← Chapters

နဂါးအလောင်း နိုးထလာခြင်း

Vol. 126 Ch. 1887

နဂါးအလောင်း နိုးထလာခြင်း

Vol. 126 Ch. 1887

သူသည် သူ့တာအိုနှလုံးသား၏ ထိခိုက်ဒဏ်ရာကို ပြန်လည်ပြုပြင်ပြီး သူ၏ အတွင်းစိတ်နတ်ဆိုးကို ချေဖျက်ချင်သည်ဆိုလျှင် အရိုးရှင်းဆုံးနည်းလမ်းမှာ ဓားအင်မော်တယ်ယွဲ့ဟွားကို ပြန်တိုက်ခိုက်၍ ဖိနှိမ်ဖို့ပင်ဖြစ်၏။

သို့သော်လည်း သူတို့နှစ်ယောက််ကြား ကွာဟချက်က အရမ်းကိုကြီးမားကြောင်း ဆူဇီမိုသိရှိထား၏။

သူက သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူသည် ဓားအင်မော်တယ်ယွဲ့ဟွားထံမှ လက်ညိုးတစ်ချောင်းကိုပင် ခုခံနိုင်မည်မဟုတ်ပေ။

ထိုစဥ်မှာပင် ဆူဇီမို၏ အသိစိတ်ထဲရှိ စတုရန်းကြေးမီးဖိုက သူ၏ အတွေးများကို အာရုံခံမိသွားပုံရပြီး သူ့ဘာသာသူ ပျံသန်းထွက်ပေါ်လာ၏။

စတုရန်းကြေးမီးဖိုက ဆူဇီမိုကို လှည့်ပတ်ပြီးနောက် အနောက်ဘက်သို့ပျံသန်းသွား၏။

ဆူဇီမိုက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ကောင်းကောင်းမလှုပ်ရှားနိုင်ပေ။ သူက အံကိုကြိတ်၍ သူ၏ နောက်ဘက်သို့ အနိုင်နိုင်လှည့်ကြည်လိုက်ရ၏။

ဤနေရာက အလွန်တရာကြီးမားပြီး ဆူဇီမို၏ နောက်ဘက်တွင် တိမ်စိုင်များကြားထိ ဆန့်တန်းသွားသော တောင်ကြောရိုးတစ်ခုရှိနေ၏။

တောင်ကြောရိုးက စိမ်းစို၍ သစ်ပင်ဝါးပင်များဖြင့်ပြည့်နှက်နေ၏။ သို့သော်လည်း ဘာကြောင့်ရယ်မသိ အဆုံးမဲ့တောင်ကြောရိုးထံမှ သေခြင်းအော်ရာတစ်ခုဖြာထွက်နေ၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ စစ်ဆေးကြည့်ရှုပြီး အဲ့ဒီမှာ မည်သည့်ကျေးငှက်၊ မည်သည့်တောကောင် သို့မဟုတ် မည်သည့်သက်ရှိကိုမှ မတွေ့မြင်ရပေ။

တောင်ကြောရိုးက အလွန်တရာမတ်စောက်သော တောင်ထွတ်များနှင့်အတူ စီတန်းနေ၏။

တောင်များကို တောင်ကြောရိုးပေါ်တွင် ထောင်မတ်ထားသော ဧရာမဓားများဟုပင် ဖော်ပြနိုင်၏။

စတုရန်းကြေးမီးဖိုက တောင်ကြောရိုး၏ ရှေ့သို့ ရောက်ရှိလာပြီး ရပ်တန့်သွားသည်။

ဆူဇီမိုက အကြောင်းအရင်းကို မသိရပေ။

ရုတ်တရက်ဆိုသလို...။

စတုရန်းကြေးမီးဖိုက အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး တောင်ကြောရိုး၏ အလယ်ကို ပစ်ဆောင့်ချလိုက်၏။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

ချက်ချင်းပင် မြေပြင်က လှုပ်ခါ၍ နေရာတစ်ခုလုံးက ခါယမ်းသွား၏။

ဆူဇီမိုက တုန်လှုပ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ အသူရာချောက်နက်ဘက်ရှိလူတိုင်းကို လှည့်ကြည့်လိုက်၏။

စတုရန်းကြေးမီးဖိုသည် ဤကဲ့သို့ အုတ်အော်သောင်းနင်းအခြေအနေတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားနှစ်ယောက်က သတိထားမိသွားမည်ဆိုလျှင် ကိစ္စများက ဆိုးရွားလာပေတော့မည်။

သို့သော် မကြာခင်... ဆူဇီမိုက စိတ်သက်သာရသွား၏။

အသူရာချောက်နက်ထဲတွင် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားနှစ်ယောက်သည် ကျင့်ကြံသူများ၏ စိတ်ဝိညာဥ်များကို ရှာဖွေနေကြဆဲ ဖြစ်၏။

