← Chapters

နွမ်းပါးသော ကောင်းကင်တာအို

Vol. 72 Ch. 1067

နွမ်းပါးသော ကောင်းကင်တာအို

Vol. 72 Ch. 1067

ထုံလင်က အကြောင်းတစ်ခုခုကြောင့် သူ၏ခန္ဓာကိုယ်က ပြင်ပအင်အားတစ်ခု၏ ထိန်းချုပ်ခြင်း ခံနေရသလို ခံစားရသည်။

မကောင်းဆိုးဝါး စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ကို ခြယ်လှယ်နေသလို သူ ခံစားရသည်။

ထို့နောက်တွင် ထုံလင်သည် သူ၏ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ညှစ်ထုတ်ခံလိုက်ရပြီး ခရမ်းရောင်မီးလျှံအလင်းတန်းများကို အရပ်မျက်နှာအနှံ့သို့ ပစ်လွှတ်စေမိခဲ့သည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သိပ်မကြာမီ အချိန်အတွင်း၌ ခွန်အားများ ခန်းခြောက်သွားတော့မည်ဟု ထုံလင်ခံစားခဲ့ရသည်။

ထိုမြင်ကွင်းကို ဒါရိုက်တာက ဖန်သားပြင်ပေါ်မှာ ကြည့်ရင်း တစ်စုံတစ်ရာ မူမမှန်ဟု ခံစားလာရသည်။

“ကတ်”

ဒါရိုက်တာက ရပ်ခိုင်းလိုက်သည်။

“ထုံလင် ဘာတွေဖြစ်နေတာလဲ.. ငါ့ကို ပြောကြပါဦး”

“မစ္စတာထုံလင်ကို ကြည့်ရတာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားတဲ့ပုံပဲ”

“ထိန်းချုပ်မှု ဆုံးရှုံးသွားတယ်ဟုတ်လား.. ဒါက ဘာကြောင့် ဖြစ်ရတာလဲ”

ဤအချိန်တွင် ဇာတ်ညွှန်းအတိုင်း အတိအကျ မဟုတ်တော့၍ ထုံလင်၏ တိုက်ခိုက်မှုသည် အစိမ်းရောင်ဘေးကင်းဇုန်ရှိ သရုပ်ဆောင်များကိုပါ ခြိမ်းခြောက်နေပြီ ဖြစ်သည်။

“မစ္စတာထုံလင်.. ငါတို့ကို မပစ်ပါနဲ့”

“ပြေး.. မြန်မြန်ထပြေးကြဟေ့”

“အား.. ငါ့ကြွက်သားတွေ မီးဟပ်ခံလိုက်ရပြီ”

ထိုသို့ ရှုပ်ရှက်ခက်နေသော အချိန်မှာပင် ခရမ်းရောင်မီးလျှံ အလင်းတန်းအ​မြှောက်သည် တစ်စုံတစ်ဦးကို ထိမှန်ခဲ့၍ ထိုလူက နာကျင်စွာ အော်ဟစ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ရိုက်ကွင်းက ပရမ်းပတာ ဖြစ်သွားခဲ့သည်။

ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။

“ဝမ်လင်းတော့ ဒုက္ခပဲ”

ကော်ဟောက်က ဝမ်လင်းအတွက် စိုးရိမ်နေသည်။

သူက သူ၏စိတ်ဝိညာဉ်ဓားကို ထုတ်၍ ဝမ်လင်းကို ကယ်တင်ရန် ကြံစည်ခဲ့သော်လည်း အမှုဆောင်ဒါရိုက်တာက သူ၏ လက်မောင်းကို ဆွဲထားခဲ့သည်။

“တူလေး.. မလုပ်နဲ့ အန္တရာယ်များတယ်”

“ဦးလေး.. ကျွန်တော့်သူငယ်ချင်းကို ကယ်တင်ဖို့ နည်းလမ်း စဉ်းစားပေးပါဦး”

ကော်ဟောက်က တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်။

သူက ဝမ်လင်းကို ဤအလုပ်နှင့် မိတ်ဆက်ပေးခဲ့သူ ဖြစ်၏။

ထို့အပြင် ဝမ်လင်းသည် သူ၏ အချစ်ဆုံး သူငယ်ချင်းများထဲမှ တစ်ဦး ဖြစ်သည်။

အကယ်၍ ဝမ်လင်းသာ သေဆုံးသွားခဲ့လျှင် သပ်ရပ်သောလက်ရေးဖြင့် ရေးထားသောအိမ်စာကို ကူးယူနိုင်တော့မည်မဟုတ်ပေ။

ထိုကဲ့သို့ သပ်ရပ်သောလက်ရေးဖြင့် ရေးသားနိုင်သူ အခြားတစ်ယောက်ကို သူမည်သို့ ရှာတွေ့နိုင်ပါမည်နည်း။

