← Chapters

တာအိုနှလုံးသား အက်ကွဲကြောင်း

Vol. 126 Ch. 1886

တာအိုနှလုံးသား အက်ကွဲကြောင်း

Vol. 126 Ch. 1886

ကျင့်ကြံသူများစွာ၏ မျက်လုံးထဲရှိ စွဲလမ်းမှု ရမ္မက်က ချက်ချင်းပင် ပျောက်ကွယ်သွားပြီး တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုက အစားထိုး ဝင်ရောက်လာ၏။

သည့်ယခင်က ဤမျှအထိ ရက်ရက်စက်စက် ချောမောလှပသော အမျိုးသမီးတစ်ဦးသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် လူပေါင်းများစွာကို သတ်ဖြတ်နိုင်သည်အထိ ကြောက်စရာကောင်းနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ချောက်နက်၏ နံရံထဲမှာ ဆူဇီမိုက အံ့အားသင့်သွားခြင်း မရှိဘဲ သူ၏ မျက်လုံးကိုသာ အနည်းငယ် မှေးကျဉ်းလိုက်၏။

ဒုံမင်းအင်မော်တယ် မုန့်ယောင် ထုတ်ဖော်ထားသည့် အော်ရာသည် ဓားအင်မော်တယ် ယွဲ့ဟွားနှင့် ပကတိအင်မော်တယ် ဝူဖုန့်တို့ထက် အားမနည်းသည်မှာ သိသာသည်။

သူမကလည်း ပကတိအင်မော်တယ်ပညာရှင်တစ်ဦးဖြစ်၏။

အခြားသော ကျင့်ကြံသူများကို ကြည့်သည့်အခါ သူမ၏ မျက်လုံးထဲရှိ အေးစက်မှုသည် ဓားအင်မော်တယ် ယွဲ့ဟွားနှင့် ပကတိအရှင်ဝူဖုန့်တို့၏ အကြည့်နှင့် ကွဲပြားခြားနားခြင်း မရှိပေ။

ယွဲ့ဟွားနှင့် ဝူဖုန့်က လွဲလျှင် လက်ရှိ အခြားသော ကျင့်ကြံသူများသည် သူမ၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်များ၊ ငါးများကဲ့သို့ ဖြစ်၏။ သူတို့၏ အသက်များက တန်ဖိုးမရှိပေ။

ကျင့်ကြံသူအချို့ သေဆုံးသွားပြီးနောက် ဓားအင်မော်တယ် ယွဲ့ဟွား၏ အမူအရာက တည်ငြိမ်နေ၏။

“ဟားဟား”

ပကတိအင်မော်တယ် ဝူဖုန့်က ခဏမျှ မှင်တက်ပြီးနောက် တုံ့ပြန်ကာ ရယ်မောလိုက်၏။

“ကောင်းလိုက်တဲ့ သတ်ဖြတ်ကွက်.. နတ်မိမယ် မုန့်ယောင်က မင်းတို့တွေ ဝေဖန်ပြောဆိုခွင့်ရှိတဲ့သူ မဟုတ်ဘူး”

ဓားအင်မော်တယ် ယွဲ့ဟွားက ပကတိအင်မော်တယ် ဝူဖုန့်၏ မြှောက်လုံး ပင့်လုံးအပေါ် အနည်းငယ် အထင်အမြင်သေးပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ဘာလို့လဲ နတ်မိမယ် မုန့်ယောင်.. မင်းကလည်း နတ်ဘုရားမိစ္ဆာ ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်ကို စိတ်ဝင်စားနေတာလား”

“ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် ကျုပ်က အဲဒီ သန့်စင်ယန်ဓမ္မရတနာအတွက် ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ပေးမယ်”

ပကတိအင်မော်တယ် ဝူဖုန့်က လေးနက်သော အသံဖြင့် ချက်ချင်းပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်၏။

အပေါ်ယံမှာ ကြည့်လျှင်တော့ ပကတိအင်မော်တယ် ဝူဖုန့်သည် နတ်မိမယ် မုန့်ယောင်ထံမှာ မျက်နှာသာရမှုကို ကြိုးစားနေသည်ဟု ထင်ရ၏။

သို့သော်လည်း တကယ်တမ်းမှာတော့ ပကတိအင်မော်တယ် ဝူဖုန့်က နုတ်ထွက်သွားမည်ဆိုလျှင် နတ်မိမယ် မုန့်ယောင်သည် နတ်ဘုရားမိစ္ဆာ ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်အတွက် ဓားအင်မော်တယ် ယွဲ့ဟွားနှင့် တိုက်ခိုက်ရပေတော့မည်။