သူတို့က မည်သည့်အရာကိုမှ သတိမထားမိသည့်ပုံပင်။

ဆူဇီမိုက တွေဝေငေးမောသွား၏။

သူသည် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများနှင့် ပေတစ်ရာပင် မကွာဝေးပေ။ သူတို့ကြားမှာ နံရံတစ်ခုသာခြားထားသည်ဟု ထင်ရသော်လည်း ထိုသူများသည် ဤနေရာ၏ တည်ရှိမှုကို လုံးဝအာရုံမခံမိနိုင်ကြပေ။

ဒါက ဘယ်လိုနေရာမျိုးပါလိမ့်။

ရှေးဟောင်းအပျက်အစီးနယ်မြေလား...။

ဘိုးဘေးအထွတ်အမြတ်ကုန်းမြေတစ်ခုလား။

ဘုန်း...

နောက်ထပ် ကျယ်လောင်သောမြည်သံတစ်သံက သူ့နောက်ဘက်ကနေ ထွက်ပေါ်လာ၏။

စတုရန်းကြေးမီးဖိုက ဧရာမတောင်ကြောရိုးကို နောက်တစ်ဖန်ပစ်တိုက်လိုက်ခြင်းဖြစ်၏။ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများက ကြေမွသွားပြီး လိမ့်ဆင်းလာခဲ့၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

စတုရန်းကြေးမီးဖိုက အသိစိတ်ရှိလာခဲ့ပြီဖြစ်ပြီး အဲ့ဒါကို ပြုလုပ်သည်မှာ အကြောင်းအရင်းတစ်ခုရှိရပေမည်။

သို့သော်လည်း ဆူဇီမိုက ထိုအကြောင်းအရင်းကို မဖော်ထုတ်နိုင်ပေ။

ဘုန်း... ဘုန်း... ဘုန်း...

စတုရန်းကြေးမီးဖိုက ရပ်တန့်မည့်မည်သည့်လက္ခဏာမှ မပြသဘဲ တောင်ကြောရိုးကို ထိုးဖောက်ချင်နေသည့်အလား ထပ်တလဲလဲပစ်ဆောင့်နေ၏။

တောင်ကြောရိုးပေါ်တွင် အက်ကွဲကြောင်းများက တိုးလာပြီး ဆူဇီမိုသည် တစ်စုံတစ်ရာထူးဆန်းနေသည်ကို တဖြည်းဖြည်းသတိထားမိလာ၏။

ရှေးဟောင်းသစ်ပင်များနှင့် ကျောင်တုံးကျောက်ခဲများစွာက လိမ့်ဆင်းလာပြီးနောက် တောင်ကြောရိုးထံမှ ရွှေညိုရောင်အလင်းတစ်ခုကို ခပ်ရေးရေးမြင်လာရ၏။

သို့သော်လည်း စတုရန်းကြေးမီးဖို၏ အဆက်မပြတ်ပစ်ဆောင့်မှုအောက်မှာ ဖုန်လုံးများက တထောင်းထောင်းထနေပြီး ဆူဇီမိုက အရာရာတိုင်းကို ရှင်းလင်းစွာမတွေ့မြင်ရပေ။

တောင်ကြောရိုးထဲမှာ ဘာရှိနေသည်ကို သူက မသိရပေ။

ဘုန်း... ဘုန်း... ဘုန်း...

စတုရန်းကြေးမီးဖိုသည် အဆက်မပြတ်ရိုက်ခတ်နေဆဲ ဖြစ်၏။

တောင်ကြောရိုးထက်မှာ တိမ်စိုင်များကြားထိ ငွားငွားစွင့်စွင့် မြင့်မားသော တောင်ထွတ်များသည်လည်း စတင်ကြေမွလာပြီး မြောက်မြားလှစွာသော ကျောက်တုံးကျောက်ခဲများက လိမ့်ဆင်းလာ၏။

ထူးဆန်းသောအရာမှာ တောင်ထွတ်များက လုံးဝပြိုကျမသွားခြင်းပင်။

တောင်ထွတ်များ၏ မျက်နှာပြင်ပေါ်ရှိ ကျောက်တုံးကျောက်ခဲများက လိမ့်ဆင်းလာပြီးနောက် သူတို့၏ အစစ်အမှန်သွင်ပြင်က ပေါ်ထွက်လာခဲ့၏။

အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုသည် သူ၏ ဒဏ်ရာအပြင်းအထန်ရရှိထားသော ခန္ဓာကိုယ်ကို လောလောဆယ်မှာ စွန့်ခွာလိုက်၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး တောင်ကြောရိုးရှေ့သို့ ရောက်ရှိလာကာ တစ်ချက်ကြည့်လိုက်၏။

“ဟာ...”

