← Chapters

ဖော်ထုတ်ခံရခြင်း

Vol. 126 Ch. 1883

ဖော်ထုတ်ခံရခြင်း

Vol. 126 Ch. 1883

ကောင်းကင်အင်မော်တယ် လောယန်၏ အကြည့်က လူငယ်၏ ခါးပေါ်သို့ ရွေ့လျားသွားပြီး သူက တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်”

လူငယ်၏ ခါးပေါ်မှာ တစ်မူထူးခြားသော ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားသည့် တံဆိပ်ပြားတစ်ခု ရှိနေ၏။ အဲဒီမှာ မျဉ်းသုံးကြောင်းပါ ရှစ်လုံးပုံသဏ္ဌာန် သင်္ကေတတစ်ခု ရှိနေ၏။

ထိုအမှတ်သင်္ကေတသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ကိုယ်စားပြု၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ထိပ်တန်းအဆင့် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ၎င်း၏ အဆင့်အတန်းသည် မဟာကျင်း အင်မော်တယ်နိုင်ငံနှင့်ပင် ယှဉ်နိုင်၏။

“ဓားအင်မော်တယ် ယွဲ့ဟွား”

မိန်ကျိက လူငယ်၏ မျက်နှာကို ကြည့်ပြီး ခဏမျှ စဉ်းစားတွေးတောလိုက်၏။

သူမက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား အံ့အားတသင့် ရေရွတ်လိုက်၏။

ဓားအင်မော်တယ် ယွဲ့ဟွားသည် မှင်သေသေ အမူအရာတစ်ခု ရှိနေပြီး သူ၏ အကြည့်က ကောင်းကင်အင်မော်တယ် လောယန်နှင့် မိန်ကျိအပေါ်သို့ ရောက်ရှိသွား၏။

“လက်စသတ်တော့ မင်းတို့က အင်ပါယာ လေဘုရားကျောင်းနဲ့ အင်မော်တယ်ပျံဂိုဏ်းက အတွင်းဂိုဏ်းတပည့်တွေပဲ.. မင်းတို့တွေက ထက်မြက်သားပဲ”

အင်ပါယာ လေဘုရားကျောင်းနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် အတူယှဉ်ကာ ရပ်တည်နိုင်လေသည်။

သို့သော်လည်း ကောင်းကင်အင်မော်တယ် လောယန်နှင့် မိန်ကျိ၏ အဆင့်အတန်းသည် ဓားအင်မော်တယ် ယွဲ့ဟွားထက် များစွာနိမ့်ကျသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ပကတိ အင်မော်တယ်တစ်ယောက်က အမွေခံတပည့်တစ်ယောက်ဖြစ်၏။

ကောင်းကင်အင်မော်တယ် လောယန်နှင့် မိန်ကျိတို့ကတော့ သူတို့သည် ကောင်းကင်အင်မော်တယ် ပညာရှင်များ ဖြစ်သော်လည်း အင်ပါယာ လေဘုရားကျောင်းနှင့် အင်မော်တယ်ပျံဂိုဏ်းတို့မှာ သူတို့ကို အတွင်းဂိုဏ်းတပည့်များအဖြစ်သာ သတ်မှတ်နိုင်၏။

အဲဒါက ခွန်အားအရာမှာ ကွာဟရုံသာ မဟုတ်ပေ။ သူတို့၏ အဆင့်အတန်းချင်းမှာပင် ကောင်းကင်အင်မော်တယ် လောယန်နှင့် မိန်ကျိသည် ဓားအင်မော်တယ် ယွဲ့ဟွားထက် များစွာနိမ့်ကျနေ၏။

ဓားအင်မော်တယ် ယွဲ့ဟွားက သူတို့ကို ဤနေရာမှာ သတ်ဖြတ်လိုက်မည်ဆိုလျှင်တောင် လေဘုရားကျောင်းနှင့် အင်မော်တယ်ပျံဂိုဏ်းတို့သည် အတွင်းဂိုဏ်းတပည့်နှစ်ယောက် သေဆုံးသွားခြင်းအတွက် သူ့ကို ဆန့်ကျင်တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။

အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်းများမှာ အမွေခံတပည့်များက မြင့်မြတ်သော အဆင့်အတန်းများ ရှိကြ၏။ သူတို့က ဘယ်နေရာကို ရောက်ရောက် သူတို့သည် ဂိုဏ်းများ၏ အကြီးအကဲများနှင့်ပင် ယှဉ်နိုင်သော ပညာရှင်များ ဖြစ်ကြ၏။

အမွေခံတပည့်အချို့သည် အကြီးအကဲများထက်ပင် ပို၍ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။

ဓားအင်မော်တယ် ယွဲ့ဟွား၏ အကြည့်က ကျင့်ကြံသူများစွာ၏ မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း ဖြတ်သန်းသွား၏။

မည်သူကမှ သူနှင့် အကြည့်ချင်း မဆုံရဲကြပေ။

ကောင်းကင်အင်မော်တယ် လောယန်နှင့် မိန်ကျိက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။ အခြားသော ကောင်းကင်နှင့် ကမ္ဘာမြေအင်မော်တယ်များကလည်း အသက်ကိုပင် ရဲရဲမရှူရဲကြပေ။

ဓားအင်မော်တယ် ယွဲ့ဟွား၏ အကြည့်က ဆူဇီမိုအပေါ်သို့ ဆင်းသက်လာသောအခါ အဲဒီမှ ခဏမျှ ရပ်တန့်သွား၏။

ဆူဇီမိုက တစ်နည်းတစ်ဖုံ ထူးခြားနေသောကြောင့် မဟုတ်ပေ။ ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်များစွာကြားမှာ အားနည်းသော မဟူရာအင်မော်တယ်တစ်ယောက် ရောက်ရှိနေခြင်းက အနည်းငယ် ထူးခြားနေသောကြောင့်သာ ဖြစ်၏။

“စောစောက သန့်စင်ယန်ဓမ္မရတနာနှစ်ခုက ဘယ်ရောက်သွားတာလဲ”

ဓားအင်မော်တယ် ယွဲ့ဟွားက ဖြည်းဖြင်းချင်း မေးလိုက်၏။

“သန့်စင်ယန်ဓမ္မရတနာလား”

လက်ရှိလူတိုင်းက တုန်လှုပ်သွားကြ၏။

ကောင်းကင်အင်မော်တယ် လောယန်နှင့် မိန်ကျိက အဲဒါကို ယခင်က ခန့်မှန်းမိခဲ့သော်လည်း ယခု သူတို့ကိုယ်တိုင် ကြားရသောအခါ ရင်တစ်ချက်ထိတ်သွားကြ၏။

အသိစိတ်ရှိသော ဓမ္မရတနာများကို နိမ့်ကျ၊ အလယ်အလတ်နှင့် သာလွန်အဆင့်များဟူ၍ ခွဲခြားခြင်း မဟုတ်တော့ပေ။ သူတို့၏ အဆင့်များကို သူတို့ ဖြတ်ကျော်ခဲ့ရသည့် ကောင်းကင်ကပ်ဘေး အရေအတွက်နှင့် ဆုံးဖြတ်လေသည်။

သန့်စင်ယန်ဓမ္မရတနာများသည် အသိစိတ်ရှိသော ဓမ္မရတနာများ၏ အထွတ်အထိပ် စံပြနမူနာဖြစ်၏။

ကောင်းကင်ဘုံကပ်ဘေး ကိုးခုကို ဖြတ်ကျော်ပြီးမှသာ သန့်စင်ယန်ဓမ္မရတနာများကို ဖန်တီးနိုင်မည် ဖြစ်၏။

ဓားအင်မော်တယ် ယွဲ့ဟွားက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“အဲဒါက မင်းတို့တွေ ကိုင်ဆောင်နိုင်တဲ့ ရတနာတွေ မဟုတ်ဘူး”

“အဆင့်မြင့်အင်မော်တယ်.. ခင်ဗျားပြောတာ မှန်ပါတယ်”

