အားဝေ၏ ဒဏ္ဍာရီ
Vol. 72 Ch. 1070
ထွင်ထျန်းဟာ၏ စကားက အလကားခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ အမှန်တရားတစ်ခု ဖြစ်သည်။
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှင်းပြထားပြီးဖြစ်သည့်အတိုင်းပင် ကောင်းကင်တာအိုသည် ညီမျှသောဖလှယ်ရေးနိယာမကို အလေးပေး ကျင့်သုံးခဲ့သည်။
အိမ်စာများကို ကောင်းစွာမပြီးမြောက်သူ သို့မဟုတ် အိမ်စာများကို ကူးချထားသူများ ရုတ်တရက် သေဆုံးခဲ့လျှင် သူတို့ မပြီးဆုံးသေးသည့် အိမ်စာများကို ပြီးဆုံးအောင်လုပ်ရန်အတွက် ဆုံးပါးသွားပြီးသည့်နောက်မှာပင် ပြန်လည်ကုစားရေး စာသင်ခန်းထဲကို အလိုအလျောက် ဝင်လာရမည်ဖြစ်သည်။
ဆိုရလျှင် အိမ်စာမပြီးမြောက်သေးသရွေ့ လူဝင်စားခြင်း၏ သံသရာစက်ဝန်းထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ယခုခေတ်တွင် မူလတန်းကျောင်းများသည် အိမ်စာများစွာပေးလေ့ရှိသည်။
ဤကောင်မလေးက အိမ်စာပြီးမပြီး ထွင်ထျန်းဟာမသိပေ။
မည်သို့ပင်ဆိုစေကာမူ သူမ အိမ်စာမလုပ်ခဲ့လျှင် ကောင်းကင်ဘုံသို့ သွားပြီးနောက် လူဝင်စားခြင်း သံသရာထဲသို့ မဝင်ရောက်နိုင်မည်မှာ သေချာသလောက် ဖြစ်၏။
ပညာတတ်တစ်ယောက်ဖြစ်ရန် အတွက် စိတ်ဓာတ်ကောင်းမွန်မှုက အလွန်အရေးပါသည်။
အကယ်၍ သင်၏အသိပညာ ဗဟုသုတ ချို့တဲ့နေသည်ဆိုလျှင် တိရိစ္ဆာန်လမ်း၊ ပြိတ္တာလမ်း စသည်ဖြင့် သင့်ကို စောင့်ကြိုနေသည့် လူဝင်စားလမ်းများလည်း ရှိပါသေး၏။
ကောင်းကင်တာအို၏ အညီအမျှ ဖလှယ်ခြင်းနိယာမသည် လူတစ်ဦးနှင့်တစ်ဦး မတူညီပေ။
အချို့က အိမ်စာကို ပြီးဆုံးအောင်လုပ်ကြသော်လည်း ညစ်ညမ်းသည့် အပြုအမူကို လွန်လွန်ကဲကဲ လုပ်ဆောင်ကြသည့်အတွက် ကောင်းကင်တာအိုက ပညာပေးသည့်အနေဖြင့်ပိုမိုရက်စက်သော ပြစ်ဒဏ်ကို ပေးလေ့ရှိသည်။
ထိုပြစ်ဒဏ်မှာ ဝိုင်ဖိုင် သို့မဟုတ် စမတ်ဖုန်းများ မပေးသုံးဘဲ နှစ်အနည်းငယ်ကြာသည် အထိ အခန်းတစ်ခုထဲတွင် ချုပ်နှောင်ထားခြင်း ဖြစ်၏။
ယင်းက အပြစ်သားများကို ၎င်းတို့၏ အမှားများအား ဆင်ခြင်သုံးသပ်စေခြင်း ဆိုလည်း မမှားပေ။
ကလေးမလေးက မျက်ရည်ကျသည်အထိ ကြောက်ရွံ့သွားသည်ကိုမြင်လျှင် ထွင်ထျန်းဟာက အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။
“သမီးလေး.. ဒီအစ်ကိုကြီးက မင်းကို လိမ်နေတာပါ.. ဟဲ့ခွေး.. နင်က ခွေးတစ်ကောင် ဖြစ်နေတာတောင် ထပ်လိမ်နေပြန်ပြီလား”
“..........”
