ဗိုလ်ကျလွန်းသော ကောင်းကင်တာအိုအကြီးအကဲများ
Vol. 72 Ch. 1074
“မျှော်လင့်ချက်တကယ်ပဲ မရှိတော့ဘူးလား”
ကောင်းကင်တာအို၏ စကားကိုကြားလျှင် ဝမ်လင်း၏ အမူအရာက မည်းမှောင်သွားသည်။
သူက ခဏမျှစဉ်းစားလိုက်ပြီးနောက် လက်ကို လေထဲသို့ဆန့်ထုတ်ကာ အာကာပြင်အက်ကြောင်းတစ်ခုကနေ နှလုံးသားနတ်ဆိုး၏ ညှင်းဆဲခြင်းကို မခံရသေးသည့် အခြားအဖိုးအိုတစ်ဦးကို ဆွဲထုတ်လိုက်သည်။
ထို့နောက်တွင် ဝမ်လင်းသည် သူ၏ခန္ဓာကိုယ်ကို ကြားခံတံတားသဖွယ် အသုံးပြုကာ လက်တစ်ဖက်ကို ထိုအဖိုးအို၏ ကိုယ်ပေါ်တွင်တင်လိုက်ပြီး ကျန်လက်တစ်ဖက်ကို နှလုံးသားနတ်ဆိုးလှိုက်စား ခံရတော့မည့် အဖိုးအိုပေါ်သို့ တင်လိုက်သည်။
“ဒါက..”
“အက်စစ်ဘေ့စ်ဖြေရှင်းခြင်း နည်းလမ်းပဲ”
ဝမ်လင်းက ပြန်လည် ဖြေကြားလိုက်သည်။
ဤသည်မှာ အလွန်ရိုးရှင်းသော ဓာတုနိယာမတစ်ခု ဖြစ်သည်။
ဝမ်လင်းက အပြိုင်ကမ္ဘာမှ သုဘရာဇာလီသိုင်ဝေ့ကို ဆွဲထုတ်၍ အဖိုးအိုနှစ်ယောက်ကို ရောနှောကာ ရောဂါအခြေအနေကို လျော့ပါးအောင် လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။
ယင်းကို ကံကြမ္မာတာအိုဖြင့်သာ လုပ်ဆောင်နိုင်၏။
ဤနည်းလမ်းဖြင့် အချိန်အတော်ကြာ ဆွဲထားနိုင်မည်ဟု ဝမ်လင်း တွက်ဆမိသည်။
ဝမ်လင်း၏ လှုပ်ရှားမှုပြီးနောက်တွင် အဆုံးသတ်၌ ကောင်းကင်တာအို ရွှေလူသားလေးသည် ရုတ်တရက် ပြောလိုက်သည်။၊
“ငါတို့ သူ့ကို ကယ်တင်လို့ရသွားပြီ”
“ဘယ်လိုကယ်တင်မှာလဲ”
“အရင်တုန်းကတော့ နှလုံးသားနတ်ဆိုးလှိုက်စားခြင်း ရောဂါက ကျွမ်းနေပြီ.. ဒါပေမဲ့ လက်ရှိရောဂါအတိုင်းအတာနဲ့ ဆိုရင်တော့ သန့်စင်ရေးခေါင်းလောင်းနဲ့ ကုသနိုင်တယ်”
ကောင်းကင်တာအိုရွှေလူသားလေးက လျင်မြန်စွာပင် ပြန်ဖြေလိုက်သည်။
“ငါကောင်းကင်တာအို ဘဏ္ဍာတိုက်ကို သွားလိုက်ဦးမယ်”
“ငါတို့ လျှောက်လွှာတင်ဖို့ မလိုအပ်ဘူးလား”
“ဝှိုက်လစ် စာရင်းမှာပါတဲ့ ပုဂ္ဂိုလ်တွေအတွက် လျှောက်လွှာမလိုအပ်ဘူး”
ဆယ်စက္ကန့်ခန့် အကြာတွင် ကောင်းကင်တာအို ရွှေလူသားလေးသည် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး သူ့လက်ကိုမြေကြီးပေါ်သို့ ဖိချလိုက်သည်။
ရုတ်တရက် မြူခိုးများ ရစ်သိုင်းလာပြီး ရောင်စုံကြွေထည်မှော်ခေါင်လောင်းကြီးသည် ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။
