← Chapters

ကြီးမားသော တိုက်ပွဲ

Vol. 126 Ch. 1888

ကြီးမားသော တိုက်ပွဲ

Vol. 126 Ch. 1888

အသူရာချောက်နက်၏ အဆုံး၌…

ဓားအင်မော်တယ်ယွဲ့ဟွား၊ ပကတိအင်မော်တယ် ဝူဖုန့်နှင့် မုန့်ယောင်တို့က ကောင်းကင်နှင့်မြေကြီး အင်မော်တယ်များစွာထံကနေ နတ်ဘုရားမိစ္ဆာဝိညာဉ်ဆင့်ခေါ် အောင်လံတံခွန်ကို ရှာဖွေနေကြဆဲဖြစ်၏။

အချိန်တိုအတွင်းမှာပင် ပကတိအင်မော်တယ် သုံးယောက်သည် လက်ရှိလူများထဲမှ ထက်ဝက်ကျော်ကို ရှာဖွေခဲ့ပြီးပြီဖြစ်သော်လည်း အချည်းနှီးသာ ဖြစ်နေ၏။

ပကတိအင်မော်တယ် ဝူဖုန့်၏ မျက်နှာပေါ်တွင် စိတ်မရှည်နိုင်သည့် အရိပ်အယောင်တစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာ၏။

“တစ်ယောက်ယောက်က ရတနာတွေကို ယူပြီး ဒီနေရာကနေ ထွက်သွားပြီများလား”

ပကတိအင်မော်တယ် ဝူဖုန့်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“တကယ်တော့ အဲဒါက ဖြစ်နိုင်တယ်.. မင်း အဲ့ဒါကို တခြားနေရာမှာ သွားရှာကြည့်သင့်တယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက မှင်သေသေဖြင့် ပြန်ပြောလိုက်၏။

တကယ်တော့ နတ်နဂါးတစ်ကောင်သည် နတ်ဘုရားမိစ္ဆာဝိညာဉ်ဆင့်ခေါ်အောင်လံတံခွန်နှင့်အတူ အသူရာချောက်နက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။

သန့်စင်ယန်ဓမ္မရတနာတစ်ခုက လေထဲမှာ ပျောက်ကွယ်သွားခြင်း မဟုတ်လျှင် ဤနေရာမှာ ရှိနေရဦးမည် ဖြစ်၏။

သို့သော်လည်း ပကတိအင်မော်တယ် ဝူဖုန့်က ဤကဲ့သို့ပင် လက်လျှော့လိုက်မည်ဆိုလျှင် ဓားအင်မော်တယ်ယွဲ့ဟွားက သူ့ကို တားဆီးလိမ့်မည် မဟုတ်ပေ။

ရုတ်တရက်ဆိုသလို..

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မုန့်ယောင်က မျက်မှောင် အနည်းငယ်ကြုတ်ကာ မေးလိုက်၏။

“တာအိုရောင်းရင်းတို့.. ရှင်တို့ အသံတစ်ခုခု ကြားလိုက်ရလား”

သူမသည် သူမ၏ ဒုံမင်းနှင့်အတူ တာအိုကို ရှာဖွေခဲ့ပြီး အသံများနှင့် ပတ်သက်၍ အာရုံခံစားနိုင်မှု အမြင့်ဆုံးဖြစ်၏။

စောစောက သူမသည် နဂါးဟိန်းသံတစ်သံကို ခပ်သဲ့သဲ့ ကြားလိုက်ရ၏။

သို့သော်လည်း သူမ အာရုံစိုက်၍ နားထောင်ကြည့်သောအခါ နဂါးဟိန်းသံက ပျောက်ကွယ်သွားခဲ့၏။ အဲဒါက သူမ၏ ထင်ယောင်ထင်မှား ခံစားချက်တစ်ခုအလားပင်။

“ဘာကို ကြားရမှာလဲ”

ပကတိအင်မော်တယ် ဝူဖုန့်က ခေါင်းခါပြလိုက်၏။

ရုတ်တရက် ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး အလေးအနက် စဉ်းစားတွေးတောလိုက်၏။

