ပကတိအင်မော်တယ်တစ်ပါး ရောက်ရှိလာခြင်း
Vol. 126 Ch. 1882
မိုးပြာနဂါးသည် အပေါ်သို့ နွယ်တက်သွားပြီး အဆုံးမဲ့စွမ်းပကားနှင့်အတူ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို စိုက်ကြည့်နေ၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကလည်း အကြောက်အလန့်ကင်းမဲ့ပြီး ၎င်း၏ အဝတ်စကို ဆက်လက်ဝေ့ယမ်းကာ မိုးပြာနဂါးကို ရန်စနေ၏။
“ဂါး...”
မိုးပြာနဂါးက ဒေါသထွက်သွားပြီး ဟိန်းဟောက်ကာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်နှင့် တိုက်ခိုက်ရန် ရှေ့သို့ပြေးဝင်လာ၏။
ဤတိုက်ပွဲက အသူရာချောက်နက်တစ်ခုလုံးကို တုန်ခါသွားစေ၏။
ယခု... ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က မိုးပြာနဂါးနှင့် တိုက်ခိုက်နေရပြီး အခြားသောကျင့်ကြံသူများက နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုရှိလာ၏။
ကမ္ဘာမြေအင်မော်တယ် ပညာရှင်များစွာက ဤနေရာမှာဆက်မနေရဲတော့ဘဲ လေထဲသို့ပျံတက်ကာ အသူရာချောက်နက်ထဲကနေ ထွက်ပြေးလိုက်ကြ၏။
မည်သို့ပင်ဆိုစေ သူတို့သည် ဤနေရာကနေ အရင်ဆုံးထွက်ခွာရပေမည်။
မဟုတ်ပါက ဤတိုက်ပွဲ၏ တုန်ခါလှိုင်းဖြင့် သက်ရောက်ခြင်းခံရပါက သူတို့သည် သေဆုံးသွားရဖို့အခွင့်များလေသည်။
ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိကလည်း အသူရာချောက်နက်ထဲကနေ ချက်ချင်းပင်ထွက်ခွာလိုက်ကြ၏။
သို့သော်လည်း ကောင်းကင်အင်မော်တယ်ပညာရှင်များကြားမှာ နှစ်ယောက်က ဝေးဝေးသို့ ပြေးမသွားခဲ့ပေ။
သူတို့သည် ထိုအစား အသူရာချောက်နက်နားမှာ ရစ်ဝဲ၍ ဖြစ်ပျက်လာမည့်အရာကို စောင့်ဆိုင်းနေကြ၏။
သူတို့နှစ်ယောက်က အလိုအလျောက်နားလည်မှုနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
မိုးပြာနဂါးက ဘယ်နေရာကရောက်လာသည်ကို သူတို့မသိရှိထားသော်လည်း မိုးပြာနဂါးနှင့် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကြား နှစ်ဦးနှစ်ဖက် သေကြေပျက်စီးမည့်ရလဒ်တစ်ခု ထွက်ပေါ်လာမည်ဆိုပါက သူတို့နှစ်ယောက်သည် နောက်ဆုံးအနိုင်ရလဒ်ကို ရရှိကောင်းရရှိပေလိမ့်မည်။
နတ်ဘုရားမိစ္ဆာ၏ အကူအညီမရှိသောအခါ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က သိပ်မကြာခင် အရေးနိမ့်လာခဲ့၏။
မကြာခင်... ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် မိုးပြာနဂါး၏ ကြီးမားသောခန္ဓာကိုယ်ဖြင့် ရစ်ပတ်ခြင်းခံရပြီး မလှုပ်ရှားနိုင်တော့ပေ။
ထိုအခိုက်အတန့်မှာပင်လျှင် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က မည်သည့်ထိတ်လန့်ကြောက်ရွံ့မှုကိုမှ မပြသပေ။ မိုးပြာနဂါးက ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ရစ်ပတ်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို အဆက်မပြတ်ကျုံ့ဝင်စေလိုက်၏။ သူတို့နှစ်ဦးက အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆူဇီမို၏ နှာရောင်ထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။
ဆူဇီမိုက ဆတ်ခနဲတုန်ယင်၍ တုန်လှုပ်သွား၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော ပစ္စည်းတစ်ခုသည် ကမ္ဘာမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များစွာကို ဆက်တိုက်သတ်ဖြတ်ခဲ့၏။ သူ၏ အသိစိတ်ထဲမှာ အမှားအယွင်းတစ်စုံတစ်ရာဖြစ်ပေါ်လာမည်ဆိုလျှင် သူကသေချာပေါက် သေဆုံးရပေလိမ့်မည်။