ထိုအချိန်တွင် ဝမ်လင်းသည် မီးခိုးငွေ့များထဲကနေ ထုံလင်ကို အကဲခတ်နေခဲ့သည်။

ထို့ကြောင့် ထုံလင်က သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း ဝမ်လင်း နားလည်လိုက်၏။

ထို့အပြင် ဝမ်လင်းသည် ထုံလင်ထံမှ အလွန်ရင်းနှီးသော အော်ရာကို တွေ့ရှိခဲ့သည်။

ယင်းက ဝူယွမ်ကျီနှင့် ဖေဖေကျန့် တို့တွင် တွေ့ရှိခဲ့ရသော အော်ရာနှင့် ဆင်တူသည်။

ထို့ကြောင့် ဤမစ္စတာထုံလင်သည်လည်း အေးခဲထားသောဖက်ထုပ်ကို စားဖူးလောက်သည်ဟု သူတွေးမိခဲ့သည်။

ထိုအချိန်က မေမေဝမ် ဒိတ်လွန်၍ ပြန်ထည့်ပေးလိုက်သော အေးခဲထားသည့် ဖက်ထုပ်တစ်ဖာ ရှိသည်။

ထိုဖက်ထုပ်တစ်ဖာတွင် ဖက်ထုပ် ၁၂ ထုပ် ပါဝင်၏။

တစ်နည်းဆိုရလျှင် အရိပ်စွမ်းအား အပ်နှင်းထားသော အေးခဲဖက်ထုပ်ကို စားသုံးသူမှာ ၁၂ ယောက် ရှိနိုင်သည်။

ရိုက်ကွင်းတစ်ခုလုံး ရှုပ်ရှက်ခက်နေသော်လည်း ဝမ်လင်းကမူ ထိန်းချုပ်မှု ကင်းမဲ့နေသော ထုံလင်ကို စိုက်ကြည့်ရင်း မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်နေဆဲ ဖြစ်၏။

သူက ခရမ်းရောင်မီးလျှံ အလင်းတန်းအမြှောက်၏ လမ်းကြောင်းတိုင်းကို ရှင်းရှင်းလင်းလင်း သိရှိနိုင်၍ စက္ကန့်သုံးရာ အတွင်း မည်ကဲ့သို့ ဖြစ်ပျက်မည်ကို ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်။

ထို့ကြောင့် ခရမ်းရောင်မီးလျှံ အလင်းတန်းအမြှောက်က သူ့ကိုမထိနိုင်ကြောင်း သူယုံကြည်ခဲ့၏။

နောက်တစ်ချက်မှာ အနီရောင်ဇုန်တွင် ကောင်းစွာသရုပ်မဆောင်နိုင်လျှင် နေ့တွက်ဖြတ်ခံရမည်ဟု ဒါရိုက်တာက ပြောထားသောကြောင့် ဖြစ်သည်။

ထို့ပြင် ထုံလင်သည် မကြာမီတွင် ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားတော့မည်ဟု သူခံစားမိသည်။

ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားသည်နှင့်အမျှ ထုံလင်၏ တိုက်ခိုက်မှုများသည် ရပ်တန့်သွားလိမ့်မည် မဟုတ်ပါလား။

ဤသို့ဖြင့် အကြမ်းဖြင်း သုံးမိနစ်ခန့် အကြာတွင် ရိုက်ကွင်းတစ်ခုလုံးသည် ငြိမ်သက်သွားခဲ့သည်။

ဝမ်လင်းက မြေပြင်မှထရပ်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်သောအခါတွင် ကော်ဟောက်၏ မျက်နှာတွင် မျက်ရည်များနှင့် နှပ်ချေးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

“တော်သေးတယ် ဝမ်လင်း.. မင်းတကယ် သေမသွားခဲ့ဘူး.. မင်းသာ သေသွားခဲ့ရင် ငါအိမ်စာကူးဖို့ အတွက် ဘယ်သူကစာအုပ်ငှားပေးမှာလဲ”

ထိုစကားကို ကြားလျှင် ဝမ်လင်း၏ နှုတ်ခမ်းထောင့်များက တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။

“..........”