ကောင်းကင်အင်မော်တယ် လောယန်က အလောတကြီး မြှောက်ပင့်ပြောဆိုလိုက်၏။

“စောစောက ကျုပ်က သန့်စင်ယန်ဓမ္မရတနာတစ်ခုကိုပဲ တွေ့မြင်လိုက်ရတယ်.. အဲဒါက အရမ်းကို သန်မာတဲ့ ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်ပဲ.. အဲဒါက ကောင်းကင်ဘုံနတ်ဘုရားနဲ့ ကောင်းကင်ဘုံမိစ္ဆာကိုတောင် စုဖွဲ့နိုင်…”

“နတ်ဘုရားမိစ္ဆာဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်ပဲ”

ဓားအင်မော်တယ် ယွဲ့ဟွား၏ မျက်လုံးက ဝင်းလက်သွားပြီး ကောင်းကင်အင်မော်တယ် လောယန်ကို ဖြတ်ပြောလိုက်၏။

“အဲဒီ သန့်စင်ယန်ဓမ္မရတနာက ပျောက်ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. အခု ဒီနေရာမှာ ပြန်ပြီးပေါ်လာပြီပေါ့”

ကောင်းကင်အင်မော်တယ် လောယန်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့.. နတ်နဂါးတစ်ကောင်က ရုတ်တရက် ပေါ်ထွက်လာပြီး နတ်ဘုရားမိစ္ဆာဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်နဲ့ တိုက်ခိုက်ခဲ့တယ်.. အဲဒီနောက် သူတို့နှစ်ခုစလုံးက ရုတ်တရက် လေထဲကနေ ပျောက်ကွယ်သွားတယ်”

နောက်ဆုံးမှာတော့ ကောင်းကင်အင်မော်တယ် လောယန်က မလုံမလဲ ခံစားနေရ၏။

“မဖြစ်နိုင်ဘူး”

ဓားအင်မော်တယ် ယွဲ့ဟွား၏ အကြည့်က အေးစက်လာပြီး လူတိုင်းကို အကဲခတ်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သန့်စင်ယန်ဓမ္မရတနာတစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားစရာ အကြောင်းမရှိဘူး.. အဲဒါက မင်းတို့တွေ ကြားထဲမှာပဲ ရှိရမယ်”

“အဆင့်မြင့်အင်မော်တယ်.. ကျေးဇူးပြုပြီး ကျုပ်ကို ချမ်းသာပေးပါ.. ကျုပ် အဲဒါကို တကယ်ပဲ ယူမထားပါဘူး”

“ကျုပ်မှာလည်း အဲဒါ မရှိပါဘူး”

ကမ္ဘာမြေအင်မော်တယ်များစွာက ဓားအင်မော်တယ် ယွဲ့ဟွား ထုတ်ဖော်ထားသည့် စိတ်ဝိညာဉ်အသိစိတ် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျကာ ထိတ်လန့်တကြား အမူအရာများနှင့် သူတို့ကိုယ်သူတို့ ခုခံကာကွယ်ပြောဆိုလိုက်ကြ၏။

ကောင်းကင်အင်မော်တယ် လောယန်ကလည်း အလောတကြီး ထပ်ပြောလိုက်၏။

“ကျုပ်က အဲဒီ သန့်စင်ယန်ဓမ္မရတနာကို ရထားမယ်ဆိုရင်တောင် ကျုပ်က အခုချက်ချင်းပဲ အဲဒါ ခင်ဗျားကို ထုတ်ပေးလိုက်မှာ… ကျုပ် အဲဒါကို ယူထားရဲမှာ မဟုတ်ဘူး”

“ဓားအင်မော်တယ်.. ကျွန်မကလည်း ရှင့်ကို သေချာပေါက် လိမ်ညာရဲမှာ မဟုတ်ဘူး”

မိန်ကျိကလည်း ကြိုးစား၍ ပြုံးပြပြီး အားနည်းစွာဖြင့် သူမ၏ ခေါင်းကို ငုံ့ထား၏။

ဓားအင်မော်တယ် ယွဲ့ဟွားက မျက်ခုံး အနည်းငယ်ပင့်လိုက်၏။

“မင်းတို့တွေကို ငါ အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. အဲဒါကို ယူထားတဲ့ ဘယ်သူမဆို ရှေ့ကို တက်လာပြီး အဲဒါကို ထုတ်ပေးလိုက်.. အဲ့လိုဆိုရင် ငါ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်”

