မိုးပြာနဂါးမွေးဖွားပေါ်ထွက်လာခြင်း
Vol. 126 Ch. 1880
ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိတို့၏ အမူအရာက ပျက်ယွင်းသွား၏။
သူတို့နှစ်ယောက်စလုံးသည် ပါရမီရှင်များဖြစ်ပြီး ဘာဖြစ်နေသည်ကို နားလည်သဘောပေါက်သွားကြ၏။
ဤတစ်ခေါက်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများအားလုံးသည် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ လက်ချက်ကြောင့် ဖြစ်ဖို့များသည်။
ကျင့်ကြံသူများနှင့် သက်ရှိများကို ဤနေရာသို့ မျှားခေါ်ထုတ်ဖို့အတွက် ၎င်းက ဓမ္မရတနာများမွေးဖွားပေါ်ထွက်လာခြင်းကို အသုံးချခဲ့ခြင်းဖြစ်သည်။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က အသိစိတ်ရှိပြီး သူ့မှာရည်ရွယ်ချက်နှစ်ခုရှိပေလိမ့်မည်။ တစ်ခုက သူတို့၏ ဝိညာဥ်များကို ဝါးမျိုဖို့ဖြစ်ပြီး အခြားတစ်ခုကတော့... သူ၏ သခင်ကို ရွေးချယ်ဖို့ဖြစ်၏။
သို့သော် ယခု... ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ စွမ်းအားက သူတို့စဥ်းစားတွေးတောနိုင်စွမ်းထက် ကျော်လွန်နေသည်။
မည်သူကမှ အဲ့ဒါကို ထိန်းချုပ်နေခြင်းမရှိလျှင်တောင် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ စွမ်းအားက သူတို့ကို သတ်ဖြတ်ပစ်ဖို့ လုံလောက်နေ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဓမ္မရတနာများက အသိစိတ်ရှိသည်ဆိုလျှင်တောင် အထဲမှာပါရှိသော စိတ်ဝိညာဥ်အသိစိတ်က သန်မာသော စိတ်စွမ်းအားတစ်ခု သို့မဟုတ် အသိဉာဏ်ပညာကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကတော့ ကွဲပြားခြားနားလေသည်။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ ယခင်ပိုင်ရှင်က အနှိုင်းမဲ့ကြမ်းကြုတ်ခက်ထန်သော သက်ရှိတစ်ယောက်ဖြစ်မည်ကို စဥ်းစားကြည့်ဖို့ မခက်ပေ။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် ဤကဲ့သို့ ရက်စက်ကြမ်းတမ်း၍ မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုရရှိနေစေရန် အရင်တုန်းက မရေမတွက်နိုင်သော ဝိညာဥ်များကို ဝါးမျိုခဲ့ရပေမည်။ တကယ်ဆို... ၎င်းသည် ကျင့်ကြံသူများစွာကို ထောင်ဖမ်းဖို့အတွက် ငါးစာချကာ ထောင်ချောက်တစ်ခုကိုပင် ခင်းကျင်းခဲ့၏။
ရောက်လာသော ကျင့်ကြံသူများစွာကြားမှာ ထူးချွန်ထက်မြတ်သော ပါရမီအရည်အချင်းနှင့် စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည့် တစ်ယောက်ယောက်ပါလာမည်ဆိုလျှင် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ထိုသူ့ကို ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုပေလိမ့်မည်။
မဟုတ်ပါက ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် ရောက်ရှိနေသော ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပြီး သူတို့၏ ဝိညာဥ်များကိုဝါးမျိုကာ ၎င်းကိုယ်၎င်း ပိုမိုသန်မာလာစေမည်ဖြစ်၏။
ဖောက်...
ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်သည် အသူရာချောက်နက်ထဲကနေပြေးထွက်ချင်၏။ သို့သော် သူက နောက်ကျသွားခဲ့၏။ သူ့ကိုရွှေရောင်အလင်းဖြင့်တောက်ပနေသော ကောင်းကင်ဘုံနတ်ဘုရားက ဖမ်းဆွဲပြီး သွေးမြူတစ်ခုအဖြစ် ဖိချေပစ်လိုက်၏။
ထိုသူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခင်မှာပင် ၎င်းသည် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ ဝါးမျိုခြင်းခံခဲ့ရ၏။
နောက်ထပ် ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်သည် ကောင်းကင်ဘုံနတ်ဘုရား၏ ပါးစပ်ထဲမှာ ဝါးမျိုခံလိုက်ရ၏။
အသူရာချောက်နက်၏ နှစ်ဘက်စလုံးကို နတ်ဘုရားမိစ္ဆာက စောင့်ကြပ်နေပြီး မည်သူကမှ မဖြတ်ကျော်နိုင်ပေ။
အသူရာချောက်နက်၏ အထက်မှာ ဧရာမအောင်လံတံခွန်တစ်ခုက ကောင်းကင်တစ်ခွင်ဖုံးလွှမ်းနေပြီး ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိတို့ပင်လျှင် အဲ့ဒါနှင့် ထိတွေ့ရဲခြင်းမရှိပေ။
အသူရာချောက်နက်၏ အဆုံးက မထိုးဖောက်နိုင်သော အကျဥ်းထောင်တစ်ခုအဖြစ်ပြောင်းလဲသွား၏။
မြေပြင်မှာ မတ်တတ်ရပ်နေသော ကမ္ဘာမြေအင်မော်တယ် တစ်ထောင်ကိုမပြောနှင့် ကောင်းကင်အင်မော်တယ်ပညာရှင်များပင်လျှင် သေဆုံးလာကြ၏။
ကမ္ဘာမြေအင်မော်တယ်အချို့က ကောင်းကင်ဘုံမိစ္ဆာ ၊ ကောင်းကင်ဘုံနတ်ဘုရားတို့နှင့် မတိုက်ရခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များက ဂမ္ဘီရအလင်းနှင့် မိစ္ဆာချီတို့ဖြင့် ထိုးဖောက်ခြင်းခံလိုက်ရပြီး ဝိညာဥ်မဲ့အလောင်းများအဖြစ်ပြောင်းလဲကာ မြေပြင်ပေါ်သို့ လဲကျကုန်၏။
တစ်ခဏချင်းမှာပင် ကမ္ဘာမြေအင်မော်တယ်ရာချီက နေရာမှာပင်သေဆုံးသွားကြ၏။
ကျန်ရှိနေသော ကမ္ဘာမြေအင်မော်တယ်များက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး နေရာမှာပင် မတ်တတ်ရပ်ကာ လှုပ်ရှားရဲခြင်း မရှိတော့ပေ။ သူတို့၏ မျက်လုံးများက ထိတ်လန့်ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုက ထောင့်တစ်နေရာမှာ ပုန်းကွယ်နေပြီး မဆင်မခြင်ပြုမူရဲခြင်း မရှိပေ။
သူသည် သူ့စိတ်ကိုယ်သူ တည်ငြိမ်စေဖို့ အတတ်နိုင်ဆုံးကြိုးစားနေပြီး ထွက်ပြေးလွတ်မြောက်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို ရှာဖွေနေ၏။
သို့သော်လည်း ထိုကမ္ဘာမြေအင်မော်တယ်များက အသူရာချောက်နက်ထဲမှာ အသာတကြည်ရပ်နေမည်ဆိုလျှင်တောင် သူတို့က သေခြင်းတရားကနေ လွတ်မြောက်ချင်မှ လွတ်မြောက်ပေလိမ့်မည်။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ယိမ်းနွဲ့သွား၏။
အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ဧရာမအောင်လံတံခွန်ထံကနေ ထွက်ပေါ်လာ၏။
ထိုစွမ်းအားသည် လက်ရှိကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။
သို့သော်လည်း ကျင့်ကြံသူများ၏ ဝိညာဥ်များက သူတို့၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာတော့မည့်အလား သူတို့က ခံစားလိုက်ရ၏။
“အား...”