လွင့်မျောနေသော ဤမှော်ခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံးကို သန့်စင်ပေးနိုင်သည့် စွမ်းအားကိုပိုင်ဆိုင်ထားပုံရပြီး သန့်စင်သောအော်ရာများ ဖြာထွက်နေသည်။
သန့်စင်ခြင်း မှော်ခေါင်းလောင်းနှင့် နှိုင်းယှဉ်လျှင် မဟာသန့်စင်ခြင်းတာအို၏ စွမ်းအားသည် အားနည်းလွန်းသည်ဟု ဝမ်လင်းခံစားမိသည်။
အဆုံးသတ်တွင် မှော်ခေါင်းလောင်းကြီးသည် ထိပ်တန်းမှော်ရတနာတစ်ခု ဖြစ်ပြီး ကောင်းကင်တာအို၏ အဖိုးတန်ရတနာ ၃၃ ပါးထဲမှ တစ်ပါး ဖြစ်သည်။
ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး သန့်စင်ခြင်းမှော်ခေါင်းလောင်းကို လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်သည်။
သို့ရာတွင် မှော်ခေါင်းလောင်းက မည်သည့်ခုခံမှုကိုမှ မပြသခဲ့ပေ။
ထိုမြင်ကွင်းကိုမြင်လျှင် ကောင်းကင်တာအို ရွှေလူသားလေးက အံ့ဩထိတ်လန့်သွားခဲ့သည်။
ကောင်းကင်တာအို မှော်ရတနာများသည် ကျင့်ကြံသူကို ၎င်း၏ သခင်အဖြစ် အသိအမှတ်မပြုသရွေ့ ၎င်းတို့၏ ကိုယ်ထည်အား ထိကိုင်ခွင့် မပြုခဲ့ကြပေ။
သို့သော် ဤသန့်စင်ရေးခေါင်းလောင်းကမူ ဝမ်လင်း၏ လက်ထဲတွင် ကလေးလေးကို ငြိမ်သက်စွာ ရှိနေခဲ့သည်။
ဝမ်လင်းက သန့်စင်ရေးခေါင်းလောင်းကို အဖိုးအိုနှစ်ယောက်၏ ရှေ့တွင် ခါယမ်းလိုက်ရာ သူတို့ပတ်ဝန်းကျင်ရှိ အနက်ရောင် အခိုးငွေ့များက လွင့်စင်သွားခဲ့သည်။
ဆိုရလျှင် နှလုံးသားနတ်ဆိုးလှိုက်စားခြင်း ရောဂါကို လုံးလုံးလျားလျားသန့်စင်ပြီးခဲ့ပြီ ဖြစ်၏။
အရာအားလုံး ပြီးဆုံးပြီးနောက်တွင် ဝမ်လင်းက အပြိုင်စကြာဝဠာမှ ဆွဲထုတ်လာသော အဖိုးအိုကို သူ့နေရာသို့ ပြန်လည် ပို့ဆောင်လိုက်သည်။
ထိုခဏတွင် ကျဉ်းမြောင်းသောအခန်းလေးရှိ မြေပြင်သည် အနည်းငယ် တုန်ခါလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျဉ်းမြောင်းသော အခန်းလေးသည် နန်းတော်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် တောက်ပစွာ လင်းထိန်နေခဲ့ပြီး နန်းတော်ကြီးအပြင်ဘက်ရှိ ကမ္ဘာကြီးသည်လည်း ပြန်လည် အသက်ဝင်လာခဲ့သည်။
