန်မှုအနည်းငယ်နှေးကွေးခဲ့လျှင် သူသည် ထိုကောင်းကင်အင်မော်တယ် ပညာရှင်များကဲ့သို့ သေဆုံးနေပေလိမ့်မည်။
သူ၏ ခေါင်းကိုးလုံးမြွေနဂါးသည် သူကဲ့သို့ ကံမကောင်းရှာဘဲ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရ၏။ ရှေးဟောင်းစစ်ရထားကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အရောင်မှေးမှိန်သွား၏။
“အဲ့ဒါက ဘာစိတ်ဝိညာဥ်ရတနာပါလိမ့်.. အရမ်းကိုကြောက်ဖို့ကောင်းတယ်”
ကောင်းကင်အင်မော်တယ်လောယန်၏ စိတ်ထဲသို့ ခန့်မှန်းချက်တစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။
“ဖြစ်နိုင်တာ... အဲ့ဒါက..”
အခြေအနေမကောင်းတော့ဘူးဆိုတာကို အာရုံခံမိ၍ မိန်ကျိက အဝေးသို့ထွက်ပြေးသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“ပြေးကြ...”
ကျန်ရှိနေသော ကောင်းကင်အင်မော်တယ်များက အော်ဟစ်၍ အဘက်ဘက်သို့ လှည့်ထွက်ပြေးလိုက်ကြ၏။
သူတို့သည် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ စွမ်းအားကို လုံးဝခုခံနိုင်မှာမဟုတ်ဘူးဆိုတာ ထိုကောင်းကင်အင်မော်တယ် ပညာရှင်များက နားလည်သဘောပေါက်သွား၏။
ပေတစ်ရာမြင့်မားသော ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က အလံတစ်ခုကဲ့သို့ ယိမ်းနွဲ့သွားပြီး နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးကို အဆက်မပြတ်လှုပ်ခါသွားစေ၏။
အရပ်အမောင်းမြင့်မား တောင့်တင်းခိုင်မာသော သတ္တဝါနှစ်ကောင်က ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ တံခွန်နှစ်ခုကြားကနေ တိုးထွက်လာခဲ့၏။
ကျင့်ကြံသူများစွာက တုန်လှုပ်သွားလေသည်။
အောင်လံတံခွန်ပေါ်တွင် ရေးဆွဲထားသည့် ပုံရိပ်နှစ်ခုက အသက်ဝင်လာခဲ့လေပြီ။
သူတို့ထဲမှတစ်ကောင်သည် ဂမ္ဘီရအလင်းတစ်ခုဖြင့်တောက်ပနေပြီး နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ ၎င်းက လောကကိုဖိနှိမ်နိုင်သည့် အော်ရာတစ်ခုကိုဖြာထုတ်ပေးပြီး ကောင်းကင်အင်မော်တယ်များစွာ၏ လမ်းကြောင်းကို ပိတ်တို့တားဆီးလိုက်၏။
ကောင်းကင်ဘုံနတ်ဘုရားက ရှေ့သို့ပစ်ထိုးလိုက်လေသည်။
ကောင်းကင်အင်မော်တယ်အချို့သည် အတူပူးပေါင်း၍ အန္တိမနတ်ဘုရားစွမ်းအားများ ၊ အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။
သို့သော်လည်း သူတို့အားလုံးသည် ကောင်းကင်ဘုံနတ်ဘုရား၏ ထိုးချက်တစ်ချက်တည်းဖြင့် ပျက်စီးသွားလေသည် ။
အခြားသောသတ္တဝါက ပိတ်စပေါ်တွင်ရေးဆွဲထားသည့် ဦးချိုနှစ်ချောင်းပါရှိသော ကောင်းကင်ဘုံမိစ္ဆာဖြစ်သည်။
၎င်းက အသူရာချောက်နက်၏ အခြားတစ်ဘက်ကနေ ပိတ်ဆို့တားဆီးပြီး ဟိန်းဟောက်လိုက်၏။
“မင်းတို့တွေအားလုံး သေကြစမ်း”
ကောင်းကင်ဘုံမိစ္ဆာ၏ ကြီးမားသော ခန္ဓာကိုယ်က အသူရာချောက်နက်၏ အခြားတစ်ဘက်လုံးကို ပိတ်ဆို့ထားသည်ဟု ထင်ရပြီး မည်သည့်သက်ရှိကမှ မဖြတ်ကျော်နိုင်ကြပေ။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ပေါ်ရှိ နတ်ဘုရားမိစ္ဆာ နိုးထလာပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်သောအခါ ကျင့်ကြံသူများအားလုံးက အထဲမှာပိတ်မိသွားလေသည်။
မည်သူကမှ ချမ်းသာရာမရနိုင်ပေ။