ဒုံမင်းအင်မော်တယ် မုန့်ယောင်
Vol. 126 Ch. 1885
ထိုသည်ကို တွေ့မြင်သောအခါ ကြောက်ရွံ့မှုအပြင် ကျင့်ကြံသူများစွာသည် စိတ်ထဲကနေ ညည်းတွားလိုက်ကြ၏။
စောစောကတင် ထိုလူကျိန်ဆိုခဲ့သော ရက်စက်ကြမ်းကြုတ်သည့်ကျိန်စာက အမှန်တကယ်ဖြစ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဥ်က အလောင်းပင်မကျန်ဘဲ ဖျက်ဆီးခံခဲ့ရသည်။
မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်ကို မပြောနှင့် လက်ရှိကောင်းကင်အင်မော်တယ်များပင် ဓားအင်မော်တယ်ယွဲ့ဟွား၏ တိုက်ခိုက်မှုကနေ မည်သူကမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အဲ့ဒါက ခွန်အားအရာမှာ ပကတိဖိနှိမ်ခြင်းတစ်ရပ်ဖြစ်၏။
မီးခိုးရောင်ဝတ်ကမ္ဘာမြေအင်မော်တယ်ကို သတ်ဖြတ်ပြီးနောက် ဓားအင်မော်တယ်ယွဲ့ဟွားက ထိုသူ၏ သိုလှောင်အိတ်ကိုယူပြီး စစ်ဆေးကြည့်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်ရ၏။
ရုတ်တရက် ဓားအင်မော်တယ်ယွဲ့ဟွားက သူ့ဦးခေါင်းထက် မလှမ်းမကမ်းလေဟာနယ်ကိုလှည့်ကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“မင်းဒီကိုရောက်နေပြီဆိုမှတော့... ဘာလို့ပုန်းနေတာလဲ”
“ဟားဟား”
နဂါးအသူရာချောက်နက်၏ အထက်ကနေ ကျယ်လောင်သောရယ်မောသံတစ်သံထွက်ပေါ်လာ၏။ ရွှေရောင်အလင်းတန်းတစ်ခုက ရိပ်ခနဲဖြတ်သန်းလာပြီး ကြီးမားသောပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ အဲ့ဒါက ဧရာမပုရွက်ဆိတ်တစ်ကောင်ဖြစ်၏။
“ရွှေပုရွက်ဆိတ်မျိုးနွယ်”
ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်များအားလုံးက ထိုသည်ကိုတွေ့မြင်သောအခါ တိတ်တဆိတ်ထိတ်လန့်သွားကြ၏။
ရွှေပုရွက်ဆိတ်မျိုးနွယ်သည် အလွန်တရာစွမ်းအားကြီးမား၏။ သူတို့ဖြတ်သွားရာနေရာတိုင်း အရာရာတိုင်းကို ဝါးမျိုဖျက်ဆီးတတ်ပြီး နဂါးမျိုးနွယ်ကဲ့သို့ စွမ်းအားကြီးမားသော သက်ရှိများပင် သူတို့ကိုရှောင်ရှားရသည်။
ရွှေပုရွက်ဆိတ်ပေါ်မှာ အရပ်အမောင်းမြင့်မားသော လူတစ်ယောက်က ထိုင်နေ၏။ သူက ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ လက်နှစ်ဖက်ကို ထုတ်ဖော်ထား၏။ သူ၏ မျက်လုံးများက ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေပြီး သူ၏ အော်ရာက ကြောက်စရာကောင်းနေ၏။
ရွှေရောင်ချပ်ဝတ်အမျိုးသား၏ ဦးခေါင်းနောက်မှာလည်း ရောင်လျှံစက်ဝန်းတစ်ခုရှိနေ၏။
နောက်ထပ်ပကတိအင်မော်တယ်တစ်ယောက်....။
“ကျုပ်ကလောယန်... အင်ပါယာလေဘုရားကျောင်းရဲ့ အတွင်းဂိုဏ်းတပည့်တစ်ယောက်ပါ... စီနီယာအစ်ကိုဝူဖုန့်ကို ကြိုဆိုနှုတ်ဆက်ပါတယ်”