ဆူဇီမိုက သူ၏ အသိစိတ်ကို အလောတကြီး စစ်ဆေးကြည့်ရှုလိုက်၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ၎င်းသည် မိုးပြာနဂါး၏ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ချင်ပြီး အဆက်မပြတ်ရုန်းကန်လှုပ်ရှားနေ၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် ဖန်တီးခြင်းကြာခုံပေါ်ရှိ ဆူဇီမိုကိုသတ်ဖြတ်လိုပြီး မိစ္ဆာချီတစ်စကို ပစ်ထုတ်လိုက်၏။
သူက အရမ်းကိုပါးနပ်ပြီး အသိစိတ်ထဲမှာ အားအနည်းဆုံးတည်ရှိမှုကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွား၏။
နတ်ဘုရားမိစ္ဆာနှင့် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ဖိနှိမ်ရသည့်တိုက်ခိုက်မှုမှာ မိုးပြားနဂါးကလည်း အားအင်ကြီးမားစွာ ကုန်ခန်းသွားပုံရ၏။
ယခုအချိန်မှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အရောင်အဝါက သိသိသာသာ မှေးမှိန်သွားပြီဖြစ်၏။
၎င်းသည် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ ထိန်းချုပ်မှုကနေ လွတ်ထွက်တော့မည့် လက္ခဏာများပြသလာ၏။
ထိုစဥ်မှာပင် သူ၏ အသိစိတ်အတွင်းမှာ သက္ကတဘာသာစကားသံက ထွက်ပေါ်လာ၏။
ရှေးကျသော အော်ရာတစ်ခုဖြာထွက်နေသည့် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော ဧရာမမီးဖိုတစ်လုံးက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ဆူဇီမိုထံသို့ ပစ်လွင့်လာသည့် မိစ္ဆာချီကိုဖျက်ဆီးကာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို အလျင်အမြန်ဖိနှိမ်လိုက်၏။
“အား...”
စတုရန်းကြေးမီးဖိုကို တွေ့မြင်သောအခါ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ထုတ်ဖော်ပြသလာ၏။ အောင်လံတံခွန်ထဲမှ ခပ်စူးစူးအော်သံတစ်သံပင်ထွက်ပေါ်လာ၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်ပြီး ၎င်း၏ အစွမ်းကုန်ရှိသမျှနှင့် လှုပ်ရှားရုန်းကန်နေ၏။
သို့သော်လည်း ရွှေရောင်သက္ကတစာလုံးများက တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး သိပ်သည်းပြင်းထန်သော အင်အားတစ်ရပ်နှင့်အတူ ၎င်း၏ ထွက်လမ်းကို ပိတ်ဆို့လိုက်၏။
စတုရန်းကြေးမီးဖိုက ဆင်းသက်လာပြီး ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ပြင်းထန်စွာပစ်တိုက်ချလိုက်၏။
“ဂါး...”
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က သွေးပျက်ဖွယ်ရာအော်ဟစ်လိုက်ပြီး ၎င်း၏ ပိတ်စကနေ မီးခိုးများက အူထွက်လာ၏။ ၎င်းက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လေပြီ။
သည့်ယခင်က မိုးပြာနဂါးက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ၎င်းကအကြောက်အလန့်ကင်းမဲ့နေခဲ့၏။ အကြောင်းမှာ မိုးပြာနဂါးသည် သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေဖို့ ခက်ခဲသောကြောင့်ဖြစ်၏။
သို့သော်ယခု... စတုရန်းကြေးမီးဖို၏ ပေါ်ထွက်လာမှုသည် သူ့အပေါ် သိပ်သည်းပြင်းထန်သော ပျက်စီးထိခိုက်မှုကို ချက်ချင်းပင်ဖြစ်ပေါ်လာစေ၏။
မိုးပြာနဂါးက အခွင့်အလမ်းကို ချိန်ဆပြီး ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို စတုရန်းကြေးမီးဖိုထဲသို့ ဆွဲယူသွင်းလိုက်၏။
မီးဖိုထဲကနေ ကြောက်စရာကောင်းသော မီးတောက်များက ထွက်ပေါ်လာပြီး ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို စတင်၍လောင်ကျွမ်းစေလိုက်၏။
“အာ...” ဆူဇီမိုက သက်ပြင်းချလိုက်၏။
ဆူဇီမို၏ အသိစိတ်က လှုပ်ရှားသွားပြီး ထိုလုပ်ရပ်ကို တားဆီးချင်၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က အရမ်းကိုစွမ်းအားကြီးမားပြီး သူသည် အစက အဲ့ဒါကို သူ့ဘာသာသူ အသုံးချဖို့အတွက် ရည်ရွယ်ထားခဲ့၏။ ၎င်းသည် အနာဂတ်မှာ သူ့အတွက်ကြီးမားစွာ အသုံးတည့်ကောင်းတည့်နိုင်ပေလိမ့်မည်။