သူသည် စောစောက တစ်စုံတစ်ရာကို မကြားခဲ့ရသော်လည်း ဘာကြောင့်ရယ်မသိ သူက ရင်တထိတ်ထိတ် ခံစားလာရ၏။

ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပွားလာတော့မည့်အလားပင်။

သူတို့၏ ကျင့်ကြံမှုအဆင့်အရ ဤကဲ့သို့သော ခံစားချက်မျိုးသည် အကြောင်းရင်းမရှိဘဲ သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ အဲဒါက အချက်ပြမှုတစ်ခု ဖြစ်၏။

ရုတ်တရက်ဆိုသလို…

ကြီးမားသော အရိပ်တစ်ခုက အသူရာချောက်နက်၏ အထက်မှာ ပေါ်ထွက်လာပြီး အလင်းရောင်များကို ပိတ်ဆို့လိုက်၏။

ကျင့်ကြံသူများစွာက အလိုလိုမော့ကြည့်လိုက်ကြ၏။

“ဟာ..”

လူတိုင်းက တုန်လှုပ်စွာဖြင့် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားနှစ်ယောက်ပင်လျှင် တုန်လှုပ်သွားရ၏။ သူတို့၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ် လှုပ်သွားပြီး သူတို့၏ မျက်လုံးထဲရှိ နက်ရှိုင်းသော အကြောက်တရားနှင့်အတူ သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

မသိလိုက် မသိဘာသာနှင့်ပင် ရွှေရောင် နတ်နဂါးတစ်ကောင်က မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာပြီဖြစ်၏။

နတ်နဂါးပေါ်ရှိ ကြေးခွံများက အနည်းငယ် မှိန်ဖျော့နေ၏။ သို့သော်လည်း ကြေးခွံတစ်ခုချင်းစီက မနှိုင်းယှဉ်သာအောင် ကြီးမားပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့် ပြည့်လျှမ်းနေ၏။

နတ်နဂါးက အသူရာချောက်နက်၏ အထက်မှာ လှည့်ပတ်ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က အဆုံးမရှိ ဖြန့်ကြက်နေ၏။ အဲဒါက ပေတစ်သိန်း ရှည်လျားလေသည်။

၎င်း၏ ကျောပေါ်ရှိ ထက်ရှသော ရွှေရောင် အရိုးဆူးချွန်များက ပေါ်ထွက်နေပြီး လေဟာနယ်နှင့် သက်ရှိများ အားလုံးကို ထိုးဖောက်နိုင်သည့်အလားပင်။

နတ်နဂါးက အရမ်းကို ကြီးမားလွန်းနေ၏။ ၎င်း၏ ခန္ဓာကိုယ်ကို အပြည့်အဝ ဆန့်ထုတ်လိုက်မည်ဆိုလျှင် နဂါးအသူရာချောက်နက်ကြယ်၏ ထက်ဝက်လောက်ကိုပင် ရောက်ရှိသွားနိုင်လောက်၏။

နတ်နဂါးက သက်ရှိများ အားလုံးကို အုပ်စိုးသော နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်စက် အကြည့်တစ်ခုနှင့်အတူ ချောက်နက်ထဲရှိ ကျင့်ကြံသူများစွာကို ငုံ့ကြည့်လိုက်၏။

“ဒီနေရာမှာ ဦးချိုနဂါးတစ်ကောင်က ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”

မုန့်ယောင်က သုန်မှုန်နေသော အမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“မဟုတ်သေးဘူး.. ဒီဦးချိုနဂါးက တစ်နည်းတစ်ဖုံ ထူးဆန်းနေတယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

ဦးချိုနဂါးကနေ ထုတ်ဖော်ထားသည့် စွမ်းအားက ပကတိအင်မော်တယ် သုံးယောက်ထက်ပင် ပို၍ သာလွန်နေ၏။ သို့သော်လည်း ဦးချိုနဂါး၏ အော်ရာက သေခြင်း အငွေ့အသက်တစ်ခုနှင့် ပြည့်နှက်နေ၏။