ကောင်းကင်အင်မော်တယ်လောယန်က ထိုသူကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွားပြီး ရှေ့သို့အလောတကြီးတက်ကာ ရိုသေလေးစားသော အမူအရာတစ်ခုနှင့် ဦးညွှတ်နှုတ်ဆက်လိုက်၏။
သူတို့နှစ်ယောက်စလုံးသည် အင်ပါယာလေဘုရားကျောင်းမှ တပည့်ဂိုဏ်းသားများဖြစ်သော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်နှင့် အဆင့်အတန်းကွာဟချက်က အရမ်းကိုကြီးမား၏။
“အို... မင်းပဲ”
ဝူဖုန့်ဟု အမည်ရသော ရွှေရောင်ချပ်ဝတ်အမျိုးသားက မသိမသာခေါင်းညိတ်လိုက်၏။
“ငါမင်းနာမည်ကို အရင်ကကြားဖူးတယ်... မင်းကအတွင်းဂိုဏ်းထဲမှာ အတော်လေးအရာရောက်တဲ့ပုံပဲ”
ထိုစကားကိုကြားသောအခါ ကောင်းကင်အင်မော်တယ်လောယန်က ပို၍ပင်ကျေနပ်သဘောကျသွား၏။
ပကတိအင်မော်တယ် ဝူဖုန့်၏ စကားနှင့်အတူ အနည်းဆုံး သူ၏ အသက်က ကယ်တင်ခံရတော့မည်ဖြစ်ကြောင်း သူကနားလည်သိရှိလိုက်၏။
အစကတော့.... အသူရာချောက်နက်ထဲရှိ ကျင့်ကြံသူများစွာသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ စိတ်ဝိညာဥ်အသိစိတ်ဖိအားအောက်မှာ စူးစူးဝါးဝါးခံစားနေရ၏။
သို့သော်ယခု... နောက်ထပ်ပကတိအင်မော်တယ်တစ်ယောက် ဆင်းသက်ရောက်ရှိလာခဲ့၏။
လုံးဝမတူညီသော စိတ်ဝိညာဥ်အသိစိတ်ဖိအားနှစ်ရပ်က အသူရာချောက်နက်ထဲမှာ ထိတွေ့ရိုက်ခတ်သွားသည်။
ကျင့်ကြံသူများပေါ်ရှိ ဖိအားက ဆပွားတိုးလာပြီး သူတို့က အနိုင်နိုင်တောင့်ခံနေရ၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ ချောက်နက်၏ ထောင့်တစ်နေရာတွင်အစက ခေါင်းငိုက်စိုက်ကျနေသော ဒဏ်ရာအပြင်းအထန် ရရှိထားသည့် အစိမ်းရောင်ဝတ် မဟူရာအင်မော်တယ်တစ်ယောက်က ပျောက်ကွယ်သွားခဲ့ပြီကို မည်သူကမှ သတိမထားမိလိုက်ကြပေ။
ဓားအင်မော်တယ်ယွဲ့ဟွားက ပကတိအင်မော်တယ်ဝူဖုန့်ကို ထက်ရှသောအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ဘယ်လောက်တောင်စွမ်းအားကြီးမားသည်ကို ဝူဖုန့်က သိရှိထားပြီး သူက စိတ်အာရုံပျက်ယွင်းရဲခြင်းမရှိဘဲ သတိအနေအထားဖြင့်ရှိနေ၏။
အသူရာချောက်နက်ထဲမှာ တစ်စုံတစ်ယောက်ပျောက်ဆုံးသွားသည်ကို ပကတိအင်မော်တယ်နှစ်ယောက်က သတိမထားမိကြပေ။
ဤကဲ့သို့သောအခြေအနေအောက်မှာ ပါချည်ပါချဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ဘယ်သူကများ အာရုံစိုက်နေပါ့မလဲ။
ဆူဇီမိုပင်လျှင် တုန်လှုပ်၍ ကြောင်တိကြောင်တောင်ဖြစ်နေ၏။
အစက သူသည် အသူရာချောက်နက်၏ ထောင့်တစ်နေရာမှာ ခေါင်းငိုက်စိုက်ချပြီး တိတ်တဆိတ်အားဖြည့်နေ၏။