သို့သော်လည်း စတုရန်းကြေးမီးဖိုသည် မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ဝါးမျိုပစ်ဖို့ ကြိုးစားလာမည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ဒေါသူပုန်ထနေသော မီးတောက်များက တလိပ်လိပ်လျှံတက်လာပြီး အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က စတုရန်းကြေးမီးဖို၏ သန့်စင်ခြင်းကိုမခံရသေးသော်လည်း ၎င်းသည် မီးဖို၏ အောက်ခြေမှာ ငြိမ်သက်စွာ ကျဆင်းသွားပြီဖြစ်၏။
ထိုစဥ်မှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အသိစိတ်ပင်လယ်ထဲမှ သူ၏ အသိစိတ်ကို အလောတကြီးရုပ်သိမ်းကာ ရှေ့သို့လှမ်းမျှော်ကြည့်ရှုလိုက်၏။
အစကတော့... ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိသည် တိုက်ပွဲကို စောင့်ကြည့်နေကြ၏။ သို့သော် မိုးပြာနဂါးနှင့် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားခဲ့လေသည်။
အသူရာချောက်နက်၏ အနက်ပိုင်းထဲတွင်...။
မိုးပြာနဂါးနှင့် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆူဇီမို၏ နှာရောင်ထဲသို့ တိုးဝင်ကာ သူတို့၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့၏။
သူတို့နှစ်ယောက်က ခဏမျှ မှင်တက်နေပြီးနောက် အလောတကြီးပြေးလိုက်လာကြ၏။ သို့သော်လည်း အသူရာချောက်နက်၏ အောက်ခြေမှာ ရှုပ်ထွေးနေသည့်အပြင် ဒဏ်ရာအပြင်းအထန် ရရှိထားသော ကျင့်ကြံသူအချို့နှင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ ယခုအချိန်ထိ ထွက်မပြေးနိုင်သေးသော ကျင့်ကြံသူအချို့သာလျှင် ရှိလေသည်။
မိုးပြာနဂါးနှင့် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ဤကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
အခြားသော ကောင်းကင်နှင့် ကမ္ဘာမြေအင်မော်တယ်များသည်လည်း စူးစမ်းလိုစိတ်ဖြင့် အသူရာချောက်နက်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာကြပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို စိုးရိမ်ထိတ်လန့်စွာ အကဲခတ်နေကြ၏။ သူတို့က မည်သည့်အရာကိုမှ ရှာမတွေ့ပေ။
“အဲ့ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
ကောင်းကင်အင်မော်တယ်လောယန်က မျက်မှောင်ကြုတ်လိုက်၏။
မိန်ကျိကလည်း တွေဝေ၍ ဒေါသထွက်နေ၏။
ထိုစဥ်မှာပင် အလွန်တရာကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက ကြောက်စရာကောင်းသော ပုံစံဖြင့် ဆင်းသက်လာပြီး အသူရာချောက်နက်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ကောင်းကင်အင်မော်တယ်များဖြစ်စေ.. ကမ္ဘာမြေအင်မော်တယ်များဖြစ်စေ.... ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိဖြစ်စေ... အသူရာချောက်နက်ထဲရှိ ကျင့်ကြံသူများအားလုံးက တုန်လှုပ်နေသော အမူအရာများနှင့်အတူ မလှုပ်ရှားနိုင်တော့ပေ။
“ပကတိအင်မော်တယ်”
ကောင်းကင်အင်မော်တယ်လောယန်က အမူအရာပျက်ယွင်းသွားပြီး အံကိုတင်းတင်းကြိတ်လိုက်၏။
မိန်ကျိကလည်း မျက်မှောင်အနည်းငယ်ကြုတ်၍ သူမ၏ နှစ်လိုဖွယ်ရာမျက်နှာက ကူကယ်ရာမဲ့မှုဖြင့် ပြည့်နှက်လာ၏။
ဝေးကွာလွန်းသော အစွန်အဖျားဤကြယ်လေးပေါ်သို့ ပကတိအင်မော်တယ် ပညာရှင်တစ်ယောက်ပင် ရောက်ရှိလာခဲ့ပြီလား။
ပကတိအင်မော်တယ်ပညာရှင်များသာလျှင် ဤကဲ့သို့ ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်ကို ထုတ်ဖော်နိုင်ပေမည်။
