ဟင်းလင်းပြင်ဂိတ်တံခါးနှင့် ဆရာလီရှောင်ကိုင်
Vol. 72 Ch. 1071
ဝမ်လင်းက အရိပ်တာအို၏ စွမ်းအားကို လျှော့တွက်မိပြီဟု ခံစားမိလိုက်သည်။
မထင်မှတ်ဘဲ သူအသုံးပြုလိုက်သည့် ကောင်းကင်တာအိုသည် အဖိုးအို၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ဤကဲ့သို့ အတွေ့အကြုံမျိုးသည် သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။
“ဒီအဖိုးကြီးက စိတ်ဝိညာဉ်ဝါးမျိုခံလိုက်ရပြီ”
ထွင်ထျန်းဟာက အန္တရာယ်ကို အလိုအလျောက် ခံစားမိလိုက်၍ အမွှေးများအားလုံး အဆုံးထိတိုင် ထောင်ထသွားခဲ့သည်။
ဤအရိပ်တာအို၏ အစွမ်းသည် လူ၏ စိတ်ကိုပင် ဝါးမျိုနိုင်စွမ်းရှိနေသည် မဟုတ်ပါလော။
လူတစ်ဦး၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က နိမ့်ကျလေ၊ ဝါးမျိုခံရနိုင်သည့် အတိုင်းအတာက ကြီးမားလေ ဖြစ်သည်။
ထိုထက်မက ၎င်းတို့ လျှို့ဝှက်ထားသော မကောင်းသည့်ရည်ရွယ်ချက်များကိုပါ လှုံ့ဆော်နိုင်စွမ်းရှိ၏။
အဖိုးအိုက ဝူယွမ်ကျီနှင့် ဖေဖေကျန့်တို့နှင့် ကွဲပြားသည်။
သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က သီးခြားအဆင့်တွင် ရှိနေသောကြောင့် အဖိုးအိုကဲ့သို့ စိတ်များ ဝါးမျိုခံရခြင်း မရှိပေ။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
တစ်နည်းဆိုရလျှင် သာမန်လူများအနေဖြင့် အရိပ်တာအို၏ စွမ်းအားဖြင့် မြှင့်တင်ခံရလျှင် ချက်ချင်းဆိုသလို ကမ္ဘာကိုပင်ဖီဆန်နိုင်သော သခင်များ ဖြစ်လာပေလိမ့်မည်။
၎င်းတို့၏စိတ်က လုံးလုံးလျားလျား ဝါးမျိုခံရသောအခါတွင် ၎င်းတို့၏ တိုက်ပွဲဝင်စွမ်းအားသည် ဟွာရှို့၏ အကောင်းဆုံးအဆင့်အထိ တမဟုတ်ချင်း မြင့်တက်သွားမည် ဖြစ်သည်။
ဆိုရလျှင် ၎င်းတို့သည် အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်များနှင့် ပုခုံးချင်းပင် ယှဉ်နိုင်လာမည် ဖြစ်၏။
ဤစွမ်းအားက သူ၏ မဟာဉာဏ်အလင်းပေးခြင်း တာအိုနှင့် အနည်းငယ် ဆင်တူသည်ဟု ဝမ်လင်း ခံစားမိသည်။
သို့သော်လည်း ဤဉာဏ်အလင်းပေးခြင်းသည် ဆန့်ကျင်ဘက်သို့ ဦးတည်နေ၏။
ဝမ်နွမ်က အရွယ်မရောက်သေးသည့် အတွက် ခွဲခြားနိုင်စွမ်းမရှိသေးသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ဝမ်လင်း ယခုလုပ်ဆောင်ရမည့်အရာမှာ အခြေအနေကို ပိုမို ဆိုးရွားမလာစေရန် တားဆီးခြင်းဖြစ်၏။
“ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”
ထွင်ထျန်းဟာက မေးလိုက်သည်။
“ငါတို့ စမ်းသပ်ချက်လုပ်ရမယ်”
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ထွင်ထျန်းဟာ “..........”
