← Chapters

ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သေဆုံးသွားခြင်း

Vol. 126 Ch. 1884

ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သေဆုံးသွားခြင်း

Vol. 126 Ch. 1884

ဤအ​ခြေအနေမှာ သူက အဲ့ဒါကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ဘူးဆိုလျှင် သေရပေလိမ့်မည်။

စတုရန်းကြေးမီးဖိုပေါ်ရှိ မိုးပြာနဂါးက ထိုတိုက်ပွဲအပြီး၌ စွမ်းရည်အမြောက်အမြားကို သုံးစွဲခဲ့ရသည်မှာ သိသာနေ၏။

ဒါ့အပြင် ၎င်း၏ အထွတ်အထိပ်အခြေအနေမှာပင်လျှင် မိုးပြားနဂါးသည် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ဖိနှိမ်နိုင်ရုံမျှသာရှိ၏။ ၎င်းက ပကတိအင်မော််တယ်တစ်ပါးကို သေချာပေါက် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက ဆင်းသက်လာစဥ်ကတည်းက မိုးပြာနဂါးသည် ၎င်း၏ မျက်လုံးနှစ်ဖက်ကို တစ်ဖန်မှိတ်သွားပြီး ၎င်း၏ အော်ရာကို ရုပ်သိမ်းထား၏။ ၎င်းက ပုန်းကွယ်လိုနေသည်မှာ သိသာသည်။

စတုရန်းကြေးမီးဖိုက အသိစိတ်ရှိပြီး အဲ့ဒါက သေချာပေါက်တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

၎င်းက အန္တရာယ်ကို နားလည်သိရှိသွားတာ ဖြစ်ဖို့များသည်။

မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်၏ စွပ်စွဲပြောဆိုမှုအောက်မှာ ဆူဇီမိုက မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်ပြန်ဖြေလိုက်၏။

ကျင့်ကြံသူများစွာကလည်း ဆူဇီမိုကို သူတို့၏ အသိစိတ်များဖြင့် စစ်ဆေးကြည့်ရှုပြီး မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုပြောသည့်အတိုင်းပင် သူကအဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။

ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က သခင်တစ်ယောက်ကို ရှာဖွေချင်သည်ဆိုလျှင်တောင် ၎င်းသည် ဤကဲ့သို့ အားနည်းသော ကျင့်ကြံသူတစ်ယောက်ကို ရွေးချယ်လိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် ဤမဟူရာအင်မော်တယ်က ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို အမှန်တကယ်ယူထားပါက သူသည် ဤကဲ့သို့သော စွပ်စွဲပြောဆိုမှုအောက်မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပေလိမ့်မည်။ သူကဤမျှအထိ ဘယ်လိုလုပ်ပြီး တည်ငြိမ်နေနိုင်ပါ့မလဲ။

ကျင့်ကြံသူများစွာက ဆူဇီမိုကို တစ်ချက်မျှသာကြည့်ပြီး သူတို့၏ နှုတ်ခမ်းများကို စူကာ မီးခိုးရောင်ဝတ် ကမ္ဘာ​မြေအင်မော်တယ်၏ စကားကို အတည်အတံ့မှတ်ယူခြင်း မရှိတော့ပေ။

လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်က တစ်ယောက်ယောက်ကို ချောက်ချလိုခြင်းမျှသာဖြစ်လေသည်။

မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်က ဆူဇီမို၏ ပြန်ဖြေစကားကိုကြားသောအခါ သူက ဓားအင်မော်တယ်ယွဲ့ဟွားကို အလောတကြီးကြည့်ပြီး ရှင်းပြလိုက်၏။

“အဆင့်မြင့်အင်မော်တယ်... အဲ့ဒီလူက ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို သေချာပေါက်ယူထားတယ်... အဲ့ဒါကို ကျုပ်မျက်လုံးနဲ့မြင်တွေ့ခဲ့တာ... အဲ့ဒါက လုံးဝကိုမှန်တယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

“မဟူရာအင်မော်တယ်တစ်ယောက်က ဒီနေရာမှာရှိနေတာ တကယ်ပဲထူးဆန်းတယ်”

ခဏမျှရပ်တန့်ပြီးနောက် သူကစကားလမ်းကြောင်းပြောင်းကာ အေးစက်စွာပြောလိုက်၏။

“ဒါပေမဲ့... ငါက အဲ့ဒီလူဆီမှာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ရှာမတွေ့ဘူးဆိုရင်တော့..”