ဝမ်လင်းက ဘေးကင်းစွာရှိနေခဲ့၍ ရိုက်ကွင်းရှိ လူအားလုံးက အံ့အားသင့်သွားခဲ့သည်။

ထိုကောင်လေးက အန္တရာယ်အရှိဆုံးနှင့် တိုက်ခိုက်မှုများအပြင်းထန်ဆုံး ဖြစ်သည့် အနီရောင်ဇုန်တွင် ရှိနေခဲ့သည် မဟုတ်လော။

၎င်းက ရိုက်ကွင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် ဒါရိုက်တာ မှာထားသည့်အတိုင်း မြေပြင်ပေါ်၌ သံချောင်းတစ်ချောင်းကဲ့သို့ မလှုပ်မယှက် လဲလျောင်နေခဲ့သည်။

သူ၏ တည်ငြိမ်မှုကြောင့် စီနီယာသရုပ်ဆောင် အချို့ပင် အရှက်ခွဲခံရသလို ခံစားရပြီး ခေါင်းငုံ့သွားခဲ့ရသည်။

ဤကဲ့သို့ တည်ငြိမ်မှုမျိုးက သူတို့ဘယ်တော့မှ သင်ယူနိုင်မည့်အရာမျိုး မဟုတ်ပေ။

“ကျောင်းသားဝမ်လင်း မင်းက တကယ်အံ့ဩစရာပဲ”

ဒါရိုက်တာများက အံ့ဩနေကြသည်။

ဖုန်မှုန့်များ ပေကျံနေသည့် ဝမ်လင်းကိုကြည့်ကာ ဖော်ပြရန် စကားမရှိတော့သည်အထိ ၎င်းတို့က ခံစားနေရသည်။

ထိုအချိန်တွင် ဝမ်လင်းသည် မျှော်လင့်ချက်အပြည့်ဖြင့် ဒါရိုက်တာကို ကြည့်နေခဲ့သည်။

ဒါရိုက်တာက သူ၏ စူးရှသောအကြည့်ကို မခုခံနိုင်ခဲ့ပေ။

“ကျောင်းသားဝမ်လင်း ငါနားလည်ပါတယ်.. စိတ်မပူပါနဲ့ နောက်တစ်ကြိမ် ရုပ်ရှင်ရိုက်တဲ့အခါကျရင် မင်းကို ဆက်ဆက်ခေါ်ခိုင်းလိုက်မယ်.. ဒါပေမဲ့ ကျောင်းသားဝမ်လင်း.. မင်းပြေးစရာရှိရင် ပြေးသင့်တယ်.. တစ်ခုခု ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ.. ဘာပဲဖြစ်ဖြစ်ကွာ မင်းရဲ့ သရုပ်ဆောင်ရူးသွပ်မှုကိုတော့ ငါသဘောကျတယ်”

ဝမ်လင်းက ဒါရိုက်တာ၏ စကားကြောင့် သက်ပြင်းချလိုက်သည်။

သေချာသည့်အချက်မှာ ဤသည်က သရုပ်ဆောင် ရူးသွပ်မှုနှင့် ဘာမှမဆိုင်ပေ။

ရိုက်ကွင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်နေချိန်တွင် လုံးဝ မလှုပ်ရှားရသည့် အဓိက အကြောင်းအရင်းမှာ ငွေလို၍ ဖြစ်သည်။

ဝမ်လင်းက တော်ရုံအားဖြင့် စကားပြောလေ့မရှိပေ။

သို့သော် ကော်ဟောက်က ဝမ်လင်းကို သူငယ်ချင်းအဖြစ် နှစ်ဝက်ကြာ ပေါင်းလာခဲ့၍ ဝမ်လင်း၏ အမူအရာကို ကြည့်သည်နှင့် နားလည်ခဲ့သည်။

“ဦးလေး.. ဝမ်လင်းရဲ့အကြည့်က အဲဒီ အဓိပ္ပါယ်မဟုတ်ဘူး”

“ဒါဆို ဘာအဓိပ္ပါယ်လဲ”

“သူကဦးလေးဆီကနေ အပိုဆုကြေး လိုချင်နေတာပါ”

“..........”

ထိုနေ့တွင် ဝမ်လင်းသည် HNY 1200 ရခဲ့ပြီး ပျော်ရွှင်စွာဖြင့် အိမ်သို့ပြန်လာခဲ့သည်။

တစ်ထောင်က သူ၏သရုပ်ဆောင်ကြေး ဖြစ်ပြီး နှစ်ရာကမူ သူ၏ စိတ်ပိုင်းဆိုင်ရာ နစ်နာမှု အတွက် ဒါရိုက်တာက လျော်ကြေးငွေအဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။

နတ်ဆိုးကလေး ကျိုးရီမွေးဖွားလာခြင်း ရုပ်ရှင်အတွက် ပြဿနာများ အနည်းငယ်ရှိနေသောကြောင့် အချိန်တိုအတွင်း ဆက်လက် ရိုက်ကူးရန် မဖြစ်နိုင်တော့ပေ။

ထုံလင်က ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး စတူဒီယို၏ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလော။

ဤအဖြစ်အပျက်က အလွန်လျင်မြန်စွာပင်(Weibo)၏ အရှာဖွေခံရဆုံး သတင်းဖြစ်သွားခဲ့ပြီး ထုံလင်၏ ထိန်းချုပ်မှုဆုံးရှုံးရခြင်း အကြောင်းအရင်းနှင့် ပတ်သတ်၍ မတူညီသည့် ထင်မြင်ယူဆချက်များ ရှိခဲ့ကြသည်။