[ဒါက လူတစ်ယောက်ပြောရမယ့် စကားလား]
ဝူယွမ်ကျီ နှင့် ကျန့်ထျန်းချမ်းတို့နှင့် နှိုင်းယှဉ်လျှင် သုဘရာဇာ လီသိုင်ဝေ့သည် အရိပ်တာအို၏ အတိုင်းအတာတစ်ခုအထိ ဝါးမျိုခြင်းကို ခံခဲ့ရသည်။
ဤသည်က အရိပ်တာအိုကို စူးစမ်းရန်အတွက် သင့်လျော်သည့် အခွင့်အရေးဖြစ်ကြောင်း ဝမ်လင်းခံစားခဲ့ရသည်။
ယခုအချိန်တွင် ဝမ်လင်းသည် ဤအရိပ်တာအိုနှင့် ပတ်သတ်၍ အနည်းငယ်သာ သိသေးသည်။
ထိုအရိပ်တာအိုနှင့် ပတ်သတ်၍ သူ့တွင် အတွေးများရှိသော်လည်း ထိုအရာအားလုံးသည် ထင်ကြေးသက်သက်သာဖြစ်သည်။
ထို့ကြောင့် ဝမ်လင်း လုပ်ဆောင်ဖို့ လိုအပ်သည်မှာ သူ၏ အယူအဆကို အတည်ပြုရန် ဖြစ်၏။
ယခုလက်ရှိတွင် သူ၏အယူအဆကို အတည်ပြုရန်အတွက် ဤသုဘရာဇာသည် သင့်လျော်သော လူတစ်ဦးဖြစ်၏။
ဝမ်လင်း၏ မဟာသန့်စင်ရေး မှော်စွမ်းအားများကို ဝါးမျိုပြီးနောက်တွင် အဖိုးအိုက နှုတ်ခမ်းများကို သပ်လိုက်သည်။
သူက သူ့ကိုယ်သူ ယခင်ကထက် ပိုမိုသန်မာလာသည်ဟု ခံစားလိုက်ရသည်။
မဟာသန့်စင်ရေးတာအိုသည် ၎င်း၏ အကျိုးသက်ရောက်မှုကို ဖယ်ရှားလိုက်လျှင် ကောင်းကင်တာအို စွမ်းအင်သာ ဖြစ်သည်။
ထို့ကြောင့် ဤအရာသည် အဖိုးအိုအတွက် ခွန်အားဖြည့်ဆေးတစ်ခုလို ဖြစ်နေသည်။
“လုပ်ပါဦး.. နောက်ထပ်တာအိုလေးတွေ ထပ်ပြီး ထုတ်သုံးလိုက်ပါဦး”
အဖိုးအိုက ကောင်းကင်တာအို စွမ်းအား၏ ချိုမြိန်သောအရသာကို ရရှိပြီးနောက်တွင် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
ထိုအချိန်မှာပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အရိပ် တစ်ခုက လေဆင်နှာမောင်းကဲ့သို့ မီးခိုးငွေ့များနှင့်အတူ အဖိုးအို၏ ခြေဖဝါးတဝိုက်တွင် လှည့်ပတ်နေခဲ့သည်။
“စွမ်းအင်ရုပ်လုံးဖော်ခြင်းပါလား”
ထွင်ထျန်းဟာက အလွန်ပင် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားသည်။
သူ၏အမြီးက တဆတ်ဆတ် တုန်ယင်နေခဲ့သည်။
စွမ်းအင်ရုပ်လုံးဖော်မှုသည် ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အမှတ်လက္ခဏာ ဖြစ်သည်။
အလွန်အစွမ်းထက်သော ကျင့်ကြံသူမှသာ ထိုကဲ့သို့စွမ်းအင်ရုပ်လုံးဖော်မှုမျိုးကို လုပ်ဆောင်နိုင်၏။