ဓားအင်မော်တယ်ယွဲ့ဟွားက မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်ကို ပြန်လှည့်ကြည့်ပြီး အေးစက်ခက်ထန်စွာပြောလိုက်၏။

“မင်းကတော့... သေပြီပဲ”

မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်က ကြောက်ရွံ့မှုဖြင့် ဆတ်ခနဲတုန်ယင်သွားပြီး တံတွေးကိုမျိုချကာ ဖြူဖပ်ဖြူရော်အမူအရာနှင့် ခေါင်းညိတ်ပြလိုက်၏။

ရုတ်တရက်သူက ရှေ့သို့ထွက်မိသည့်အတွက် နောင်တရသွား၏။

ယခုအခါ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။

ဓားအင်မော်တယ်ယွဲ့ဟွား၏ အကြည့်က မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုထံ ရွေ့လျားသွား၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အနည်းငယ်ရွေ့လျားစေပြီး သူက ဆူဖိမို၏ ခါးပေါ်မှ သိုလှောင်အိတ်ကိုဖြုတ်ယူလိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် သိုလှောင်အိတ်များသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်မှာ အလျှို့ဝှက်ရဆုံးနှင့် တစ်သီးပုဂ္ဂလအဆန်ဆုံး ပစ္စည်းများဖြစ်၏။

သူတို့က အပြင်လူများကိုမပြောနှင့် သူတို့နှင့်အရင်းနှီးဆုံး ဆွေးမျိုးမိတ်ဆွေများကိုပင် ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူတစ်ယောက်၏ သိုလှောင်အိတ်ကိုလုယူခြင်းက သူတို့ကိုသတ်ဖြတ်လိုက်ခြင်းနှင့် မကွာခြားပေ။

ဆူဇီမို၏ အမူအရာက အေးစက်နေဆဲ ဖြစ်၏။

သို့သော်လည်း သူသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ စိတ်ဝိညာဥ်အသိစိတ် စွမ်ပကားအောက်မှာ လှုပ်ရှားနိုင်ခြင်းမရှိပေ။

သူတို့ကြားခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမို၏ သိုလှောင်အိတ်ကိုကြည့်၍ အကြမ်းဖျင်း တစ်ချက်ကြည့်ရှုပြီးနောက် သူ၏ မျက်လုံးထဲမှာ အံ့အားသင့်မှုအရိပ်အယောင်တစ်ခုပေါ်ထွက်လာ၏။

သိုလှောင်အိတ်ထဲမှာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က မရှိသော်လည်း အထဲမှာတကယ်ပင် ပစ္စည်းများစွာရှိနေသည်။

အဲ့ဒီမှာ ကမ္ဘာမြေအင်မော်တယ်များ၏ သိုလှောင်အိတ်အချို့ပင်ပါဝင်နေ၏။

ထိုသိုလှောင်အိတ်ထဲရှိ ရတနာများနှင့် ကြွယ်ဝမှုက အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်၏ အတိုင်းအတာထက် များစွာကျော်လွန်နေ၏။

လက်ရှိကမ္ဘာမြေအင်မော်တယ်များပင်လျှင် သူ့ကိုယှဥ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။

“မရှိဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက ထပ်မံ၍ မကြည့်ရှုတော့ဘဲ သိုလှောင်အိတ်ကို သာမန်ကာလျှံကာ ကန်ထုတ်လိုက်၏။

သိုလှောင်အိတ်ထဲရှိပစ္စည်းများက သူ၏ စိတ်အာရုံကို ရရှိဖို့ မထိုက်တန်ပေ။

ထိုစကားကိုကြားသောအခါ ဘေးမှာရှိသော မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး သူ၏ ခြေထောက်များက ပျော့ခွေသွား၏။ သူက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး ထပ်တလဲလဲ ဦးချကာ ပြောဆိုလိုက်၏။

“အဆင့်မြင့်အင်မော်တယ်... ကျေးဇူးပြုပြီး ကျုပ်ကိုချမ်းသာပေးပါ.... ကျေးဇူးပြုပြီး ကျုပ်ကို ချမ်းသာပေးပါဗျာ... အဲ့ဒီနတ်နဂါးက အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်သွားတာ ကျုပ်တကယ်ပဲမြင်လိုက်ရတာပါ... ကျုပ်လိမ်ညာခဲ့မယ်ဆိုရင် ကျုပ်ရဲ့ခန္ဓာကိုယ်နဲ့ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပြီး ကျုပ်က မြှုပ်နှံစရာနေရာမရှိဘဲ သေရပါစေ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက မှင်သေသေဖြင့် ရှိနေ၏။ ရုတ်တရက် သူက လက်လှမ်း၍ လေဟာနယ်ကနေတစ်ဆင့် ဆူဇီမိုကိုဆွဲယူပြီး ထိုသူ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်၏။

“မင်းရဲ့အသိစိတ်ထဲမှာ ဘာရှိမလဲကြည့်ရအောင်”

ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စွာ သရော်ပြုံးပြုံး၍ သူ၏ အသိစိတ်ကိုလှည့်ပတ်ပြီး ဆူဇီမို၏ အသိစိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်၏။

ထိုအပြုအမူက ပို၍ပင် ရုန့်ရင်းကြမ်းတမ်းလေသည်။

အခြားသော ကျင့်ကြံသူများက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

အသိစိတ်သည် ကျင့်ကြံသူများအတွက် အလွန်တရာအရေးပါသော နေရာတစ်ခုဖြစ်၏။

ထိုလူက သေဆုံးသွားခြင်းမရှိလျှင်တောင် ဤကဲ့သို့ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုအတင်းဝင်ရောက်ပြီး အရမ်းကာရော စစ်ဆေးခြင်းခံရပါက သူက ပြန်လည်ကုသ၍ မရနိုင်သော ထိခိုက်မှုတစ်ခုကို သေချာပေါက်ခံစားရပေလိမ့်မည်။

တကယ်တော့... ကျင့်ကြံသူများစွာ၏ မျက်နှာပေါ်မှာ မည်သည့်သနားဂရုဏာသက်မှုမှ မရှိပေ။

လူတိုင်း၏ မျက်လုံးများထဲမှာ ဆူဇီမိုသည် အောက်ဘုံကနေတက်လှမ်းလာသည့် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်၏။ သူက သတ်ဖြတ်ခံလိုက်ရမည်ဆိုလျှင်တောင် မည်သူကမှ မျက်တောင်တစ်ချက်ခတ်လိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ အသိစိတ်က ဓားအင်မော်တယ်ယွဲ့ဟွား၏ စိတ်ဝိညာဥ်အသိစိတ်အောက်မှာ လုံးဝကိုဖော်ထုတ်ခံလိုက်ရ၏။

အဲ့ဒီမှာ အဝါရောင်သဲများအောက်မှာ ဖုံးအုပ်ခံထားရသည့် ကြာခုံတစ်ခုနှင့် ယိုယွင်းပျက်စီးနေသော ကြေးမီးဖိုတစ်လုံးကလွဲလျှင် အခြားမည်သည့်အရာမှ မရှိပေ။

တကယ်တော့... ဓားအင်မော်တယ်ယွဲ့ဟွားပေါ်ထွက်မလာခင် ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိတို့ ပြန်လည်ရောက်ရှိလာသောအခါ ဆူဇီမိုက အခြေအနေမကောင်းတော့ဘူးဆိုတာကို ခပ်ရေးရေးနားလည်သဘောက်ပေါက်သွားခဲ့ပြီဖြစ်၏။

အဲ့ဒါကြောင့် သူသည် ကြိုတင်ပြင်ဆင်မှုပြုလုပ်ပြီး ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို သူ၏ အသိစိတ်ထဲသို့ ပစ်ထည့်ကာ ဖန်တီးခြင်းကြာခုံနှင့် စတုရန်းကြေးမီးဖိုကို ဖုံးအုပ်ထား၏။

သူ၏ အသက်သွင်းမှုမရှိဘဲ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် သာမန်အဝါရောင်သဲလက်တစ်ဆုပ်စာနှင့်သာတူပြီး မည်သည့်ထူးခြားမှုမှ ရှိမနေပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို လုံးဝမှတ်မိသိရှိနိုင်ခြင်း မရှိပေ။

စတုရန်းကြေးမီးဖိုကတော့ အရင်တုန်းက ဘုရင်ယွင်ရိုပင်လျှင် အဲ့ဒါကို မှားယွင်းစွာအကဲဖြတ်မိခဲ့၏။ ဓားအင်မော်တယ်ယွဲ့ဟွား၏ အကဲဖြတ်နိုင်စွမ်းနှင့်အတွေ့အကြုံအရ သူက ၎င်း၏ ဇာစ်မြစ်ကိုပြောနိုင်ဖို့ မဖြစ်နိုင်ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက အနည်းငယ်စိတ်ပျက်သွားသည်။

သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုရုပ်သိမ်းပြီး သူ၏ လက်ကိုသာမန်ကာလျှံကာ မြှောက်လိုက်၏။

ဘန်း...