ပကတိအင်မော်တယ် ဝူဖုန့်က အလွန်တရာ ဉာဏ်နီဉာဏ်နက်များပြီး သူက လောလောဆယ်မှာ ဟန်ပြနောက်ဆုတ်ကာ နောက်ပိုင်းမှ အကျိုးအမြတ်ကို ရုတ်သိမ်းမည်ဖြစ်၏။

မုန့်ယောင်က မှင်သေသေ အမူအရာနှင့် သူမ၏ ခေါင်းကို ခါပြလိုက်၏။

“တာအိုရောင်းရင်းတို့… ရှင်တို့ နားလည်မှု လွဲနေပြီ… ကျွန်မက နတ်ဘုရားမိစ္ဆာ ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်အတွက် ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး”

“ကျွန်မက ဒီမှာရှိတဲ့ တခြားရတနာတွေကို မလိုချင်ဘူး.. ကျွန်မက နေကာသစ်သားနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း ဒုံမင်းတစ်လက်ကိုပဲ လိုချင်တာ”

ထိုစကားကို ကြားချိန်မှာ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

နတ်မိမယ် မုန့်ယောင် ပြောသည့် ရှေးဟောင်း ဒုံမင်းမှာ ယခင် သူတွေ့ခဲ့သည့် ပစ္စည်းဖြစ်ပုံရ၏။ အဲဒါကလည်း အသိစိတ်ရှိပြီး လူများစွာကို သတ်ဖြတ်ခဲ့၏။

ရှေးဟောင်း ဒုံမင်းနှင့်အတူ ရှေးဟောင်း ပုလွေတစ်လက်လည်း တွဲဖက်ပါဝင်ခဲ့၏။ စတုရန်းကြေးမီးဖိုကို တွေ့မြင်ရပြီးနောက် ဒုံမင်းနှင့် ပုလွေသည် လှည့်ထွက်ပြေးကာ ပျောက်ကွယ်သွားခဲ့၏။

ထိုအချိန်တုန်းက ရှေးဟောင်း ဒုံမင်းက တစ်မူထူးခြားသည်ဟု ဆူဇီမိုက ခံစားနေခဲ့ရပြီဖြစ်၏။ ယခု အဲဒါက ပကတိအင်မော်တယ်ပညာရှင်တစ်ဦးကိုပင် ဆွဲဆောင်နိုင်ခဲ့ပြီဖြစ်၏။

ပကတိအင်မော်တယ် ဝူဖုန့်က ပြုံးလိုက်၏။

“နတ်မိမယ် မုန့်ယောင်က တေးဂီတကို နှစ်သက်ပြီးတော့ သူမရဲ့ ဒုံမင်းနဲ့အတူ တာအိုကို ရှာဖွေခဲ့တယ်.. အဲဒါကို လူတိုင်းသိထားတာပဲ.. အဲဒီတော့ အဲဒီ ရှေးဟောင်း ဒုံမင်းက ခင်ဗျားအပိုင်ပဲ ဖြစ်ရမှာပေါ့”

“ကျွန်မက စောစောတုန်းက အသူရာချောက်နက်ရဲ့ တခြားနေရာတိုင်းမှာ အဲဒါကို ရှာဖွေခဲ့တယ်.. ဒါပေမဲ့ ရှေးဟောင်း ဒုံမင်းရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရဘူး”

နတ်မိမယ် မုန့်ယောင်၏ လှပသော မျက်လုံးများက ကျင့်ကြံသူများစွာထံ ရွေ့လျားသွား၏။

“အဲဒါကြောင့် ရှင်တို့တွေထဲမှာ အဲဒီ ရှေးဟောင်း ဒုံမင်းကို ရထားတဲ့ ဘယ်သူပဲဖြစ်ဖြစ်.. အခု အဲဒါကို ထုတ်ပေးလို့ ရပြီ”

သူမ၏ အသံက အလွန်တရာ သာယာနာပျော်ဖွယ်ကောင်းနေသည်။ သို့သော်လည်း သူမ ထိုသို့ပြောလိုက်သည့် အချိန်မှာ လက်ရှိလူတိုင်းက တုန်လှုပ်ချောက်ချား၍ စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်ကြ၏။