ကျင့်ကြံခြင်း စွယ်စုံကျမ်းအရ လီရှောင်ကိုင်ဟု ခေါ်သော သိုင်းဆရာကြီး တစ်ဦးသည် စွမ်းအင်ရုပ်လုံးဖော်မှုတွင် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိခဲ့သည်။
သူ၏ ပေါင်းစပ်ခန္ဓာကိုယ် နည်းစနစ်သည် သမိုင်းတစ်လျှောက်လုံးတွင် ပြိုင်ဘက်ကင်းခဲ့၏။
ထို့အပြင် နိုင်ငံတည်ထောင်ဗိုလ်ချုပ်ဆယ်ဦး အနက်မှ တစ်ဦးဖြစ်သော စစ်ပွဲသူတော်စင် ဗိုလ်ချုပ်ကျန်းသည် လီရှောင်ကိုင်၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ဆရာကြီးလီသည် နောက်ပိုင်းတွင် ထိုခန္ဓာကိုယ်နည်းစနစ်ဖြင့် ဟင်းလင်းပြင်ဂိတ်တံခါးကို ဖောက်ထွက်ရန် ကြိုးစားခဲ့သည်။
အဆုံးသတ်တွင် ဆရာကြီးသည် ဟင်းလင်းပြင်တံခါးကို လက်သီးဖြင့် ထိုးခွဲရင်း ပျောက်ကွယ်သွားခဲ့သည်။
ဤသတ္တလောကကြီးတွင် ဟင်းလင်းပြင်ဂိတ်တံခါး၊ ကမ္ဘာခြားဂိတ်တံခါးနှင့် ကောင်းကင်တာအိုဂိတ်တံခါးဟူ၍ ဂိတ်တံခါးသုံးခု ရှိသည်။
ခြားနားချက်မှာ ဟင်းလင်းပြင်ဂိတ်တံခါးသည် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကမ္ဘာခြားဂိတ်တံခါးသည် အင်မော်တယ်ကျန်းရွမ်မှ ဖန်တီးထားခြင်း ဖြစ်သည်။
ကောင်းကင်တာအိုဂိတ်တံခါးကမူ ကောင်းကင်တာအိုကို နားလည်သဘောပေါက်သော ကျင့်ကြံသူများ အတွက် ကောင်းကင်တာအိုမှ အထူးဖွဲ့စည်းထားသော ဂိတ်တံခါးဖြစ်သည်။
ထိုဂိတ်တံခါးထဲသို့ ဝင်နိုင်လျှင် ကောင်းကင်တာအိုနှင့် ထိတွေ့နေသောအဆင့်ကို ရောက်ပြီဟု ဆိုနိုင်သည်။
ဤဟင်းလင်းပြင်ဂိတ်တံခါးကမူ ကျင့်ကြံခြင်းကမ္ဘာ၏ လျှို့ဝှက်ကုန်းမြေနှင့် ပို၍ဆင်တူသည်။
စူးစမ်းလေ့လာသူ အများအပြား ရှိသော်လည်း ဟင်းလင်းပြင်ဂိတ်တံခါး ပေါ်ထွက်လာနိုင်မည့် အခွင့်အလမ်းမှာ အလွန်ပင်နည်းပါးသည်။
ထို့အပြင် လွန်ခဲ့သောနှစ်တစ်ထောင်အတွင်း ဟင်းလင်းပြင်ဂိတ်တံခါးနှင့် ပတ်သတ်သည့် အော်ရာအတက်အကျ မရှိပေ။
ဆိုရလျှင် အတိကျဆုံး စောင့်ကြည့်ရေးကိရိယာများပင် ဟင်းလင်းပြင်ဂိတ်တံခါး ထွက်ပေါ်လာမည့်နေရာကို တိကျစွာသိရှိနိုင်မည် မဟုတ်ချေ။
ဟင်လင်းပြင်ဂိတ်တံခါး၏ နောက်ဆုံး ထွက်ရှိလာမှုသည် ဆရာကြီးလီ၏ မွေးနေ့ပွဲတွင် ဖြစ်သည်။
ထိုနေ့တွင် ဆရာကြီးလီသည် ဟင်းလင်းပြင်ဂိတ်တံခါးကို လက်သီးဖြင့် ထိုးခွဲပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