အမျိုးသမီးလေးက သူ့သမီးအား နှစ်သိမ့်လိုက်ရာ ကလေးမလေး၏ ငိုသံများက တဖြည်းဖြည်း လျော့ပါးသွားသည်။
ထို့နောက်တွင် သူမက ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ကို ဦးညွှတ်လိုက်၏။
“အင်မော်တယ်အရှင်တို့.. ငါ့ကို ဘာမေးချင်လို့လဲ”
“စောစောက မင်းပြောခဲ့တဲ့ မကောင်းတဲ့စိတ်ဝိညာဉ်နဲ့ ပတ်သတ်ပြီး ငါသိချင်တယ်”
ထွင်ထျန်းဟာက ချက်ချင်းဆိုသလို မေးလိုက်သည်။
“ဒီလိုပါ.. လွန်ခဲ့တဲ့ လေးရက်လောက်က သုသာန်ထဲမှာ ဝိညာဉ်နက်တစ်ကောင် ရုတ်တရက် ပေါ်လာတယ်.. အဲဒီ ဝိညာဉ်နက်က သင်္ချိုင်းပတ်လည်ကို အကာအကွယ်ပေးထားတဲ့ ဝိညာဉ်အများအပြားကို ဖမ်းဆီးခဲ့တယ်”
“အဲဒီဝိညာဉ်တွေ ဘာဖြစ်သွားလဲ”
“သူတို့တွေအားလုံး ဝိညာဉ်နက်ရဲ့ ဝါးမျိုခြင်းကို ခံခဲ့ရတယ်”
ထိုစကားကိုကြားလျှင် ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ နှစ်ယောက်စလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
ဤအနက်ရောင်ဝိညာဉ်များက အရိပ်တာအိုစွမ်းအား အပ်နှင်းခံထားသူ ဖြစ်နိုင်၏။
အရိပ်တာအိုစွမ်းအား အပ်နှင်းခံထားသူများတွင် သူတို့ကိုယ်စား သူတို့၏ အသိစိတ်ဆန္ဒများကို ဖြည့်ဆည်းပေးရန် အလိုဆန္ဒ အပ်နှင်းခံထားရသော ကိုယ်ပိုင်ဝိညာဉ်များ ရှိကြသည်။
သုဘရာဇာတစ်ဦး၏ အလုပ်မှာ လူသေများကို အလှဆင်လိမ်းခြယ်ပေးရန် ဖြစ်သော်လည်း ၎င်းတို့ထဲမှ အချို့တွင် သေလွန်သူများ၏ ဝိညာဉ်များနှင့် ပတ်သတ်၍ မဖွယ်မရာလုပ်ဆောင်ရန် အတွက် ဆိုးသွမ်းသော အကြံအစည်များ ရှိနေကြသည်။
ထို့ကြောင့်ပင် သုဘရာဇာများကို တင်းကြပ်သောစည်းမျဉ်းများ အောက်တွင် ထားရှိခဲ့သည်။
အချို့သော သုဘရာဇာများသည် မကောင်းဆိုးဝါး မှော်အတတ်ကို ကျင့်ကြံရန်အတွက် အချိန်နှင့်နေရာကို တိကျစွာ ရွေးချယ်၍ လုပ်ဆောင်ကြလေ့ ရှိသည်။
ဤကဲ့သို့သော အရာများသည် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းကပင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
မကောင်းဆိုးဝါး မှော်အတတ် ကျင့်ကြံသူများသည် ကျိန်စာမှော်စွမ်းရည်ကို သုံး၍ အဓိကဗီဒီယိုများ၏ ဖန်သားပြင်ပေါ်တွင် “awsl” မက်ဆေ့ချ်ကို အဆက်မပြတ် ပို့တတ်ကြသည်။
(Awsl)သည် တရုတ်အင်တာနက်တွင် အသုံးများသည့် အတိုကောက်စာလုံးဖြစ်ပြီး “အို ငါတော့သေပြီ” ဟု အနက်အဓိပ္ပါယ် ရသည်။