ထိုအခါမှသာ ဝမ်လင်းနှင့်ထွင်ထျန်းဟာတို့သည် သက်ပြင်းကို ဟင်းခနဲ ချနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူက ကံကြမ္မာတာအိုကို ကျွမ်းကျင်နေ၍ ဖြစ်သည်။
သို့မဟုတ်လျှင် ဤကဲ့သို့ အခြေအနေမျိုးတွင် ဘာလုပ်လို့ဘာကိုင်ရမည်ကို အမှန်တကယ် မသိတော့ပေ။
“ကိစ္စအားလုံးပြီးသွားပြီ ဆိုတော့ ဒါလေးပြန်ပေးလို့ရမလား”
ကောင်းကင်တာအိုရွှေလူသားက ဝမ်လင်း၏ လက်ထဲမှ သန့်စင်ရေးမှော်ခေါင်းလောင်းကို ကြည့်ကာ ပြန်တောင်းလိုက်သည်။
ဟုတ်ပါသည်၊ ဝမ်လင်းသည် ချေးငှားထားသည့် အရာကို ပြန်မပေးတတ်သူ မဟုတ်ပေ။
ဤအရာက ကောင်းကင်တာအို၏ အဖိုးတန်ရတနာ ၃၃ ပါးထဲမှ တစ်ခုဖြစ်သည်။
နောက်တစ်ချက်မှာ ဤပစ္စည်းသည် ကောင်းကင်တာအိုနှင့် တိုက်ရိုက် သက်ဆိုင်နေ၏။
သို့သော် ငြိမ်းချမ်းရေးခေတ်တွင် ကောင်းကင်တာအို အဖိုးတန်ရတနာ ၃၃ပါးသည် များစွာ အသုံးမဝင်ကြောင်း ဝမ်လင်းကောင်းစွာသိသည်။
သူ့အနေဖြင့် လီသိုင်ဝေ့၏ ပြဿနာကို ဖြေရှင်းပြီးသော်လည်း အခြားလူ ၈ ယောက် ရှိနေပါသေးသည်။
ထို့ကြောင့် ၎င်းတို့၏ နှလုံးသားနတ်ဆိုးကို သန့်စင်ရန် ဤသန့်စင်ရေးခေါင်းလောင်းကို သူ့အနေဖြင့် အားကိုးရဦးမည်မဟုတ်ပါလော။
ထို့ကြောင့် ဝမ်လင်းက ယခုလက်ငင်းပြန်ပေး၍ မဖြစ်နိုင်သေးပေ။
ထို့ပြင် ဤသန့်စင်ရေးခေါင်းလောင်းကို လှုပ်ခတ်လိုက်သောအခါတွင် ထွက်ပေါ်လာသည့် အသံက နားထောင်လို့ကောင်းသည်ဟု သူထင်ခဲ့သည်။
ဤခေါင်းလောင်းလေးကို ယူထားလိုက်လျှင် သူ့ညီမလေးကို လက်ဆောင်ပေးနိုင်သည် မဟုတ်လော။
ထို့အပြင် ဝမ်နွမ်သည် ရန်လိုလွန်းပြီး ပြဿနာကိုမီးခွက်ထွန်း၍ ရှာတတ်သူမျိုး ဖြစ်သည်။
ဆိုရလျှင် ဤသန့်စင်ရေးမှော်ခေါင်းလောင်းသည် အားနွမ်နှင့်လိုက်ဖက်မှုရှိပြီး အားနွမ်၏ ဒေါသစိတ်များကို ဖျောက်ဖျက်နိုင်သည့်အပြင် ဒေါသများကို နှိမ်နင်းနိုင်၏။
ဤသို့ဖြင့် ဝမ်လင်းသည် ကောင်းကင်တာအိုရွှေလူသား၏ စကားကို မကြားချင်ယောင်ဆောင်၍ ခေါင်းလောင်းကို သိမ်းထားလိုက်တော့သည်။
ထိုအချင်းအရာကိုမြင်လျှင် ကောင်းကင်တာအို ရွှေလူသားလေးက ဒေါသထွက်လာသော်လည်း ဘာမှ ပြန်မပြောရဲခဲ့ပေ။
ကောင်းကင်တာအို နယ်မြေသို့ ပြန်ရောက်ပြီးနောက်တွင် သန့်စင်ရေးမှော်ခေါင်းလောင်းကို ယူဆောင်သွားသည့် ကောင်းကင်တာအို ရွှေလူသားလေးသည် ကောင်းကင်တာအိုအကြီးအကဲ ၆ ယောက်၏ ပြစ်တင်ဆုံးမခြင်းကို ခံခဲ့ရသည်။
“ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး”
ကောင်းကင်တာအိုရွှေလူသားက သူ၏လုပ်ရပ် အလွန်မှားယွင်းသွားကြောင်း ခံစားလိုက်မိသည်။
“မင်းမှာ ပြန်ယူနိုင်တဲ့အစွမ်း ရှိတယ်လို့ထင်ရင် သူ့ကိုမင်းကိုယ်တိုင်သွားရှာ”
“ဟေ့ကောင်.. မင်းဘာဆင်ခြေပေးပေး ငါစိတ်မဝင်စားဘူး.. မှော်ခေါင်းလောင်းကိုပဲ ငါတို့အတွက်ပြန်ယူပေး”
ကောင်းကင်တာအိုအကြီးအကဲ ၆ ယောက်က တစ်ယောက်ပြီးတစ်ယောက် သူ့ကို တရစပ် ကြိမ်းမောင်းနေခဲ့သည်။
“ငါတို့က ကောင်းကင်တာအို အကြီးအကဲတွေပဲ.. ငါ့တို့ရဲ့စကားကို မင်းနားထောင်ရမယ်.. ပြဿနာရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ပြဿနာကို ဖြေရှင်းရမယ့်သူက မင်းပဲဖြစ်သင့်တယ်”
“ပြန်ရနိုင်မရနိုင် ငါတို့မသိချင်ဘူး.. မင်းအနေနဲ့ ရအောင်ပြန်ယူရမယ်.. ထပ်ပြောမယ်.. မတတ်နိုင်ဘူးဆိုရင်တောင် ပြန်သွားယူလိုက်.. ရနိုင်ပါ့မလားလို့ ငါ့ကိုပြန်မမေးနဲ့.. ရကိုရရမယ်.. နားလည်လား”
“မေဘေးလေး.. ပြန်မယူနိုင်ရင်လည်း ဘာလို့ ဖင်ရှည်ပြီးသွားပေးလိုက်တာလဲ”
စက္ကန့်အနည်းငယ်အကြာတွင် ကောင်းကင်တာအို ရွှေလူသားလေးသည် မျက်ရည်များပင် ဝဲလာခဲ့သည်။
အခြားတစ်ဖက်တွင်လည်း သန့်စင်ရေး ခေါင်းလောင်းကို ရရှိခဲ့သော ဝမ်လင်းသည် သူ၏ သန့်စင်ခြင်းခရီးစဉ်၏ ဒုတိယအပိုင်းကို စတင်ခဲ့သည်။
လီသိုင်ဝေ့၏ ပြဿနာကို ဖြေရှင်းပြီးနောက်တွင် လီသိုင်ဝေ့၏ နောက်ကွယ်မှ အရိပ်ရုပ်သွင်က တိုက်ရိုက် ပျောက်ကွယ်သွားပြီး ယခင်က အရိပ်ရုပ်သွင် ဝါးမျိုထားသော ဝိညာဉ်အားလုံးကလည်း လွတ်မြောက်သွားခဲ့သည်။
ယခုအခါတွင် ထိုဝိညာဉ်များ အားလုံးသည် လူဝင်စားခြင်းသံသရာသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။
ဝမ်လင်း၏ ဒုတိယပစ်မှတ်မှာ မြို့လယ်ရှိ ဆေးရုံတစ်ရုံတွင် ဖြစ်သည်။
ဤနေရာက ဝမ်လင်းနှင့် မစိမ်းပေ။
ဆိုရလျှင် ဤဆေးရုံသည် ဒါရိုက်တာလီ၏ ဆေးရုံပင် ဖြစ်သည်။
ထိုဆေးရုံက ပုံမှန်မဟုတ်သည့် ထူးခြားသော ရောဂါများကို အထူးကြပ်မတ်ကုသသည့် ဆေးရုံတစ်ရုံ ဖြစ်ကြောင်း ဝမ်လင်း အမှတ်ရမိသည်။
ဝမ်လင်းက ညသန်းခေါင်တွင် ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာသည်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် ဝမ်လင်းအတွက် အစီအစဉ်များကို ပြုလုပ်ထားခဲ့သည်။