ဒါ့အပြင် ပကတိအင်မော်တယ် သုံးယောက်သည် ဦးချိုနဂါး၏ ကျင့်ကြံမှုအဆင့်ကို​ မထောက်လှမ်းနိုင်ကြပေ။

“နဂါးမျိုးနွယ်က တာအိုရောင်းရင်း.. ခင်ဗျားက နဂါးကမ္ဘာကနေ လာတာလား.. ကျုပ်က ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”

ပကတိအင်မော်တယ် ဝူဖုန့်က မဆင်မခြင် ပြုမူခြင်း မရှိဘဲ စကားထောက်ကြည့်လိုက်၏။

ရွှေရောင် ဦးချိုနဂါးက တိတ်ဆိတ်ငြိမ်သက်နေ၏။

ဤဦးချိုနဂါးကို ဆူဇီမိုနှင့် မိုးပြာနဂါးက ထိန်းချုပ်နေခြင်း ဖြစ်၏။

သူတို့သုံးယောက်သည် ရွှေရောင် ဦးချိုနဂါး၏ ကျင့်ကြံမှုအဆင့်ကို မထောက်လှမ်းနိုင်ရသည့် အကြောင်းရင်းမှာ ၎င်းသည် အစကတည်းက သေပြီးသား အလောင်းတစ်လောင်း ဖြစ်နေသောကြောင့်ပင်။

မည်သို့ပင်ဆိုစေ.. ဦးချိုနဂါးတစ်ကောင်က ဤနေရာမှာ ပေါ်ထွက်လာလိမ့်မည်ဟု ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားနှစ်ယောက်က ထင်မှတ်မထားမိပေ။

အဲဒါထက် တစ်ယောက်ယောက်က ဦးချိုနဂါးတစ်ကောင်၏ အလောင်းကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူတို့က စဉ်းစားမိလိမ့်မည် မဟုတ်ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ကောင်းကင်ထက်ရှိ ဦးချိုနဂါးကို စိုက်ကြည့်ပြီး သူ၏ အကြည့်က အေးစက်လာကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒါက နဂါးကမ္ဘာ မဟုတ်ဘူး.. ခင်ဗျားက ကျုပ်တို့ရဲ့ ရတနာတွေကို လုယူဖို့ မကြိုးစားခင် ခင်ဗျား သေသေချာချာ စဉ်းစားသင့်တယ်”

“ဂါး…”

ရွှေရောင် ဦးချိုနဂါးက ဓားအင်မော်တယ်ယွဲ့ဟွားဘက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

“အား..”

စူးစူးဝါးဝါး အော်သံများက အသူရာချောက်နက်ထဲကနေ ဆက်တိုက်ထွက်ပေါ်လာ၏။

ကောင်းကင်အင်မော်တယ်များစွာသည် နာကျင်နေသော အမူအရာများနှင့်အတူ ယိမ်းထိုးသွားပြီး လေထဲကနေ ဆင်းသက်လာကြ၏။

ကောင်းကင်အင်မော်တယ်များပင် ထိုသို့ဆိုပါက ကမ္ဘာမြေအင်မော်တယ်ပညာရှင်များအတွက် ပို၍ ဆိုးဝါးလေသည်။ သူတို့၏ နားများမှ သွေးများက စီးကျလာပြီး သူတို့သည် ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာများနှင့်အတူ လေထဲကနေ ပြုတ်ကျလာ၏။

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပကတိအင်မော်တယ် ဝူဖုန့်တို့ကလည်း ခပ်သဲ့သဲ့ ညည်းတွားလိုက်ရ၏။

မုန့်ယောင်က တေးဂီတမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး သူမ၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်လေသည်။ နဂါးဟိန်းသံ ထွက်ပေါ်လာသည့် ခဏမှာပင် သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ ဒုံမင်းတစ်လက်ကို ထုတ်ယူပြီး သူမ၏ သေးသွယ်သော လက်ချောင်းများနှင့်အတူ အဲဒါကို တီးခတ်လိုက်၏။

ရှင်းလင်းသော ဒုံမင်းသံက နဂါးဟိန်းသံနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး သက်ရောက်မှု အများစုကို ချေဖျက်လိုက်၏။