ထိုတောင်ထွတ်များသည် အလွန်တရာကြောက်စရာကောင်းသောပုံစံတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ ငွားငွားစွင့်စွင့် ပေါ်ထွက်နေသည့် ရွှေညိုရောင်ဧရာမအရိုးဆူးချွန်များဖြစ်နေ၏။

ဧရာမအရိုးဆူးချွန်များက ပေတစ်ထောင်နီးပါးထိ မြင့်မားလေသည်။

ဆူဇီမိုက ငုံ့ကြည့်လိုက်ပြီး တောင်ကြောရိုးထဲမှာ ပေါ်ထွက်လာသည့် ရွှေရောင်အလင်းများက ဧရာမကြေးခွံများဖြစ်နေသည်ကို တွေ့မြင်လိုက်ရ၏။

ကြေးခွံများပေါ်ရှိ အလင်းရောင်က သိသိသာသာမှိန်ဖျော့နေပြီး မည်သည့်အသက်ဓာတ်မှ မရှိတော့ပေ။

သို့သော်လည်း သူတို့ထုတ်ဖော်ပေးနေသည့်အော်ရာက တစ်မူထူးခြားနေဆဲ ဖြစ်၏။

အဲ့ဒါက နဂါးမျိုးနွယ်၏ အော်ရာဖြစ်၏။

ဆူဇီမိုက ကြက်သေသေနေ၏။

သူကနောက်ဆုံးမှာ နားလည်သဘောပေါက်သွားပြီဖြစ်၏။

အဲ့ဒါသည် အဆုံးမဲ့တောင်ကြောရိုးတစ်ခုမဟုတ်ဘဲ ဧရာမနဂါးတစ်ကောင်၏ ရုပ်ကလာပ်အလောင်းဖြစ်နေသည်။

နဂါး၏ ကျောပေါ်ကနေ ကောင်းကင်ထက်သို့ ပြူထွက်နေသည့် ကြောက်စရာကောင်းသော အရိုးဆူးချွန်များကပင် ပေတစ်ထောင်နီးပါးရှည်လျားလေသည်။ ဤနဂါး၏ ခန္ဓာကိုယ်က ဘယ်လောက်တောင်ကြီးမားနေလိုက်မလဲ။

တစ်ချိန်တည်းမှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို အတည်ပြုနိုင်သွား၏။

စတုရန်းကြေးမီးဖိုသည် သူ့ကို နဂါးအသူရာချောက်နက်ကြယ်သို့ ခေါ်ဆောင်လာခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ပေ။

၎င်း၏ အစစ်အမှန်ရည်ရွယ်ချက်မှာ သူ့ရှေ့တွင်ရှိသော ဤဧရာမနဂါးအလောင်းဖြစ်ကောင်းဖြစ်နိုင်သည်။

ဆူဇီမိုသည် ဤနေရာသို့ ဝင်ရောက်လာနိုင်သည့် အကြောင်းရင်းမှာ စတုရန်းကြေးမီးဖိုနှင့် သူ၏ အမြုတေစိတ်ဝိညာဥ်ထဲရှိ နဂါးဖီးနစ်အော်ရာကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

နဂါးအလောင်းသည် ဤနေရာမှာတည်ရှိနေခဲ့သည်မှာ ဘယ်လောက်ကြာသွားခဲ့ပြီလည်း မသိရပေ။ ဤနှစ်များအတွင်း ၎င်းပေါ်သို့ တဖြည်းဖြည်းစုတက်လာသည့် ဖုန်မှုန့်များကပင် မြေဆီလွှာများနှင့် ကျောက်သားစိုင်များအဖြစ် ပြောင်းလဲသွားပြီး သစ်ပင်ဝါးပင်များက ပေါက်ရောက်နေပြီဖြစ်၏။

သို့သော်လည်း နဂါးအလောင်းက ပုပ်သိုးဆွေးမြည့်သွားခြင်းမရှိဘဲ ယခုအချိန်ထိ အကောင်းတိုင်းကျန်ရှိနေဆဲ ဖြစ်၏။

အဲ့ဒါသည် နဂါးမျိုးနွယ်မှ ဦးချိုနဂါးမျိုးရိုးဖြစ်၏။ သူတို့၏ ကိုယ်ကာယက အသန်မာဆုံးဖြစ်ပြီး တုန်လှုပ်စရာကောင်းလောက်အောင် မာကြောသော ကြေးခွံများက သူတို့၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထား၏။

အဲ့ဒါသည် နဂါးတစ်ကောင်၏ အလောင်းဖြစ်ပြီး ရေခဲတောင်၏ ထိပ်ဖျားမျှသာဖြစ်သော်လည်း ဤနဂါးအလောင်းထံမှ ဓားအင်မော်တယ်ယွဲ့ဟွားတို့သုံးယောက်နှင့် ဆင်တူသောဖိအားတစ်ရပ်ကို ဆူဇီမိုက ခံစားမိနိုင်၏။