သူက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ တစ်စုံတစ်ဦးကို စေလွှတ်ကာ ဝမ်လင်းတို့ကို စောင့်ကြိုစေခဲ့သည်။
ဝမ်လင်းကို စောင့်ကြိုရန်အတွက် စေလွှတ်လိုက်သည့်တစ်စုံတစ်ဦးမှာ အခြားမဟုတ်ပေ၊ ငွေရောင်လေးပင်ဖြစ်သည်။
“ဆရာ”
အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ ငွေရောင်ဆံပင်နှင့်လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူငယ်လေးက ဖိနပ်မစီးဘဲ ခြေဗလာနှင့်ဖြစ်ပြီး သူ့ကိုလက်ဝှေ့ယမ်းပြနေခဲ့သည်။
“မင်းကိုယ်မင်း ဖုံးကွယ်မထားဘဲ ဒီအတိုင်းပဲ ထွက်လာတာလား”
ထွင်ထျန်းဟာက ငွေရောင်လေးကို အံ့အားသင့်စွာစိုက်ကြည့်၍ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ငွေရောင်လေး ဆောင်းထားသည့်ဦးထုပ်ကနေ ငွေရောင်လေးခေါင်းပေါ်ရှိ ချိုနှစ်ချောင်းက ထိုးထွက်နေသောကြောင့်ပင်။
“ဘာမှမဖြစ်ပါဘူး.. အဆင်ပြေပါတယ်.. ဦးထုပ်ဆောင်းထားရင် အရမ်းပူတယ်လေ.. ငါ့ဦးချိုတွေ ပြုတ်ထွက်ကုန်မှာပေါ့.. ကလေးတစ်ယောက်ယောက်က ငါ့ဦးချိုနဲ့ ပတ်သတ်ပြီး လာမေးရင် ဇာတ်ကောင်အဝတ်အစား ဝတ်ထားတယ်လို့ပဲ ပြောလိုက်မယ်”
“...........”
ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့က သက်ပြင်းချလိုက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ငွေရောင်လေးက တကယ်ကို ဉာဏ်ကြီးရှင် ဖြစ်၏။
ငွေရောင်လေးက အချိန်မဖြုန်းတော့ဘဲ သူတို့ကို အဆောက်အဦးထဲသို့ ခေါ်ဆောင်ကာ ဒုတိယလူ၏ အခြေအနေကို ရှင်းပြလိုက်သည်။
“ဆရာ ဒီလူနာရဲ့အခြေအနေက နည်းနည်းထူးဆန်းတယ်.. သူက(pica)ရောဂါသည်တစ်ဦးဖြစ်ပြီး ဒီမှာပဲ တစ်ချိန်လုံး ဆေးကုသမှုကို ခံယူနေရတယ်"
(pica=အစားအသောက် မဟုတ်သည့် မြေ၊သဲ၊စက္ကူ၊ဆပ်ပြာ အစရှိသည်တို့ကို စားချင်စိတ်ပြင်းထန်သောရောဂါ)
"ဒီလိုရောဂါသည်က ဘယ်လိုလုပ်ပြီး အေးခဲထားတဲ့ ဖက်ထုပ်ကို စားရတာလဲ.. သူနာပြုဆရာမရဲ့ အဆိုအရတော့ အဲဒီနေ့မှာလူနာက ပါးစပ်ကနေ ထွေးထုတ်လိုက်တယ်လို့ ဆိုထားတယ်.. ဒါကြောင့် လူနာက အကုန်လုံးကို မစားမိခဲ့တာ ဖြစ်နိုင်တယ်”
“..........”
အပိုင်း(၁၀၇၄) ပြီး၏