သူတို့ အုပ်စုသည် ဤနေရာသို့ ရောက်ရှိဖို့အတွက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရ၏။ သို့သော်လည်း သူတို့သည် ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေလုမတတ် ဖြစ်ခဲ့ရ၏။

လူတိုင်းသည် ထွက်ပြေးလွတ်မြောက်လာခါစ ဖြစ်သော်လည်း ယခုအခါ ပကတိအင်မော်တယ် သုံးယောက်ကြားမှာ သူတို့က ပြန်လည်ပိတ်မိသွားပြန်၏။

အသက်ဆယ်ရှိုက်စာ ကြာပြီးတာတောင် မည်သူကမှ ရှေ့သို့ ထွက်မလာပေ။

“အဲဒါကို ဘယ်လိုလုပ်သင့်တယ်လို့ ရှင်တို့ ထင်လဲ”

မုန့်ယောင်က မေးလိုက်၏။

ဓားအင်မော်တယ် ယွဲ့ဟွားက ပခုံးတွန့်ပြီး သာမန်ကာလျှံကာ ပြောလိုက်၏။

“ငါတို့က သူတို့ကို တစ်ယောက်ချင်း ရှာကြည့်ရမှာပေါ့.. ဒီလောက်များတဲ့ ရတနာတွေက လေထဲမှာ ပျောက်ကွယ်သွားတယ်လို့တော့ ငါမယုံဘူး”

“မှန်တာပေါ့”

ဝူဖုန့်က အေးစက်စွာ ပြောလိုက်၏။

“ရတနာတွေကို ခိုးထားတဲ့ ဘယ်သူမဆို သနားညှာတာမှုမရှိ သတ်ဖြတ်ခံရလိမ့်မယ်”

မုန့်ယောင်က ခေါင်းညိတ်လိုက်၏။

“အဲဒါဆိုလည်း ရှင်တို့ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

ဓားအင်မော်တယ် ယွဲ့ဟွား၏ စိတ်ဝိညာဉ်အသိစိတ်ထံမှ အတွေးတစ်ချက်နှင့်အတူ လက်ရှိ ကျင့်ကြံသူများစွာ၏ ခါးပေါ်ရှိ သိုလှောင်အိတ်များက ဖြုတ်ယူခံလိုက်ရပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားများကလည်း အလွယ်တကူ ချေဖျက်ခံလိုက်ရ၏။

ဝေါ..

သိုလှောင်အိတ်ထဲရှိ ပစ္စည်းများက မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့၏။

အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ ဓမ္မရတနာများ၊ လျှို့ဝှက်ကျမ်းများနှင့် စိတ်ဝိညာဉ်ပစ္စည်းများစွာက ထွက်ကျလာခဲ့၏။

ကျင့်ကြံသူများစွာ၏ အမူအရာများက ပျက်ယွင်းသွားကြသည်။

သူတို့သုံးယောက်သည် ထိုပစ္စည်းများကြားထဲမှာ ရှာဖွေလိုက်သော်လည်း သူတို့သည် နတ်ဘုရားမိစ္ဆာ ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်နှင့် ရှေးဟောင်း ဒုံမင်းကို မတွေ့မြင်ရပေ။

ပကတိအင်မော်တယ် ဝူဖုန့်သည် ထိုပစ္စည်းများကြားမှာ စိတ်ဝင်စားစရကောင်းသော ပစ္စည်းတချို့ကို​ တွေ့ရှိလိုက်၏။ ထိုပစ္စည်းများကို ခဏမျှ စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် သူက အဲဒါတွေကို ကျင့်ကြံသူများစွာ၏ ရှေ့မှာပင် သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

ကောင်းကင်အင်မော်တယ်နှစ်ယောက်က ဒေါသထွက်သွားပြီး သူတို့၏ လက်သီးများကို ဆုပ်လိုက်ကြ၏။ သူတို့က အံကို တင်းတင်းကြိတ်ထားသော်လည်း တစ်စုံတစ်ရာ ပြောဆိုရဲခြင်း မရှိပေ။

ထိုပစ္စည်းများက သူတို့၏ ပစ္စည်းများ​ဖြစ်၏။

အဲဒါက ပြောင်ပြောင်တင်းတင်း လုယက်နေခြင်း ဖြစ်သည်။

“သိပ်ကောင်းတယ်”

ဓားအင်မော်တယ် ယွဲ့ဟွား၏ အမူအရာက မှင်သေသေဖြင့် ရှိနေ၏။

“မင်းက ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရသေးတာပေါ့”