ထိုစကားလုံးကို အံ့အားသင့်မှုများအား ဖော်ပြရာတွင်အသုံးပြု၍ ထိုစကားလုံးကို မြင်သူများသည် ရယ်မောလေ့ရှိကြသည်။
ထိုစကားလုံးတွင် အသုံးပြုထားသော ကျိန်စာမှော်စွမ်းရည်ကို အားဝေအတွက် အစုလိုက်အပြုံလိုက် သင်္ဂြိုလ်ခြင်းဟု ခေါ်၏။
ထို့ကြောင့် နာမည်တွင် ဝေအက္ခရာပါသော လူများသည် ထိုကျိန်စာမက်ဆေ့ချ်ကို မြင်လိုက်ရချိန် တစ်ခဏအတွင်း သေဆုံးသွားမည် ဖြစ်သည်။
ယင်းနောက်တွင် ကျိန်စာတိုက်သူက ၎င်းတို့၏ ဝိညာဉ်များကို စုပ်ယူသွားမည် ဖြစ်သည်။
အဆုံးသတ်တွင် ရဲများက ကျိန်စာတိုက်သူကို ရှာဖွေဖမ်းဆီးသောအခါ ထိုလူက သုသာန်က သုဘရာဇာတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ဆိုရလျှင် သုဘရာဇာနယ်ပယ်၌ အလုပ်လုပ်သောသူများသည် နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားရန် အတွက် အခွင့်အလမ်း ပိုများသည်။
မိမိ၏စိတ်ကို တစ်ချက်ကလေး မစောင့်ထိန်းမိသည်နှင့် မျက်စိတစ်မှိတ်အတွင်း မကောင်းသောလမ်းစဉ်သို့ ဝင်ရောက်သွားပေလိမ့်မည် မဟုတ်ပါလော။
ထို့ပြင် သုဘရာဇာများ အပေါ် အထင်သေးသည့် ခွဲခြားဆက်ဆံသော သဘောထားများသည် ၎င်းတို့၏ဆိုးယုတ်သော ရည်ရွယ်ချက်ကို ပိုမို အားကောင်းလာစေနိုင်ပေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
ဝမ်လင်းက အမေနှင့်သမီးကို ကျေးဇူးတင်စကားပြောပြီးနောက် ကောင်းကင်ယံကို မော့ကြည့်ကာ ကောင်းကင်တာအိုကို လက်ယပ်၍ ခေါ်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်တာအို၏ လမ်းပြ ရွှေရောင်အလင်းတန်းများသည် အမေနှင့်သမီး အပေါ်သို့ ဖြန့်ကျက်သွားခဲ့သည်။
“သမီးလေး ကောင်းကင်ဘုံက အမေတို့ကို လာခေါ်နေပြီ”
“အမေဒါဆို သမီးတို့ လူပြန်ဝင်စားနိုင်တော့မှာပေါ့”
ရွှေရောင်အလင်းတန်းကြောင့် သားအမိနှစ်ယောက်က ဝမ်သားအာရဖြင့် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ အော်ဟစ်လိုက်ကြသည်။
စင်စစ် ကောင်းကင်တာအိုက သူတို့ကို ဘယ်အချိန်မှ ခေါ်ဆောင်မည်ကို သူတို့ မသိခဲ့ကြပေ။
သူတို့သားအမိက ဝိညာဉ်နက်ကို တွေ့ရှိသွားပြီးနောက်တွင် ထိတ်လန့်စွာဖြင့် နေခဲ့ကြရသည်။
ဤခွေးကလေး၏ သခင်က သူတို့သားအမိကို အမှန်တကယ်ကူညီပေးနိုင်လိမ့်မည်ဟု မထင်ခဲ့ကြပေ။