ထိုကိစ္စဖြစ်ပြီး နှစ်ပေါင်းရာချီ ကြာသောအခါတွင် အစိုးရက ဆရာကြီးလီ ကွယ်လွန်သွားပြီဟု ယုံကြည်ခဲ့သည်။
သို့သော်လည်း ဆရာကြီးလီ၏ခန္ဓာကိုယ်ကို ရှာမတွေ့သေး၍ ဆရာကြီးလီ သေဆုံးသွားပြီဟူသော ထင်မြင်ချက်များသည် အယူအဆတစ်ခုထက် မပိုပေ။
ဟင်းလင်းပြင်ဂိတ်တံခါး၏ အလယ်ဗဟိုသည် တွင်းနက်ကြီး တစ်ခုလိုပင် ဖြစ်၏။
ထိုတွင်းနက်ကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်နှင့် ဆရာကြီးလီက လွတ်မြောက်ရန် အလွန်ခက်ခဲမည်ဟု လူများက ယုံကြည်ကြသည်။
ဆရာကြီးလီက စုပ်ယူခံရ၍ မသေခဲ့လျှင်ပင် အာဟာရ မမှီဝဲရသည့် နေရာလွတ်တွင် နှစ်ရာပေါင်းများစွာ လွင့်မျောပြီးနောက် ငတ်သေသွားလောက်ပြီ မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ လူအများက ဆရာကြီးလီကို စွမ်းအင်ရုပ်လုံးဖော်မှုတွင် ပြီးပြည့်စုံသည့်အဆင့်ကို ရောက်ရှိခဲ့သူဟု အသိအမှတ်ပြုနေကြဆဲပင်။
ထို့ကြောင့် တစ်စုံတစ်ယောက်က စွမ်းအင်ကို ရုပ်လုံးဖော်လိုက်သည်နှင့် လူအများအပြားသည် ဆရာကြီး လီရှောင်ကိုင်နှင့် တွဲ၍ မှတ်မိတတ်ကြသည်။
နတ်ဆိုးလောကထဲမှ ထွင်ထျန်းဟာလို နတ်ဆိုးဘုရင်တစ်ယောက်ပင် လီရှောင်ကိုင် ဟူသည့်အမည်ကို သိသည်။
ထိုအချက်ကပင် လီရှောင်ကိုင် တစ်ယောက် မည်မျှဩဇာကြီးမားပြီး ကျော်ကြားသည်ကို သက်သေပြနေပေသည်။
အနက်ရောင်စွမ်းအင်မြူခိုးများက အဖိုးအို၏ နောက်တွင် တဖြည်းဖြည်း ဖြစ်ပေါ်လာပြီးနောက် အနက်ရောင်ပုံသဏ္ဍာန် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို ဝမ်လင်း မြင်လိုက်ရသည်။
၎င်းက ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်တစ်ကောင်နှင့် ဆင်တူသည်။
ဆိုရလျှင် ချိုနှစ်ချောင်းနှင့် လက်ခြောက်ဖက် ပါရှိသည့် အလွန်ထူးခြားသောပုံစံ အဖြစ် ဖန်တီးထားခြင်း ဖြစ်၏။
“လက်ခြောက်ဖက်မိစ္ဆာ”
ထွင်ထျန်းဟာက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ဝမ်လင်းကမူ ၎င်းက အတွင်းနတ်ဆိုးဝိညာဉ် ဖြစ်သည်ဟု ယူဆလိုက်သည်။