ထိုသို့ပြောရင်း သူသည် သူ့ရှေ့မှာ ရှိသော ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဆွဲယူကာ ထိုသူ၏ အသိစိတ်ထဲသို့ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ပို့လွှတ်လိုက်၏။ မည်သည့်အရာကိုမှ ရှာမတွေ့သောအခါ သူက ထိုသူကို ဘေးသို့ ပစ်ထုတ်လိုက်၏။

ပကတိအင်မော်တယ် ဝူဖုန့်က သူ၏ အောက်ဘက်တွင် ရှိသော ရွှေပုရွက်ဆိတ်ကို ပုတ်လိုက်၏။ ပုရွက်ဆိတ်က ၎င်း၏ ဦးခေါင်းပေါ်ရှိ သေးသွယ်သော ရွှေရောင်ဦးမှင်နှစ်ခုကို ဝေ့ယမ်းကာ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဆွဲယူလိုက်၏။

ဝူဖုန့်က သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ ထိုသူ၏ အသိစိတ်ကို ပြောင်ပြောင်တင်းတင်း ရှာဖွေလိုက်၏။

မည်သည့်အရာကိုမှ မရရှိသောအခါ ပကတိအင်မော်တယ် ဝူဖုန့်သည် ထိုသူကို မုန့်ယောင် ရှေ့သို့ ပစ်ပေးလိုက်၏။

“နတ်မိမယ်.. ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး”

သူမက သူမ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ ထိုသူ၏ အသိစိတ်ကို စစ်ဆေးကြည့်လိုက်၏။

ဖြစ်စဉ်တစ်ခုလုံးမှာ ကောင်းကင်အင်မော်တယ်က လုံးဝ ခုခံခြင်း မရှိဘဲ သူ၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေ၏။

သိပ်မကြာခင် တတိယမြောက် ကောင်းကင်အင်မော်တယ်၏ အလှည့်သို့ ရောက်ရှိလာ၏။

ထိုသူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ ထက်ရှမှု အငွေ့အသက်တစ်ခု ရှိနေပြီး သူ့မှာ မာန်မာနကြီးသော အမူအရာတစ်ခု ရှိ၏။

အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အနက်ရောင်ဝတ်လူငယ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အဆင့်မြင့်အင်မော်တယ်တို့.. ကျေးဇူးပြုပြီး သနားညှာတာပေးပါ.. ကျုပ်က နတ်ဘုရားမိစ္ဆာ ဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်နဲ့ ရှေးဟောင်းဒုံမင်းကို ကွယ်ဝှက်ထားခြင်း မရှိဘူးလို့ ကျိန်ဆိုပါတယ်.. ကျုပ်ရဲ့ စကားက မဟုတ်မမှန်ခဲ့ရင်.. “

“ပါးစပ်ကို ပိတ်ထား”

ဓားအင်မော်တယ် ယွဲ့ဟွားက အနက်ရောင်ဝတ်လူငယ်ကို ဆွဲယူပြီး သူ၏ လည်ပင်းကို ဖမ်းဆုပ်ကာ ​လှောင်ရယ်လိုက်၏။

“မင်းရဲ့ ကျိန်ဆိုမှုက ငါ့ရဲ့ မျက်လုံးထဲမှာ ဘာတန်ဖိုးမှ မရှိဘူး”

အနက်ရောင်ဝတ်လူငယ်၏ မျက်နှာက နီမြန်းသွားပြီး သူ၏ နဖူးပေါ်မှာ အစိမ်းရောင် သွေးကြောများက ဖောင်းကြွလာ၏။ သူ၏ မျက်လုံးများက အမျက်ဒေါသဖြင့် ပြည့်နှက်နေပြီး သူက အဲဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်၏။

“ခင်.. ခင်ဗျားတို့တွေက အင်မော်တယ်ဂိုဏ်းက လူတွေပဲ.. ခင်ဗျားတို့တွေက… အဲ့လောက်ထိ စီးပိုးခြယ်လှယ်ပြီး.. အနိုင်အထက် ပြုကျင့်နေမယ်ဆိုရင် အဟွတ်.. ခင်ဗျားတို့တွေက… မိစ္ဆာလောကက ကျင့်ကြံသူတွေနဲ့ ဘာများကွာခြားဦးမှာလဲ”

“မင်းကတော့ သေချင်နေပြီပဲ”