ထိုလူငယ်က လက်ချောင်းလေးတစ်ချောင်း လှုပ်ရုံဖြင့်ပင် ကောင်းကင်တာအိုကို လာရောက်ခေါ်ဆောင်ရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
“ဒီကောင်လေးက ကောင်းကင်တာအို ကိုယ်တိုင်ပဲ ဖြစ်ရမယ်”
အမျိုးသမီးက အလွန်ဝမ်းသာပီတိ ဖြစ်စွာဖြင့် ဝမ်လင်း၏ရှေ့တွင် ဒူးထောက်လိုက်ပြီး သူ၏သမီးကိုလည်း အလားတူ လုပ်ခိုင်းလိုက်သည်။
ဝမ်လင်းက အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသဖြင့် ထိုသားအမိကို မတ်တပ်ရပ်စေလိုက်သည်။
ထိုသားအမိက နောက်ထပ် တစ်ဘဝတွင် ညီအစ်မများ အဖြစ် ဝင်စားကြမည်ဖြစ်ပြီး ချမ်းသာသောမိသားစုတွင် မတောင့်မတ နေထိုင်နိုင်ကြမည်ဟု ဝမ်လင်း ခန့်မှန်းမိသည်။
ထိုကံတရားက ဝမ်လင်း ဖန်တီးပေးခြင်း မဟုတ်ဘဲ ထိုသားအမိ၏ အကြင်နမှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
ဆိုရလျှင် ထိုသားအမိသည် ရေထဲကျသွားသည့် ကောင်လေးတစ်ယောက်ကို ကယ်တင်ရင်း ရေနစ် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။
သေဆုံးသွားပြီးနောက်တွင် ကောင်လေး၏ မိသားစုသည် သူတို့ လုပ်ဆောင်ပေးခဲ့သည်ကို အသိအမှတ်မပြုခဲ့ပေ။
အကြောင်းအရင်းမှာ ထိုသားအမိ၏ မိသားစုသည် လျော်ကြေးငွေ တောင်းဆိုမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် သေဆုံးပြီးနောက်တွင် သူတို့၏ ဝိညာဉ်များက မငြိမ်းချမ်းနိုင်ကြခြင်း ဖြစ်၏။
၎င်းတို့က ဝိညာဉ်ဘဝ ရောက်နေသည့်တိုင် ခေါင်းကနေခြေဖျားအထိ ရေများစိုရွှဲနေကြဆဲ ဖြစ်သည်မဟုတ်ပါလော။
ဝမ်လင်း၏ ယခုဦးစားပေးမှာ ဝိညာဉ်နက်(ဝါ) အနက်ရောင်ဝိညာဉ်ကို ဖော်ထုတ်ရန် ဖြစ်သည်။
“ဆရာ ကျွန်တော် ဘာကူညီပေးရမလဲ”
ထိုအချိန်မှာပင် ဝမ်လင်း၏ ကျောဘက်မှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
ဝမ်လင်းက လှည့်ကြည့်လိုက်ရာ မျက်နှာဖြူဖွေးဆွတ်နေသည့် ဆံပင်ခပ်ပါးပါး ရှိသော အဖိုးအို တစ်ယောက်က သူ့ကိုပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအဘိုးအို၏ အပြုံးက ကြက်သီးထဖွယ် ကြောက်စရာကောင်းလှ၏။
အရေးအကြီးဆုံးအချက်မှာ ထိုအဖိုးအိုထံတွင် အရိပ်ရှိမနေခြင်းပင်။
“သေချာတယ် သူပဲ”
ထွင်ထျန်းဟာက ဤအဖိုးအိုထံမှ ဖြစ်ပေါ်လာသည့် စိတ်အားထက်သန်မှုကို ရှင်းရှင်းလင်းလင်း သိနေခဲ့၍ မျက်မှောင်ကြုတ်လိုက်သည်။