ဆူဇီမိုနှင့် မလှမ်းမကမ်းတွင် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် သွေးပျက်ဖွယ်ရာအော်ဟစ်ပြီးနောက် ငေးငိုင်နေသောအမူအရာဖြင့် လဲကျသွားလေသည်။
သူ၏ ဝိညာဥ်ကို လေဟာနယ်ကနေတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ဆွဲယူသွားခဲ့၏။
ဤကမ္ဘာမြေအင်မော်တယ်မှာ နည်းလမ်းပေါင်းစုံရှိသည်ဆိုလျှင်တောင် သူက ဝိညာဥ်ဆင့်ခေါ်ခြင်း၏ စွမ်းအားကို ခုခံနိုင်ခြင်းမရှိပေ။
ကမ္ဘာမြေအင်မော်တယ်များပင်လျှင် အဲ့ဒါကို မခုခံနိုင်ပါက ဆူဇီမိုအတွက် အဲ့ဒါက ပို၍ပင်ဆိုးလေသည်။
ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကိုလွှမ်းခြုံလာခဲ့၏။
ဆူဇီမိုသည် သူ၏ မြင်ကွင်းက မှောင်မည်းသွားသည်ဟုခံစားလိုက်ရပြီး သူကမည်သည့်အလင်းရောင်ကိုမှ မတွေ့မြင်ရတော့ပေ။
သူသည် မှောင်မည်းနေသော ငရဲဘုံတစ်ခုသို့ ကျဆင်းသွားပြီး သူ၏ အမြင်အာရုံကို ဆုံးရှုံးလိုက်ရသည့်အလားပင်။
သူ၏ အာရုံခံသတိစိတ်ကလည်း ကွယ်ပျောက်လာခဲ့၏။
အဲ့ဒါက ကြောက်စရာကောင်းသော ခံစားချက်တစ်ခုဖြစ်၏။
မမြင်ရသော လက်တစ်ဖက်က သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဆွဲထုတ်နေသည့်အလားပင်။
အန္တရာယ်ကိုအာရုံခံမိသွားပြီး ဖန်တီးခြင်းကြာခုံက ၎င်းကိုယ်၎င်းကာကွယ်ကာ သူ၏ အသိစိတ်ထဲမှာ နေ့ဘက်အလား ထိန်ထိန်လင်းစေမည့် တဖျတ်ဖျတ်တလက်လက် အရောင်အဝါများကို ထုတ်လွှတ်လိုက်၏။
သို့သော်လည်း ထိုအရောင်အဝါက ထူးဆန်းသောစွမ်းအားကို မခုခံနိုင်ပေ။
ဆူဇီမိုတွင် ဝှက်ဖဲများစွာရှိသော်လည်း သူက ဤကဲ့သို့သော အခြေအနေမှာ ဘာမှမတတ်နိုင်တော့ပေ။
ရုတ်တရက်ဆိုသလို... ။
သူ၏ အသိစိတ်ထဲရှိ စတုရန်းကြေးမီးဖိုက ဆတ်ခနဲတုန်ခါသွား၏။
ခံ့ညား၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုက စတုရန်းကြေးမီးဖို၏ ကောင်းမွန်နေသော အပြင်ဘက်နံရံကနေ ဖြာထွက်လာခဲ့၏။ ၎င်းပေါ်တွင် ထွင်းထုထားသည့် နတ်နဂါးက ရုတ်တရက် ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
နဂါးမျက်လုံးများက အေးစက်နေပြီး နတ်ဘုရားဆန်းဆန်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသော ထူးဆန်းသည့်စွမ်းအားက ချက်ချင်းပင်ပျက်ပြယ်သွား၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
စတုရန်းကြေးမီးဖို၏ အပြင်ဘက်နံရံပေါ်ရှိနတ်နဂါးက တစ်ဖန်နိုးထလာခဲ့လေပြီ။
ဤတစ်ခေါက်မှာတော့ စိတ်ဝိညာဥ်ရတနာအပိုင်းအစများစွာကို ဝါးမျိုပြီးနောက် နတ်နဂါးကနေ ထုတ်ဖော်ထားသည့် အသက်ဓာတ်အားနှင့် စွမ်းအင်အတက်အကျက ယခင်ကထက် သိသိသာသာ ပိုမိုသန်မာနေ၏။
အဲ့ဒီနောက် ဆူဇီမိုသည် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။