အဲ့ဒါသည် ပကတိအင်မော်တယ်တစ်ယောက်ထံမှ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်ခြင်းဖြစ်သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် ပြင်းထန်စွာပျက်စီးထိခိုက်မှုဖြစ်စေပြီး အချိန်တိုအတွင်းမှာ ပြန်လည်ကုသနိုင်ဖို့ ခက်ခဲနေ၏။
ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် သွေးချီကို ဖြည်းဖြည်းချင်း လှည့်ပတ်ပြီး သူ၏ ထိခိုက်ဒဏ်ရာများကို တတ်နိုင်သမျှ နည်းနည်းချင်းစီ ကုသနေ၏။
သို့သော်လည်း ထိုစဥ်မှာပင် အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာသည်။
အစက သူသည် မာကျောသောကျောက်နံရံကို မှီထားသည်။ သို့သော် တစ်ခဏချင်းမှာပင် သူ၏ နောက်ဘက်မှာ ဘာမှမရှိတော့ဟု ခံစားလိုက်ရပြီး သူက နောက်ပြန်လန်ကျသွား၏။
သူ၏ ခန္ဓာကိုယ်က နောက်ထပ်နေရာလွတ်တစ်ခုသို့ ဝင်ရောက်သွားသည့်အလား ညင်သာအေးစက်နေသော ရေပြင်အကာအရံအလွှာတစ်ခုကို ဖြတ်ကျော်သွားသည့်အတိုင်းပင်။
အစက သူ့ကိုလွှမ်းခြုံထားသော ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပကတိအင်မော်တယ်ဝူဖုန့်ထံမှ ဖိအားကလည်း ပျောက်ကွယ်သွား၏။
ဆူဇီမိုက သူ့ကိုယ်သူ ထူမတ်ချင်သည်။ သို့သော်လည်း သူလှုပ်ရှားလိုက်သည့်ခဏမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အရိုးအများစုက ကြေမွနေပြီး သူက ယခုအချိန်ထိ မလှုပ်ရှားနိုင်သေးပေ။
“ငါက.... နောက်ထပ်နေရာလွတ်တစ်ခုကို မတော်တဆဝင်ရောက်သွားတာလား”
“ဒီအသူရာချောက်နက်ထဲမှာ နောက်ထပ်လောကတစ်ခုရှိနေတာလား”
ဆူဇီမိုသည် မလှမ်းမကမ်းတွင်ရှိသော ကျင့်ကြံသူများစွာကိုကြည့်ပြီး မျက်မျောင်ကြုတ်လိုက်၏။
အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်သော စိတ်ခံစားချက်တစ်ခုဖြစ်၏။
ဆူဇီမိုသည် ကျင့်ကြံသူများစွာနှင့် မလှမ်းမကမ်းမှာရှိနေသော်လည်း သူတို့ကြားမှာ တစ်စုံတစ်ရာက ပိုင်းခြားထားပုံရ၏။
ဓားအင်မော်တယ်ယွဲ့ဟွား၏ ထက်ရှမှု၊ ပကတိအင်မော်တယ်ဝူဖုန့်၏ စွမ်ပကားနှင့် အပြင်ဘက်ရှိဖိအားများက သူ့အပေါ်ကို လုံးဝမသက်ရောက်နိုင်တော့ပေ။
သူသည် အပြင်ဘက်တွင်ဖြစ်ပျက်နေသောအရာရာတိုင်းကို မြင်နိုင်၊ ကြားနိုင်၊ ခံစားနိုင်နေသည်။ သို့သော်လည်း အပြင်ဘက်ရှိကျင့်ကြံသူများက သူ့ကိုလုံးဝမမြင်တွေ့ရတော့ပေ။
အသူရာချောက်နက်ထဲမှာ....။
အေးစက်စက်အမူအရာတစ်ခုနှင့်အတူ ဓားအင်မော်တယ်ယွဲ့ဟွားက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဝူဖုန့်... မင်းလာတာနောက်ကျသွားပြီ... အဲ့ဒီ သန့်စင်ယန်ဓမ္မရတနာက ငါ့အပိုင်ပဲ”
“ဟားဟား...”