ဤအဖိုးအို၏ စိတ်ကို အရိပ်တာအိုက ဝါးမျိုသွားသောကြောင့် အဖိုးအို၏အရိပ်သည် အဖိုးအို၏ ကိုယ်တွင်းမှ နှလုံးသားနတ်ဆိုးကို လှုံ့ဆော်ကာ ၎င်း၏ အသွင်သဏ္ဍာန်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်၏။
ဝမ်လင်းက ဤဖြစ်စဉ်ကို အရိပ်ရုပ်သွင်ဟု တိတ်တဆိတ်အမည်ပေးလိုက်သည်။
အရိပ်တာအိုကြောင့် စိတ်ကို ဝါးမျိုခံရသူများ၏ အရိပ်ရုပ်သွင်များသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ကြပေ။
ထိုအချိန်မှာပင် သုဘရာဇာ လီသိုင်ဝေ့က နှုတ်ဆိတ်နေသောဝမ်လင်းကို စိုက်ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။
“ဂျူနီယာလေး နှစ်ယောက်.. မင်းတို့အမေတွေက ညနက်သန်းခေါင်ကြီး သုသာန်ကို မသွားရဘူးလို့ မမှာထားဘူးလား.. ဟားဟားဟား.. လာစမ်း ဝိညာဉ်ဝါးမျိုသူ.. ဒီကလေးနှစ်ကောင်ရဲ့ ဝိညာဉ်ကို လုံးဝ စုပ်ယူလိုက်တော့”
သူ၏စကားဆုံးသည်နှင့် ဝိညာဉ်ဝါးမျိုသူဟု ခေါ်သည့် အရိပ်ရုပ်သွင်က ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ကို ဝါးမျိုရန်အတွက် သူ၏ ပါးစပ်ကို ကျယ်လောင်စွာဟလိုက်သည်။
“ဒီစွမ်းအား..”
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။
သေချာသည်မှာ အရိပ်တာအိုသည် သူထင်ထားသည်ထက် များစွာ ပိုအစွမ်းထက်နေသည်။
ဤကဲ့သို့ တိုက်ခိုက်လာခြင်းက ရိုးရှင်းသောပုံစံ ပေါက်သော်လည်း တကယ်တမ်းတွင် ဝမ်လင်း ရင်ဆိုင်ဖူးသည့် အဆင့်မြင့်ကျင့်ကြံသူများထက် ပိုအားကောင်းနေသည်။
တစ်နည်းဆိုရလျှင် ဤအရိပ်ရုပ်သွင်သည် မိစ္ဆာဓားနတ်ဘုရားထက် အဆပေါင်းများစွာ ရိုက်နှက်ခြင်းကို ခံနိုင်ရည်ရှိသည်။
အနည်းဆုံးတော့ ဝမ်လင်းက ၎င်းကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်မည်ဟု မထင်ပေ။
ထို့ပြင် သာမန်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများက အရိပ်ရုပ်သွင်အတွက် အလုပ်မဖြစ်နိုင်ကြောင်း ဝမ်လင်း မှန်းဆမိခဲ့သည်။
“ငါဘာလုပ်သင့်လဲ.. သူ့ရဲ့ ကိုယ်တွင်းကလီစာတွေကို ချေမွပစ်သင့်လား”
ထို့နောက်တွင် ဝမ်လင်းသည် အကြောများကို ဖြေလျှော့လိုက်ပြီး သူ၏ လက်ကိုဆန့်ထုတ်ကာ အရိပ်ရုပ်သွင်၏ ပါးစပ်ကို
ဆုတ်ဖြဲ၍ အတွင်းထဲသို့ ထွင်ထျန်းဟာနှင့်အတူ ဝင်ရောက်သွားခဲ့သည်။
အပိုင်း(၁၀၇၁) ပြီး၏