နတ်နဂါးသည် စတုရန်းကြေးမီးဖို၏ နံရံပေါ်ကနေ ဖြည်းဖြည်းချင်းကြွတက်လာ၏။
နတ်နဂါး ပထမဆုံးနိုးထခဲ့စဥ်က ဆူဇီမိုသည် စတုရန်းကြေးမီးဖိုထဲမှာရောက်ရှိနေပြီး အဲ့ဒါကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိပေ။
သို့သော်ယခု... သူက အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး နတ်နဂါးက သူ့ကိုတုန်လှုပ်သွားစေ၏။
နတ်နဂါးသည် အစိမ်းရောင်ကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး ၎င်း၏ ဦးခေါင်းပေါ်မှာ ဦးချိုနှစ်ချောင်းပါရှိလေသည်။ ၎င်း၏ ဝမ်းဗိုက်အောက်မှာ ခြေလက်လေးဖက်ရှိပြီး အပြာရောင်နဂါးတစ်ကောင်နှင့်တူနေ၏။ သို့သော်လည်း ၎င်းထုတ်ဖော်ထားသည့်အော်ရာသည် အပြာရောင်နဂါးထက်များစွာပို၍ ကြောက်စရာကောင်းနေ၏။
နတ်နဂါးထုတ်လွှတ်လိုက်သော မျိုးဆက်သွေးအော်ရာက အပြာရောင်နဂါးထက်ပင် ပ်ို၍မြင့်မြတ်ထည်ဝါနေ၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် တဗူးနဂါးဖီးနစ်၏ အော်ရာကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် နတ်နဂါးနှင့်ယှဥ်ရာမှာ နိမ့်ကျနေသည်ဟုထင်ရ၏။
အဲ့ဒါက ကျင့်ကြံမှုနယ်ပယ်နှင့် ခွန်အားအရာမှာ ဖိနှိမ်ခြင်းသာ မဟုတ်ပေ။
အဲ့ဒါသည် မျိုးဆက်သွေးနှင့် ဝိညာဥ်အပေါ် ပကတိဖိနှိမ်ခြင်းတစ်ရပ်ဖြစ်၏။
အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
ဆူဇီမို၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုက ပေါ်ထွက်လာ၏။
တဗူးတစ်ကောင်အနေဖြင့် နဂါးဖီးနစ်သည် နဂါးများအားလုံးကို သေချာပေါက် ဖိနှိမ်နိုင်၏။
ဒါဆို.... သူက ဘယ်လိုလုပ်ပြီး...။
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ချက်ဝင်ရောက်လာပြီး ကြောက်စရာကောင်းသောခန့်မှန်းချက်တစ်ခုက ပေါ်ထွက်လာ၏။
အဖြေကတော့ သိသာထင်ရှားလာခဲ့၏။
အထွတ်အမြတ်တောကောင်... မိုးပြာနဂါး။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ နဂါးမျိုးနွယ်တွင် စုစုပေါင်း မျိုးရိုးငါးခုရှိလေသည်။ မီးပေဒသာနဂါး ၊ ဦးချိုမဲ့နဂါး ၊ ဦးချိုနဂါး ၊ အပြာရောင်နဂါးနှင့် တောင်ပံနဂါးတို့ဖြစ်၏။
သူတို့ထဲမှာ အပြာရောင်နဂါးမျိုးရိုးက တိုက်ခိုက်ရည်ခွန်အားမှာ အသန်မာဆုံး ဖြစ်၏။ အဓိကအကြောင်းအရင်းမှာ အပြာရောင်နဂါးမျိုးရိုးသည် မိုးပြာနဂါးမျိုးဆက်သွေးကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှာ အစစ်အမှန်မိုးပြာနဂါးတစ်ကောင်က ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့ဖူးပေ။
မိုးပြာနဂါးသည် ဒဏ္ဍာရီလာ အထွတ်အမြတ်တောကောင်ဖြစ်ပြီး နဂါးမျိုးနွယ်၏ ဘိုးဘေးဖြစ်လေသည်။