ထိုစိတ်ဝိညာဥ်အသိစိတ်၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ လက်ရှိကောင်းကင်နှင့် ကမ္ဘာမြေအင်မော်တယ်များသည် သူတို့က အတွေးတစ်ချက်နှင့်အတူ သတ်ဖြတ်ခံရနိုင်သည့်အလား ပုရွက်ဆိတ်များကဲ့သို့ အရေးမပါအရာမရောက်တော့ဟု ခံစားလာရ၏။
ပကတိဧကနယ်ပယ်...။
ထိုနယ်ပယ်သည် မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်များကို လုံးဝကျော်လွန်သွားခဲ့ပြီဖြစ်၏။
ပကတိဧကနယ်ပယ်သို့ ရောက်ရှိလာပြီးမှသာ လူတစ်ယောက်က ပကတိအင်မော်တယ်တစ်ပါး ဖြစ်လာနိုင်၏။
အဲ့ဒါက မမျှော်မှန်းနိုင်သော အသွင်ပြောင်းလဲမှုတစ်ရပ်ဖြစ်၏။
အဆင့်-၉ ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်ပင်လျှင် ပကတိအင်မော်တယ်တစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာ ခုခံဖို့အတွက် အခွင့်အရေးရရှိလိမ့်မည် မဟုတ်ပေ။
ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိက ထိုခံစားချက်ကို ပို၍ကောင်းကောင်း နားလည်သဘောပေါက်လေသည်။
သူတို့နှစ်ယောက်စလုံးသည် ကောင်းကင်အင်မော်တယ်များကြားမှာ ပါရမီရှင်များဖြစ်ကြ၏။
သာမန်ပကတိအင်မော်တယ်ပညာရှင်များပင်လျှင် စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်နှင့်အတူ သူတို့ကို ကန့်သတ်ချုပ်နှောင်နိုင်ချင်မှ ချုပ်နှောင်နိုင်ပေလိမ့်မည်။
သို့သော်ယခု... သူတို့ထဲ မည်သူကမှ ထိုစိတ်ဝိညာဥ်အသိစိတ်၏ စွမ်းပကားအောက်မှာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ဝင်ရောက်လာသူက ပကတိဧကနယ်ပယ်အတွင်း ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်သည်မှာ သိသာနေ၏။
မသိလိုက်မသိဘာသာနှင့်ပင် အသူရာချောက်နက်၏ အထက်မှာ လူတစ်ယောက်က ပေါ်ထွက်လာ၏။
ကျင့်ကြံသူများစွာက အလိုလိုမော့ကြည့်လိုက်ကြ၏။
အဲ့ဒါသည် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်အမျိုးသားတစ်ယောက်ဖြစ်၏။ သူက ဓားအိမ်ထဲက ထုတ်ထားသော ဓားတစ်လက်ကဲ့သို့ လေထဲမှာမတ်တတ်ရပ်နေပြီး ထက်ရှသောအော်ရာတစ်ခုကို ဖော်ထုတ်နေ၏။
လူငယ်က လေထဲကနေဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။
သူ့ခြေထောက်အောက်ရှိ လေဟာနယ်ထဲမှာ ကျောက်သားလှေခါးထစ်များရှိနေသည့်အလားပင်။
လူငယ်က အဆက်မပြတ်ဆင်းသက်လာပြီး အသူရာချောက်နက်တစ်ခုလုံးက ထိုစွမ်းအားကို ခံနိုင်ရည်မရှိဘဲ ၎င်း၏ တစ်ဖက်တစ်ချက်စီရှိ ကျောက်သားနံရံများက ပေါက်ကွဲထွက်ကုန်၏။
လူငယ်၏ နှာရောင်ကနေ တဖျတ်ဖျတ်တလက်လက်အလင်းရောင်တစ်ခုက လျှံထွက်လာပြီး သူ၏ ဦးခေါင်းနောက်တွင် ရောင်လျှံစက်ဝန်းတစ်ခုက လှည့်ပတ်လာ၏။ သူက လျစ်လျူရှု၍ မရနိုင်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေ၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မြင်ကွင်းတစ်ခုကို ပြန်လည်အမှတ်ရလိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဘုရင်ယွင်ရို၏ ကိုယ်ပွားက ဆင်းသက်လာခဲ့ပြီး တျဲယွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
ဘုရင်ယွင်ရို၏ ကိုယ်ပွား၏ နှာရောင်ပေါ်မှာ တူညီသောရောင်ဝါတစ်ခုရှိနေခဲ့ပြီး သူ၏ ဦးခေါင်းနောက်မှာလည်း တူညီသော ရောင်လျှံစက်ဝန်းတစ်ခုရှိနေခဲ့၏။ ထိုကဲ့သို့သော နယ်မြေဖြစ်စဥ်တစ်ခုကို ပကတိအင်မော်တယ် ပညာရှင်တစ်ဦးကသာလျှင် ထုတ်ဖော်နိုင်ပုံရလေသည်။
ထိုသို့ဆိုလျှင် ဘုရင်ယွင်ရို၏ ကိုယ်ပွားကလည်း ပကတိအင်မော်တယ်တစ်ပါး ဖြစ်ခဲ့ပေလိမ့်မည်။