ပကတိအင်မော်တယ်ဝူဖုန့်က ရယ်မောလိုက်၏။
“တာအိုရောင်းရင်းယွဲ့ဟွား... ငါသိရသလောက်ဆိုရင် ဒီနေရာမှာ သန့်စင်ယန်ဓမ္မရတနာ တစ်ခုမကရှိနေတယ်... မင်းကတစ်ခုကိုယူပြီးသွားပြီဆိုမှတော့ နောက်တစ်ခုက ငါ့ဟာပေါ့”
“မရဘူး”
ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စွာ ပြန်ပြောလိုက်၏။
“အဲ့ဒီသန့်စင်ယန်ဓမ္မရတနာနှစ်ခုကို ထိရဲတဲ့သူ ဘယ်သူ့ကိုမဆို ငါသတ်မယ်... မင်းလည်းပါတယ်”
“ယွဲ့ဟွား... မင်းရဲ့ဓားတာအိုက သတ်ဖြတ်ရာမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာ ငါဝန်ခံတယ်... ဒါပေမဲ့ မင်းကငါ့ကိုသတ်ဖို့လည်း လွယ်မှာမဟုတ်ဘူး”
ပကတိအင်မော်တယ်ဝူဖုန့်၏ အော်ရာကလည်း မြင့်တက်လာသည်။
စကားလုံးအနည်းငယ်မျှနှင့် ပကတိအင်မော်တယ်နှစ်ယောက်က တိုက်ခိုက်ကြတော့မည့်ဆဲဆဲအခြေအနေသို့ ရောက်ရှိလာ၏။
“တာအိုရောင်းရင်းတို့... ရှင်တို့အဲ့ဒါဘာလုပ်နေကြတာလဲ”
ထိုစဥ်မှာပင် အမျိုးသမီးတစ်ယောက်၏ ညင်သာသိမ်မွေ့သောအသံက အဝေးကနေထွက်ပေါ်လာ၏။
ထိုအသံသည် လူတိုင်း၏ နားအနားကိုကပ်ပြီး တီးတိုးပြောဆိုလိုက်သည့်အလား လူတိုင်းက အဲ့ဒါကိုရှင်းလင်းစွာကြားလိုက်ရ၏။
ထိုအသံမှာ လူတိုင်းကို ယစ်မူးစေနိုင်သည့် မှော်စွမ်းအားတစ်ခုပါဝင်သည့်အလား အလွန်တရာနှစ်လိုဖွယ်ရာကောင်းနေ၏။
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပကတိအင်မော်တယ်ဝူဖုန့်အကြား လေထုပင်လျှင် သိသိသာသာပြေလျော့သွား၏။
လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။
အမျိုးသမီးတစ်ယောက်သည် အဝေးကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူမသည် အရပ်အမောင်းမြင့်မားပြီး သူမ၏ လုံးကြီးပေါက်လှကိုယ်ခန္ဓာကို ပြီးပြည့်စုံစွာ ပေါ်လွင်စေမည့် အပြာပြောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထား၏။
အမျိုးသမီး၏ မျက်နှာက ဖြူဖွေး၍ အပြစ်ဆိုစရာ မရှိပေ။ သူမ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးပြီး သူမ၏ အနက်ရောင်ဆံပင်များကို ကျောက်စိမ်းဆံထိုးတချို့နှင့် ထုံးချည်ထား၏။ သူမမှာ ကြော့ရှင်းသောအော်ရာတစ်ခုရှိပြီး စွဲမက်ဖွယ်ရာကောင်းသော ဂုဏ်ကျက်သရေရှိသည့် သွင်ပြင်ဟန်ပန်တစ်ခုနှင့်အတူ လေထဲကနေ လျှောက်လှမ်းလာ၏။
အသူရာချောက်နက်အတွင်းရှိ ကျင့်ကြံသူများစွာက ထိုအမျိုးသမီး၏ မျက်နှာပေါ်ကနေ သူတို့၏ အကြည့်များကို မခွာနိုင်ကြပေ။