အဲ့ဒါကြောင့်ပင် နတ်နဂါးသည် နိုးထလာပြီးနောက် သူ့ကို မဟူရာတွင်းနက်ထဲကနေ ခေါ်ထုတ်ပေးခဲ့နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
အဲ့ဒါကြောင့်ပင် သူ၏ နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်က ဤနတ်နဂါးထက် ပို၍အားနည်းနေခြင်းဖြစ်ပေလိမ့်မည်။
တဗူးများက သန်မာသော်လည်း သူ၏ မျိုးဆက်သွေးသည် အထွတ်အမြတ်တောကောင်များကို မယှဥ်နိုင်ပေ။
ဒဏ္ဍာရီအရဆို... ကောင်းကင်နှင့်မြေကြီး မဖြစ်ပေါ်ခင် အထွတ်အမြတ်တောကောင်လေးကောင်က ကစဉ့်ကလျားထဲမှာ မွေးဖွားပေါ်ထွက်လာပြီး သူတို့က အလွန်တရာရှေးကျ၍ စွမ်းအားကြီးမားသော သက်ရှိများဖြစ်သည်ဟုဆိုသည်။
ရုတ်တရက် ဆူဇီမို၏ စိတ်ထဲသို့ နောက်ထပ်ကြောက်စရာကောင်းသော အတွေးတစ်ခုက ဝင်ရောက်လာ၏။
ထိုနတ်နဂါးက အမှန်တကယ်ပင်မိုးပြာနဂါးတစ်ကောင်ဖြစ်မည်ဆိုလျှင်...။
မိုးပြာနဂါးက ဤရှေးဟောင်းမီးဖိုပေါ်မှာ ဘာ့ကြောင့်ရှိနေရတာလဲ။
ဤရှေးဟောင်းမီးဖို၏ နောက်ခံက ဘာဖြစ်မလဲ။
ထိုစဥ်မှာပင် မိုးပြာနဂါးသည် စတုရန်းကြေးမီးဖိုကနေ လုံးဝလွတ်ထွက်သွားပြီး အေးစက်နေသော အမူအရာတစ်ခုနှင့် ခံ့ညားသောအကြည့်တစ်ခုနှင့်အတူ ဆူဇီမို၏ အသိစိတ်ထဲကနေ တိုးထွက်သွားလေသည်။
သူ၏ အသိစိတ်ထဲမှာတုန်းက မိုးပြာနဂါးသည် လက်ချောင်းအရွယ်မျှသာရှိလေသည်။
သို့သော်လည်း သူ၏ အသိစိတ်ထဲကနေထွက်ခွာ၍ အသူရာချောက်နက်ထဲသို့ဝင်ရောက်လာပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က အဆက်မပြတ် ပြန့်ကားသွားပြီး ပေပေါင်းများစွာရှည်လျားလာခဲ့၏။ ၎င်း၏ ကြီးမားသော အစိမ်းရောင်ကြေးခွံများက အေးစက်စက်အလင်းတစ်ခုဖြင့် တောက်ပနေ၏။
၎င်း၏ လက်သည်းများက အရာရာတိုင််းကိုထိုးဖောက်နိုင်သည့်အလား အလွန်တရာထက်ရှနေ၏။
မိုးပြာနဂါးသည် ၎င်း၏ ပြီးပြည့်စုံသောနဂါးပုံစံကို ထုတ်ဖော်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်လက်မချင်းစီတိုင်းက စွမ်းအားကြီးမားသောရုန်းကန်ပေါက်ကွဲစွမ်းအားတစ်ခုနှင့်ပြည့်နှက်နေ၏။
၎င်း၏ အော်ရာက သိပ်သည်းပြင်းထန်လွန်းပြီး သက်ရှိများအားလုံးကို ဖိနှိမ်နေချင်သည့်အလားပင်။
“ဂါး...”
မိုးပြာနဂါးက နဂါးတံတွေးရည်များ စိုရွှဲနေသည့် ထက်ရှသော နဂါးသွားစွယ်များကို ထုတ်ဖော်ပြီး မလှမ်းမကမ်းတွင်ရှိသော ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ဘက်သို့ ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။
နဂါးအသူရာချောက်နက်ကြယ်ပင်လျှင် နဂါးဟိန်းသံကြောင့် လှုပ်ခါသွား၏။
မရေမတွက်နိုင်သော နယ်မြေဒေသများ၏ မြေပြင်က အက်ကွဲသွားပြီး သက်ရှိများအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။