အသက်ရှင်ခဲ့စဥ်က ဤနတ်နဂါး၏ တိုက်ခိုက်ရည်ခွန်အားသည် ဓားအင်မော်တယ်ယွဲ့ဟွားတို့ထက် သေချာပေါက်နိမ့်ကျလိမ့်မည် မဟုတ်ပေ။

တကယ်ဆို... ၎င်းသည် အပြင်ဘက်ရှိ ပကတိအင်မော်တယ် သုံးယောက်ထက်ပင် ပို၍ကြောက်စရာကောင်းနေနိုင်၏။

“ဒီနဂါးအလောင်းက ပုပ်လည်းမပုပ်ဘူး... ပျက်စီးမှုလည်းမရှိသေးဘူး... ငါက ဒီနဂါးအလောင်းကို ထိန်းချုပ်နိုင်မယ်ဆိုရင် အပြင်ဘက်မှာရှိတဲ့ ပကတိအင်မော်တယ်သုံးယောက်နဲ့ တိုက်ခိုက်နိုင်လောက်တယ်”

ဆူဇီမိုက တီးတိုးရေရွတ်ပြီးနောက် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ကံမကောင်းတာကတော့ ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်က အရမ်းကိုအားနည်းနေတာပဲ ငါက အဲ့ဒီနဂါးအလောင်းကို ကောင်းကောင်းထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်မှာ နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ပါဝင်ပြီး မည်သည့်ခုခံမှုမှမရှိဘဲ ဤနဂါးအလောင်းနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်၏။

သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် နဂါးအလောင်းကြား ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က အရမ်းကိုကြီးမားနေ၏။

သူ့ရှေ့မှနဂါးအလောင်းသည် ပကတိဧကနယ်ပယ် သို့မဟုတ် နဂါးဘုရင်အဆင့်မှာရှိခဲ့သော ဦးချိုနဂါးတစ်ကောင်၏ အလောင်း ဖြစ်နိုင်လေသည်။

သို့သော်လည်း ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က မဟူရာအမြုတေနယ်ပယ်မှာသာရှိနေ၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က ဦးချိုနဂါးအလောင်းနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်မည်ဆိုလျှင်တောင် သူက ဤနဂါးအလောင်းကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သူသည် တိုက်ခိုက်ဖို့နေနေသာ နဂါးလက်သည်းတစ်ဖက်ကိုပင် လှုပ်ရှားနိုင်ချင်မှ လှုပ်ရှားနိုင်ပေလိမ့်မည်။

ထိုစဥ်မှာပင် စတုရန်းကြေးမီးဖို၏ အပြင်ဘက်ရှိ မိုးပြာနဂါးက ၎င်း၏ မျက်လုံးနှစ်ဖက်ကို တစ်ဖန်ပြန်ဖွင့်ပြီး ဖြည်းဖြည်းချင်းကြွတက်လာ၏။

မိုးပြာနဂါးနှင့် နတ်ဘုရားမိစ္ဆာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကြားတိုက်ပွဲသည် စွမ်းအင်မြောက်မြားစွာကို ကုန်ဆုံးစေခဲ့၏။

၎င်းသည် ဓားအင်မော်တယ်ယွဲ့ဟွားကို လုံးဝအနိုင်​ယူနိုင်ခြင်း မရှိပေ။

မိုးပြာနဂါးက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

ထိုအခိုက်အတန့်မှာ မိုးပြာနဂါးသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကို ရစ်ပတ်ကာ ဦးချိုမဲ့နဂါး၏ အလောင်းထဲသို့ ပျံသန်းသွားပြီး ၎င်း၏ အသိစိတ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွား၏။

ဆူဇီမိုက နဂါးအလောင်း၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသောအခါ တုန်လှုပ်သွား၏။

ထိုအသိစိတ်က အလွန်တရာကျယ်ပြောပြီး အကန့်အသတ်မဲ့နေ၏။ အဲ့ဒါက သေခြင်းအော်ရာနှင့်အတူ မှောင်မည်းနေသော်လည်း ၎င်းက လုံးဝညှိုးခြောက်နေခြင်း မရှိပေ။ မိုးပြာနဂါးက ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကို ထိုအသိစိတ်ထဲသို့ ခေါ်ဆောင်လာသောအခါ ရွှေရောင်အလင်းအစက်အပြောက်များက ပေါ်ထွက်လာပြီး တဖြည်းဖြည်းလင်းလက်လာ၏။

နောက်ခဏ၌ ဧရာမနဂါးအလောင်းက ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

တောင်များကပြိုကျသွားပြီး မြေပြင်က ဖွတ်ဖွတ်ညက်ညက် ကြေမှုန့်သွား၏။

All Chapters