ထိုသို့ပြောပြီးသည်နှင့် ဓားအင်မော်တယ် ယွဲ့ဟွားက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။

ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။

သူက အဲဒါကို ထုတ်မပေးလိုသည့် အချက်ကို အသာထား… သူက အဲဒါကို ထုတ်ပေးလိုသည်ဆိုလျှင်တောင် သူသည် ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်ကို ထုတ်ပေးနိုင်တော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်မှာ ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်သည် စတုရန်းကြေးမီးဖို၏ အရည်ဖျော်ချသန့်စင်ခြင်းကို ခံနေရပြီဖြစ်၏။

စတုရန်းကြေးမီးဖိုက အထဲမှာ ပါဝင်သည့် စွမ်းအားကို လုံးလုံးလျားလျား သန့်စင်စုပ်ယူနိုင်ခြင်း မရှိသေးသော်လည်း ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်က သေချာပေါက် အကောင်းအတိုင်း မကျန်ရှိတော့ပေ။

ခဏမျှ စောင့်ဆိုင်းပြီးနောက် မည်သူကမှ ရှေ့သို့ ထွက်မလာကြပေ။

ဓားအင်မော်တယ် ယွဲ့ဟွားက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

ချက်ချင်းပင် ထိုမျက်လုံးများထဲမှာ ဓားအလင်းတန်းတစ်ခုက ဖျတ်ခနဲ လက်သွားသည့်အလားပင်။ အသူရာချောက်နက်တစ်ခုလုံးရှိ အပူချိန်က ချက်ချင်းပင် ထိုးဆင်းလာခဲ့၏။

ဓားအင်မော်တယ် ယွဲ့ဟွားက အေးစက်စက် အမူအရာနှင့်အတူ ခေါင်းညိတ်လိုက်၏။

“သိပ်ကောင်းတယ်.. ငါ့ရှေ့မှာ ရတနာကို ခိုးယူထားရဲတဲ့သူက မင်းတို့တွေထဲကနေ ထွက်မလာဘူးဆိုမှတော့ ရက်စက်ရတဲ့အတွက် ငါ့ကို အပြစ်မတင်ကြနဲ့”

“အ.. အဆင့်မြင့်အင်မော်တယ်”

ထိုစဉ်မှာပင် မီးခိုးရောင်ဝတ် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ရှေ့သို့ ထွက်လာပြီး တုန်ယင်နေသော အသံဖြင့် အော်ပြောလိုက်၏။

“မင်း အခုမှ ထွက်လာမယ်ဆိုလည်း နောက်ကျသွားပြီ”

ဓားအင်မော်တယ် ယွဲ့ဟွားက သေလူတစ်ယောက်ကို ကြည့်ရှုနေသည့်အလား ထိုလူကို ကြည့်လိုက်၏။

“မ.. မဟုတ်ဘူး.. အဲဒါ ကျုပ်မဟုတ်ဘူး”

မီးခိုးရောင်ဝတ် ကမ္ဘာမြေအင်မော်တယ်က ကြောက်ရွံ့မှုဖြင့် တုန်ယင်နေပြီး အလောတကြီး လက်ကာပြလိုက်၏။ အဲဒီနောက် သူက ထောင့်တစ်နေရာမှာ ရှိသော ဆူဇီမိုကို လှည့်ကြည့်ပြီး လက်ညှိုးထိုးကာ အော်ပြောလိုက်၏။

“အဲဒါ သူပဲ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သို့သော်လည်း အပေါ်ယံမှာတော့ သူ၏ အမူအရာက တည်ငြိမ်နေ၏။

စောစောက မိုးပြာနဂါး ပေါ်ထွက်လာပြီး ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်ကို ဖိနှိမ်ခဲ့စဉ်က ကျင့်ကြံသူ အများစုသည် အဘက်ဘက်သို့ လှည့်ထွက်ပြေးခဲ့ကြပြီး မိုးပြာနဂါး ဘယ်နေရာသို့ ထွက်ခွာသွားသည်ကို မည်သူကမှ မတွေ့မြင်လိုက်ရပေ။