ရွှေရောင် ဦးချိုနဂါးက ဓားအင်မော်တယ်ယွဲ့ဟွားထံသို့ ကြမ်းကြုတ်ခက်ထန်စွာ ထိုးဆင်းလာခဲ့၏။

ဦးချိုနဂါးက သေဆုံးခဲ့ပြီးသားဖြစ်၏။ သူ့မှာ မိုးပြာနဂါး၏ အကူအညီရှိသော်လည်း ဆူဇီမိုသည် ဤနဂါးအလောင်းကို အနိုင်နိုင်သာ ထိန်းချုပ်နေရ၏။

သူသည် မည်သည့် နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့် ဓမ္မပညာရပ်ကိုမှ အသုံးပြုနိုင်ခြင်း မရှိဘဲ သူ၏ စွမ်းအားကြီးမားသော နဂါးခန္ဓာနှင့်အတူ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရုံသာ တတ်နိုင်လေသည်။

“သတ်”

ဓားအင်မော်တယ်ယွဲ့ဟွားက အော်ငေါက်လိုက်ပြီး သူ၏ နှာရောင်က တလက်လက် အလင်းတစ်ခုဖြင့် တောက်ပလာကာ ဓားတစ်လက်က လျင်မြန်စွာ ပျံသန်းထွက်ပေါ်လာ၏။

ဓားက တလက်လက် တောက်ပနေပြီး ထွက်ပေါ်လာသည့် ခဏမှာပင် ၎င်းက အေးစက်နေသော စိတ်ဆန္ဒတစ်ခုနှင့်အတူ အဆက်မပြတ် တုန်ခါနေ၏။

“လမင်းအမြုတေဓား”

ထိုဓားကို တွေ့မြင်သောအခါ ပကတိအင်မော်တယ် ဝူဖုန့်က စိုးရိမ်ပူပန်သော အမူအရာနှင့် သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။

လမင်းအမြုတေဓားသည် ဓားအင်မော်တယ်ယွဲ့ဟွားကို နာမည်ကြီးကျော်ကြားစေခဲ့သော ဓမ္မရတနာဖြစ်၏။ ၎င်းက မနှိုင်းယှဉ်သာအောင် ထက်ရှပြီး အလွန်တရာ အားကောင်းသော ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ သန်မာသော ရန်သူပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့၏။

ရွှေရောင် ဦးချိုနဂါး၏ တိုက်ခိုက်မှုတွင် ဓားအင်မော်တယ်ယွဲ့ဟွားက အကြောက်အလန့်ကင်းမဲ့ပြီး တောက်ပသော အကြည့်နှင့်အတူ အပေါ်သို့ ပင့်ကာ ခုတ်ပိုင်းချလိုက်၏။

ဓားအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

အဲဒါက အရမ်းကို မြန်ဆန်သည်။

၎င်းသည် အစစ်အမှန် ရွှေရောင် ဦးချိုနဂါးတစ်ကောင် ဖြစ်မည်ဆိုလျှင် ၎င်းသည် အဲဒါကို ရှောင်တိမ်းနိုင်ကောင်း ရှောင်တိမ်းနိုင်ပေလိမ့်မည်။

သို့သော် ယခု ရွှေရောင် ဦးချိုနဂါးကို ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က ထိန်းချုပ်နေခြင်းသာ ဖြစ်၏။ သူက ဓားအင်မော်တယ်ယွဲ့ဟွား၏ တိုက်ခိုက်မှုကို အာရုံခံမိသည်ဆိုလျှင်တောင် သူ၏ တုံ့ပြန်မှုက နှေးကွေးသွားခဲ့၏။

ရွှေရောင် ဦးချိုနဂါးသည် ၎င်း၏ ဦးခေါင်းကိုသာ အနည်းငယ် ငုံ့လိုက်နိုင်၏။

ချွမ်း..