ဓားအင်မော်တယ် ယွဲ့ဟွားက စကားတစ်ခွန်းသာ ပြောပြီး သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ကာ အနက်ရောင်ဝတ်လူငယ်၏ လည်ပင်းကို ခြေမွှပစ်လိုက်၏။ သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ထိုသူ၏ အမြုတေစိတ်ဝိညာဉ်ကပါ ကြေမွသွား၏။

ကောင်းကင်အင်မော်တယ်တစ်ယောက်က သေဆုံးသွားခဲ့လေပြီ။

ထိုသည်ကို တွေ့မြင်သောအခါ အခြားသော ကျင့်ကြံသူများ၏ မျက်နှာများက ဖြူဖပ်ဖြူလျော်ဖြစ်သွားကြ၏။

ဓားအင်မော်တယ် ယွဲ့ဟွားက ထက်ရှသော အကြည့်နှင့်အတူ လူတိုင်းကို စေ့စေ့စပ်စပ် ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းတို့တွေကို တစ်ခါတည်း ပြောလိုက်မယ်.. မိစ္ဆာလောကက လူတွေသာ ဒီကို ရောက်လာမယ်ဆိုရင် မင်းတို့တွေ အားလုံးက သေနှင့်နေတာ ကြာပြီ.. အဲဒါက ငါတို့ကြားက ကွာခြားချက်ပဲ”

“ငါတို့က မင်းတို့တွေရဲ့ အသက်ကို ချမ်းသာပေးထားတယ်ဆိုတာ အဲဒါ ငါတို့ရဲ့ သနားညှာတာမှုကို ပြပြီးနေပြီ.. မင်းတို့ ဆင်ဆင်ခြင်ခြင်နေတာ ပိုကောင်းလိမ့်မယ်”

ပကတိအင်မော်တယ် ဝူဖုန့်ကလည်း လူတိုင်းကို ငုံ့ကြည့်ပြီး သရော်ပြုံးပြုံးလိုက်၏။

ဆူဇီမိုက အေးစက်စက် အမူအရာနှင့်အတူ တိတ်တဆိတ် စောင့်ကြည့်နေ၏။

ကောင်းကင်အင်မော်တယ်ပညာရှင်များပင်လျှင် မည်သည့် ဂုဏ်သိက္ခာမှ မကျန်ရှိဘဲ ဓားအင်မော်တယ် ယွဲ့ဟွား၏ ရက်ရက်စက်စက် အနိုင်အထက်ပြုကျင့်ခြင်းကို ခံနေရ၏။

ပကတိအင်မော်တယ်ပညာရှင် သုံးဦး၏ မျက်လုံးများထဲရှိ အေးစက်မှုက နက်ရှိုင်းစွာ စွဲမြဲ၍ အမြစ်တွယ်နေခဲ့လေပြီ။

သူတို့၏ အပြုအမူများသည် လက်ရှိ ကျင့်ကြံသူများစွာကို ကြီးမားစွာ သနားညှာတာမှု ပြထားသည့်အလားပင်။

သို့သော်လည်း ဤကဲ့သို့ အရှက်ခွဲခံရပြီးနောက် လူတိုင်း၏ အမြုတေစိတ်ဝိညာဉ်များအပေါ် ပျက်စီးထိခိုက်မှုက အဓိက မဟုတ်ကြောင်း ဆူဇီမို သိထား၏။

ပို၍ အရေးကြီးသည်မှာ ကျင့်ကြံသူများ၏ တာအိုနှလုံးသားများထဲမှာ ဒဏ်ရာဒဏ်ချက်များ သေချာပေါက် ရှိလာမည်ဖြစ်ပြီး သူတို့၏ အနာဂတ် ကျင့်ကြံမှုအပေါ် သက်ရောက်မှု ရှိလာပေလိမ့်မည်။

သူတို့က မကောင်းသော ထိုသက်ရောက်မှုကို ချေဖျက်နိုင်ခြင်း မရှိလျှင် သူတို့၏ အနာဂတ် ကျင့်ကြံမှုမှာ သူတို့၏ အတွင်းစိတ် မိစ္ဆာနတ်ဆိုးများ ပေါ်ထွက်လာဖို့ အလွန်တရာ လွယ်ကူလေသည်။ သူတို့၏ တာအိုနှလုံးသားထဲရှိ အက်ကွဲကြောင်းများက တိုးလာပြီး နောက်ဆုံးမှာ သူတို့၏ တာအိုနှလုံးသားများက လဲပြိုကျသွားပေလိမ့်မည်။

ဆူဇီမိုသည်လည်း ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

All Chapters