သို့သော်လည်း အသူရာချောက်နက်၏ အောက်ခြေမှာ ဒဏ်ရာရရှိ၍ ချက်ချင်း ထွက်မပြေးနိုင်ခဲ့သော ကမ္ဘာမြေအင်မော်တယ်အချို့ ရှိခဲ့လေသည်။

မီးခိုးရောင်ဝတ် ကမ္ဘာမြေအင်မော်တယ်က ထိုသူများထဲမှ တစ်ယောက်ဖြစ်၏။

ဒါ့အပြင် မိုးပြာနဂါး ပေါ်ထွက်လာစဉ်က မီးခိုးရောင်ဝတ် ကမ္ဘာမြေအင်မော်တယ်သည် ၎င်းက ဆူဇီမို၏ နဖူးထဲကနေ ပေါ်ထွက်လာသည်ကို အမှတ်တမဲ့ တွေ့မြင်သွားခဲ့၏။

သို့သော်လည်း ထိုအချိန်တုန်းက တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းနေပြီး သူက မြင်တွေ့ရသော သူ့မျက်လုံးကိုယ်သူ မယုံကြည်နိုင်ခဲ့ပေ။ အဲဒီနောက် မိုးပြာနဂါးက ပြန်လည်ရောက်ရှိလာ၏။ ဤတစ်ခေါက်မှာတော့ မိုးပြာနဂါးနှင့် ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်က အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး အစိမ်းရောင်ဝတ် မဟူရာအင်မော်တယ်ပေါ်သို့ ဆင်းသက်သွားသည်ကို မီးခိုးရောင်ဝတ် ကမ္ဘာမြေအင်မော်တယ်က ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရ၏။

ဓားအင်မော်တယ် ယွဲ့ဟွားက အမျက်ဒေါသဖြင့် သူတို့အားလုံးကို သတ်ဖြတ်ပစ်မည်ဟု စိုးရိမ်သွားပြီး မီးခိုးရောင်ဝတ် ကမ္ဘာမြေအင်မော်တယ်က အလောတကြီး ရှေ့သို့ထွက်ကာ ဆူဇီမိုကို ဖော်ထုတ်လိုက်ခြင်း ဖြစ်၏။

သည့်ယခင်က ထောင့်တစ်နေရာမှာ ရပ်နေသော ဤလူကို မည်သူကမှ သတိမထားမိကြပေ။

ဤကဲ့သို့သော အခြေအနေအောက်မှာ အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းပြီး သူ့ကို မည်သူမဆို ခြေမွှဖျက်ဆီးပစ်နိုင်၏။

ပုရွက်ဆိတ်တစ်ကောင်ကို ဘယ်သူကများ ဂရုစိုက်နေပါဦးမလဲ။

သို့သော် ယခု မီးခိုးရောင်ဝတ် ကမ္ဘာမြေအင်မော်တယ်က စကားပြောပြီးချိန်မှာ မရေမတွက်နိုင်သော အကြည့်များက သူအပေါ်သို့ ဆင်းသက်လာခဲ့၏။ အဲဒီမှာ စူးစမ်းလိုမှုူ၊ ရန်လိုမှု၊ အံ့အားသင့်မှုနှင့် သံသယဝင်မှု စသည်ဖြင့် စိတ်ဆန္ဒပေါင်းစုံက ရောထွေးပါဝင်နေ၏။

ကြီးမားသည့် ဖိအားတစ်ရပ်က ဆင်းသက်ရောက်ရှိလာ၏။

အစကတည်းက ဆူဇီမိုနှင့် ရန်ငြိုးရန်စ ရှိခဲ့သော ဤပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က သူ့ကို နောက်တစ်ဖန်ထပ်၍ ပစ်မှတ်ထားလာ၏။

ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။

“အဆင့်မြင့်အင်မော်တယ်.. ခင်ဗျားစကားက နည်းနည်းတော့ ရယ်စရာကောင်းတယ်.. ကျုပ်က အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်ပဲ.. ကျုပ်က ဒီနေရာကို အမှတ်တမဲ့နဲ့သာ ရောက်ရှိလာတာ.. အဲ့လိုမျိုး ရတနာတစ်ခုက ကျုပ်လက်ထဲကို ဘယ်လိုလုပ် ရောက်လာနိုင်ပါ့မလဲ”

All Chapters