ထိုအမျိုးသမီးကို တွေ့မြင်သောအခါ ဆူဇီမိုပင်လျှင် ကြိတ်၍ အံအားသင့်သွား၏။ သူမက တကယ့်ကို ပြိုင်ဘက်ကင်း အချောအလှတစ်ဦးဖြစ်၏။
မိန်ကျိကို ရှားရှားပါးပါး အချောအလှတစ်ဦးဟု သတ်မှတ်နိုင်၏။ သို့သော်လည်း သူမသည် နန်းတွင်းဝတ်စုံဝတ် ဤအမျိုးသမီးနှင့်ယှဥ်ရာမှာ လုံးဝကိုနိမ့်ကျနေ၏။
ရုပ်ရည်သွင်ပြင်၏ ပကတိကြည်လင်သန့်စင်မှုမှာ ကြင်ယာတော်ယုကသာလျှင် သူမကို ယှဥ်နိုင်ပေလိမ့်မည်။
သို့သော်လည်း နန်းတွင်းဝတ်စုံဝတ် အမျိုသမီး၏ မျက်လုံးထဲတွင် လူတိုင်းနှင့် လက်တစ်ကမ်းခွာထားသည့် ခပ်ဖျော့ဖျော့အေးစက်မှုတစ်ခုရှိနေ၏။
ပကတိအင်မော်တယ်ဝူဖုန့်က ဝင်ရောက်လာသူကို တွေ့မြင်သောအခါ သူ၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး ပြုံးစစဖြင့် ရှေ့သို့လျှောက်လှမ်းလာ၏။
“ဒီနေ့ခရီးစဥ်က တကယ့်ကို အလဟသမဖြစ်တော့ဘူးပဲ... ငါက ဒီနေရာမှာ နတ်မိမယ်မုန့်ယောင်နဲ့တောင် လာပြီးတွေ့ဆုံနေရတယ်ဆိုတော့...”
“မင်္ဂလာပါ စီနီယာအစ်မမုန့်ယောင်”
မိန်ကျိက သူမ၏ ညို့ငင်ဓာတ်ကို ရုပ်သိမ်းပြီး တလေးတစားဖြင့် ဦးညွှတ်လိုက်၏။
“အဲ့ဒါ နတ်မိမယ်မုန့်ယောင်ပဲ”
“နတ်မိမယ်မုန့်ယောင်က ဘယ်သူလဲ”
“သူက... မဟာနတ်မိမယ်လေးဦးထဲကနေ တစ်ယောက်ပဲ... သူက ဒုံမင်းအင်မော်တယ် မုန့်ယောင်ပေါ့”
“နတ်မိမယ်မုန့်ယောင်ရဲ့အဆင့်အတန်းက မနှိုင်းယှဥ်သာအောင် မြင့်မားတယ်လို့ ငါကြားဖူးတယ်... သူက အင်မော်တယ်ပျံဂိုဏ်းရဲ့ အမွေခံတပည့်တစ်ယောက်ဖြစ်ရုံတင်မကဘူး... တော်ဝင်မိသားစုရဲ့ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားတဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မင်းသမီးတစ်ပါးဆိုလည်းဟုတ်တယ်”
“မဟာနတ်မိမယ်လေးဦးထဲက တစ်ယောက်ချင်းစီတိုင်းက ညှို့ငင်ဓာတ်အပြည့်နဲ့ သေလောက်အောင်ချောမောလှပတယ်... သူတို့ကို အဝေးကနေမြင်နိုင်မယ်ဆိုရင်တောင် အဲ့ဒါက တစ်ဘဝလုံးစာ ကောင်းချီးပေးခံရတာပဲ... အခုငါက ဒုံမင်းအင်မော်တယ် မုန့်ယောင်နဲ့ တွေ့ဆုံခွင့်ရပြီဆိုတော့...”
“ဒင်...”
ထိုစဥ်မှာပင် ထူးဆန်းသောဒုံမင်းသံက ထွက်ပေါ်လာ၏။
မုန့်ယောင်က သူမ၏ လက်ချောင်းကို ညင်သာစွာမြှောက်ပြီး ငွေရောင်ချီမျှင်တချို့ကို ပစ်ထုတ်ကာ ဆွေးနွေးပြောဆိုနေသော ကျင့်ကြံသူများ၏ နှာရောင်များထဲသို့ ချက်ချင်းပင်ဝင်ရောက်သွားစေသည်။
ကျင့်ကြံသူအချို့၏ မျက်နှာများပေါ်ရှိ စိတ်လှုပ်ရှားမှုက ပျက်ပြယ်မသွားခင်မှာပင် သူတို့က နေရာမှာပင် သေဆုံးသွားကြ၏။