အမှန်တရားမှာ ထုံလင်သည် သူ၏ဝိညာဉ်စွမ်းအင် အားလုံးကို ထုတ်လွှတ်ပြီးနောက်တွင် ဝမ်လင်းသည် ထုံလင်၏ ကိုယ်ပေါ်ရှိ အရိပ်စွမ်းအားကို ဖုံးကွယ်ရန်အတွက် သူ၏ မဟာတာအိုကို အသုံးပြုခဲ့သည်။

ဝူယွမ်ကျီနှင့် ကျန့်ထျန်းချမ်း တို့ကဲ့သို့ပင် ထုံလင်သည် ဤစွမ်းအားကို သတိမထားမိဘဲ ရရှိခဲ့ပုံရပြီး အသုံးပြုနည်းကိုလည်း ကောင်းစွာသိပုံမရပေ။

ယခုအချိန်ထိ အရိပ်တာအို၏ အစွမ်းထုတ်သုံးပုံ နည်းလမ်းကို သူကိုယ်တိုင် မမြင်ရသေးသဖြင့် ကံကြမ္မာတာအိုကို လုပ်ဆောင်ခဲ့သည့် အတိုင်း သင်ယူနိုင်ဦးမည် မဟုတ်ပေ။

ယနေ့အဖြစ်အပျက်ကြောင့် မမွေးလာသေးသော ညီမလေး ဝမ်နွမ်သည် ဝမ်လင်း၏ အာရုံကို ကောင်းစွာ ဖမ်းစားနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ဝမ်နွမ်အတွက် စည်းတံဆိပ်တစ်ခု ပြုလုပ်ရန် ဝမ်လင်းထံတွင် ငွေအလုံအလောက် ရှိနေပြီဖြစ်၏။

ဟုတ်ပါသည်၊ အခြားအရေးကြီးသော အချက်မှာ အေးခဲထားသော ဖက်ထုပ်ကို မတော်တဆ စားမိခဲ့သည့် ကျန်ကိုးယောက်ကို ရှာဖွေရန် ဖြစ်သည်။

ဤကိစ္စက လုံးဝ အရေးကြီး၏။

အစ်ကိုကြီးတစ်ယောက် အနေဖြင့် သူညီမလေးကြောင့် ဖြစ်ပေါ်လာရသည့် အရှုပ်ထုပ်များကို ဖြေရှင်းပေးရမည်မှာ ပုံမှန်ပင် မဟုတ်ပါလော။

သို့သော် ဟွာရှို့နိုင်ငံ၏ များပြားလှသော လူဦးရေကြောင့် ဤလူကိုးယောက်ကို ရှာဖွေရန်မှာ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ဝမ်လင်းက အခြားရွေးချယ်စရာမရှိတော့၍ ကောင်းကင်တာအိုထံမှ အကူအညီယူရန်သာ ဆုံးဖြတ်လိုက်သည်။

ကောင်းကင်တာအိုနှင့် ညီမျှသောဖလှယ်ရေးအစီအစဉ်..

ဝမ်လင်းက သူ၏အခန်းထဲတွင် သူရေးဆွဲနေကျ အစီအရင်ကို ရေးဆွဲလိုက်သည်။

ထွင်ထျန်းဟာကမူ သူ၏နံဘေးတွင် စိတ်လှုပ်ရှားသောအမူအရာဖြင့် ရှိနေခဲ့သည်။

ထွင်ထျန်းဟာက ကောင်းကင်တာအိုကို မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်၍ လွမ်းနေခဲ့သည်။

သို့သော် ကောင်းကင်တာအို ရွှေလူသားကို ဆင့်ခေါ်လိုက်သည့်ခဏတွင် ဝမ်လင်းနှင့် ထွင်ထျန်းဟာသည် အံ့ဩသွားခဲ့သည်။

အကြောင်းအရင်းမှာ ကောင်းကင်တာအို ရွှေလူသားလေးသည် အငတ်ဘေးကျကာ သေလုမျောပါး ဖြစ်နေသကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းလျက် ရှိနေသောကြောင့်ပင်။

သူက ကောင်းကင်တာအိုကို စားဖို့တောင် မလောက်မငှဖြစ်သည်အထိ ကောင်းကင်တာအို ထံမှ အလွန်အကြူး ညှစ်ထုတ်ခဲ့မိပါသလော။

ဝမ်လင်းက စိတ်ထဲတွင် သူ့ကိုယ်သူ သံသယများ ပြည့်နှက်လာခဲ့သည်။

“ငါအရမ်း ရက်စက်မိပြီလား”

အပိုင်း(၁၀၆၇) ပြီး၏

All Chapters