ဓားအလင်းက ရွှေရောင် ဦးချိုနဂါး၏ ဦးခေါင်းနှင့် ထိခတ်မိပြီး မီးပွားများက လွင့်စင်ထွက်ကာ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာ၏။

“ဟမ်”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက ပြောင်းလဲသွား၏။

သူ၏ လမင်းအမြုတေဓားသည် သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခု မဟုတ်သော်လည်း ၎င်းသည် ကပ်ဘေးရှစ်ခု စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်၏။ သူ ကျင့်ကြံထားသော ကျင့်ကြံရေး နည်းစနစ်နှင့် ပေါင်းစပ်လိုက်သောအခါ သူနှင့် ကျင့်ကြံမှု နယ်ပယ်တူမှာ ရှိသော နဂါးများပင်လျှင် ထိုခုတ်ချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ့ရှေ့မှာ ရှိသော ရွှေရောင် ဦးချိုနဂါးက လုံးဝ ထိခိုက်ခံရခြင်း မရှိပေ။

ဆူဇီမိုက ကျေနပ်သဘောကျသွား၏။

အဲဒါက နဂါးအလောင်းတစ်လောင်းသာ ဖြစ်သော်လည်း ၎င်း၏ ခွန်အားက သူ တွေးထင်ထားသည်ထက် များစွာကျော်လွန်နေ၏။

ရွှေရောင် ဦးချိုနဂါးသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ ခုတ်ချက်ကို ခုခံပြီး တစ်ခဏချင်းမှာပင် သူ့ရှေ့သို့ ရောက်ရှိလာခဲ့၏။ ၎င်း၏ ဦးခေါင်းထက်ရှိ နဂါးဦးချိုများက ထိုသူ့ထံသို့ ပစ်ဆောင့်လာခဲ့၏။

ဓားအင်မော်တယ်ယွဲ့ဟွားအနေဖြင့် ရှောင်တိမ်းဖို့အတွက် နောက်ကျလွန်းသွားခဲ့လေပြီ။

သူက လမင်းအမြုတေဓားကိုသာ လှည့်ပြီး သူ့ရှေ့မှာ ကန့်လန့်ဖြတ် ကာလိုက်နိုင်၏။

ဘုန်း..

ရွှေရောင် ဦးချိုနဂါး၏ ကြီးမားသော ဦးချိုနှစ်ဖက်က လမင်းအမြုတေဓား၏ အလယ်ကို ပြင်းထန်စွာ ပစ်ဆောင့်လိုက်၏။

ဓားသွားက မြင်နိုင်သော နှုန်းထားဖြင့် ချိုင့်ဝင်သွားပြီး နောက်ခဏ၌ ကျိုးပဲ့တော့မည့်အလား ကြောက်စရာကောင်းလောက်အောင် ကွေးညွှတ်သွား၏။

ဘန်း..

သူ၏ လမင်းအမြုတေဓားနှင့် ခုခံလိုက်တာ​တောင် ဓားအင်မော်တယ်ယွဲ့ဟွားသည် သိပ်သည်းပြင်းထန်သော အင်အားနှင့် ရိုက်ခတ်မှုမှာ လွင့်စင်ထွက်သွားရဆဲဖြစ်၏။ သူက သူ့နောက်ဘက်တွင်ရှိသော ချောက်နက်၏ နံရံနှင့် ဆိုးဆိုးရွားရွား ပစ်ဆောင့်မိသွားသည်။

“တာအိုရောင်းရင်းတို့… ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ”

ဓားအင်မော်တယ်ယွဲ့ဟွားက ကျောက်နံရံကနေ သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ ရုန်းထွက်လာပြီး အေးစက်စွာ ပြောလိုက်၏။

“နတ်ဘုရားမိစ္ဆာဝိညာဉ်ဆင့်ခေါ်အောင်လံတံခွန်က အဲဒီနတ်နဂါးဆီမှာ ရှိနေရမယ်”

“အဲဒီနတ်နဂါးကို သတ်ပြီး ကျုပ်တို့ သုံးယောက်က သူ့ရဲ့ ရတနာတွေကို အညီအမျှ ခွဲဝေယူကြမယ်”

ပကတိအင်မော်တယ် ဝူဖုန့်နှင့် မုန့်ယောင်တို့က စိတ်ယိုင်လာကြ၏။

All Chapters