အဖိုးအိုတွင် အရိပ် ရှိမနေသည်ကို ထောက်လျှင် ဤအဖိုးအိုက သူတို့ ရှာဖွေနေသည့် သုဘရာဇာ ဖြစ်နိုင်သည် မဟုတ်ပါလော။
“နှမြောစရာပဲ”
သုဘရာဇာက ဝမ်းနည်းသည့် အမူအရာဖြင့် ကောင်းကင်တာအို ရွှေရောင်အလင်းတန်းမှတဆင့် ကောင်းကင်ပေါ်သို့ တက်သွားသော သားအမိကို ငေးကြည့်ကာ ပြောလိုက်သည်။
“သူတို့သားအမိကို ဒီနေ့ညစာအတွက် ငါပြင်ဆင်ထားတာ.. ဒါပေမဲ့ ကောင်းကင်တာအိုက ခေါ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး.. ဒီသားအမိရဲ့ ဝိညာဉ်တွေက အရသာရှိမှာ သေချာသလောက်ပဲ.. ငါသာ သူတို့ကို ဦးနှောက်ဆေးကြောပြီး နတ်ဆိုးတွေဖြစ်အောင် လုပ်နိုင်ရင် သူတို့တွေက ငါ့ရဲ့လက်အောက်ခံတွေဖြစ်လာမှာ အသေအချာပဲ”
ထိုစကားကိုကြားလျှင် ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။
ဤအဖိုးအိုက မိစ္ဆာလမ်းစဉ်ကို လုံးဝ ကျရောက်သွားပြီဖြစ်၏။
သူတွေးထားသလိုပင် အရိပ်၏စွမ်းအားသည် လူတစ်ဦး၏ မသိစိတ်မှ ဆိုးသွမ်းမှုကို လှုံဆော်ပေးနေပုံရသည်။
လူတစ်ဦး၏ မသိစိတ်မှ မကောင်းသော ရည်ရွယ်ချက်သည် အများအားဖြင့် ဖုံးကွယ်ခံထားရပြီး ဖောက်ထွက်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း လှုံ့ဆော်ခံလိုက်ရသည်နှင့် အချိန်ကြာမြင့်စွာ ပိတ်ဆို့နေသော သွေးကြောကဲ့သို့ မကောင်းဆိုးဝါးစွမ်းအားများက ပေါက်ကွဲထွက်လာမည် ဖြစ်သည်။
ဝမ်လင်းက အဖိုးအိုအား အရေးယူရန် စဉ်းစားနေခဲ့သည်။
မကောင်းဆိုးဝါးစွမ်းအားများသည် အဖိုးအို၏ စွမ်းအားများတွင် အမြစ်တွယ်နေလောက်ပြီမဟုတ်ပါလော။
ဖေဖေကျန့် နှင့် ဝူယွမ်ကျီတို့နှင့် လုံးဝ မတူသည့်အချက်မှာ ထိုအဖိုးအိုသည် သူ၏ အရိပ်ကိုပင် ဖျောက်ထားနိုင်ခြင်း ဖြစ်၏။
အဖိုးအို၏စွမ်းအားကို ချိတ်ပိတ်နိုင်ရန်အတွက် ကံကြမ္မာတာအိုစွမ်းအားက လုံလောက်မည်ဟု သူ မထင်ပေ။
မဟာသန့်စင်ခြင်းတာအိုမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုခဏမှာပင် ဝမ်လင်းသည် အဖိုးအို၏နဖူးကို လက်ချောင်းဖြင့်ထောက်၍ မဟာတာအိုကို ထုတ်သုံးလိုက်သည်။
သို့သော်လည်း လုံးဝ မထင်မှတ်ထားသည့် အဖြစ်အပျက် တစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ယင်းမှာ အဖိုးအို၏ မကောင်းသောစွမ်းအားက သန့်စင်သွားရမည့်အစား ဆန့်ကျင်ဘက်အားဖြင့် ပို၍ပင် အားကောင်းလာခြင်းပင်။
“ဘာတွေဖြစ်နေတာလဲ”
အပိုင်း(၁၀၇၀) ပြီး၏