ဆူဇီမို၏ ခန္ဓာကိုယ်က အသူရာချောက်နက်၏ ထောင့်တစ်နေရာရှိ ကျောက်နံရံနှင့်အထိန်းအကွပ်မဲ့စွာ ပစ်ဆောင့်မိသွား၏။

သူက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။ သူ၏ အကြည့်က မှေးမှိန်သွားပြီး ကျောက်နံရံပေါ်ကနေ ဖြည်းဖြည်းချင်းလျှောကျလာ၏။

ဓားအင်မော်တယ်ယွဲ့ဟွား၏ သာမန်ကာလျှံကာ ပစ်ထုတ်မှုမှာ ဆူဇီမို၏ အရွတ်များနှင့် အရိုးထက်ဝက်ကျော်က ကြေမွသွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲသွားလေသည်။

အခြားသောမဟူရာအင်မော်တယ်များဆိုပါက သူတို့သည် ဤရိုက်ခတ်မှုမှာ သေချာပေါက်အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုသည် ဘာပဲပြောပြာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သိပ်သည်းအားကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဆိုလျှင်တောင် သူ၏ အသက်ဓာတ်အားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။

ဆူဇီမိုက အသူရာချောက်နက်၏ ထောင့်တစ်နေရာမှာ ပျော့ခွေစွာထိုင်၍ သူ၏ ခေါင်းကို ငုံ့ထား၏။ သို့သော်... သူ၏ မျက်လုံးများက နက်ရှိုင်းသော အမျက်ဒေါသဖြင့် ပြည့်နှက်နေ၏။

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုထံမှာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ရှာမတွေ့နိုင်ဘူးဆိုလျှင်တောင် သူက ထိုသူကို အသာတကြည်လွှတ်မပေးခဲ့ပေ။

သူက ဆူဇီမို၏ သိုလှောင်အိတ်ကိုလုယူ၍ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထောက်လှမ်းစစ်ဆေးခဲ့ပြီး နောက်ဆုံး သူ့အသက်ကိုပင် နုတ်ယူလိုခဲ့၏။

ဆက်တိုက်ဖြစ်ပေါ်လာသော ထိုအပြုအမူများက ဆူဇီမို၏ ရင်ထဲရှိ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို နှိုးဆွမိသွား၏။

ဓားအင်မော်တယ်ယွဲ့ဟွားထံမှ သူကဲ့သို့ ကျင့်ကြံမှုအဆင့်နိမ့်ကျသောသူများနှင့် အောက်ဘုံမှတက်လှမ်းလာသူများအပေါ် ထိုသူ၏ အေးစက်မှုနှင့် ရက်စက်ကြမ်းတမ်းမှုကို သူက တွေ့မြင်လိုက်ရ၏။

အဲ့ဒါသည် အထက်ဘုံလောက၏ ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။

သို့သော်လည်း ဆူဇီမိုက မကျေနပ်ဘူးဆိုလျှင်တောင် သူက ပကတိဧကနယ်ပယ်မှာရှိသော ဓားအင်မော်တယ်ယွဲ့ဟွားနှင့်ရင်ဆိုင်ရချိန်မှာ လုံးဝကို ကူကယ်ရာမဲ့နေ၏။

ဆူဇီမိုကို ပစ်ထုတ်ပြီးနောက် ဓားအင်မော်တယ်ယွဲ့ဟွားက မလှမ်းမကမ်းမြေပြင်မှာ ဒူးထောက်နေသော မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်ကို လှည့်ကြည့်ကာ ညင်သာစွာသက်ပြင်းချလိုက်၏။

“မင်းက ငါ့ကိုလိမ်ညာရဲတယ်ဆိုတော့... တော်တော်သတ္တိကောင်းနေတာပဲ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ လေသံက တင်းမာခြင်းမရှိသော်လည်း မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

“အ..အဆင့်မြင့်အင်မော်တယ်... ကျုပ်..တကယ်ပဲ မလိမ်ပါဘူး”

မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်၏ စိတ်က ရှုပ်ထွေးနောက်ကျိနေပြီး သူ၏ အသံက ဗလုံးဗထွေးဖြစ်နေ၏။

ဓားအင်မော်တယ်ယွဲ့ဟွားက မှင်သေသေဖြင့် ပြောလိုက်၏။

“ဒီလိုဆိုမှတော့.. ဒီနေ့ငါက မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့... ငါကမင်းရဲ့ခန္ဓာကိုယ်နဲ့ အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်မယ်... မင်းမှာမြှုပ်နှံဖို့အတွက် နေရာမရှိဘဲ သေဆုံးရစေမယ်”

သူ့စကားမဆုံးသေးခင်မှာပင် သူ၏ အင်္ကျီလက်စကို ညင်သာစွာဝေ့ယမ်းလိုက်၏။ ကျိန်းစပ်နေသော ဓားအလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်ကို ချက်ချင်းပင်လွှမ်းခြုံသွား၏။

“အား...”

တိုတောင်းသော စူးစူးဝါးဝါး အော်သံတစ်သံက ထွင်ပေါ်လာ၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်က ဓားအလင်းတန်းဖြင့် အပိုင်းပိုင်းလှီးဖြတ်ခံလိုက်ရပြီး သွေးမြူတစ်ခုအဖြစ်ပြောင်းလဲကာ လေထဲမှာ ပျက်ပြယ်သွားလေသည်။

All Chapters