← Chapters

မိန်းကလေး၏ အထူးစွမ်းရည်

Vol. 72 Ch. 1075

မိန်းကလေး၏ အထူးစွမ်းရည်

Vol. 72 Ch. 1075

ယင်းက သတင်းကောင်းဟု ဝမ်လင်းထင်ခဲ့သည်။

(Pica) ဝေဒနာရှင်အနေဖြင့် လူနာသည် ပုံမှန်အစားအစာကို စားချင်စိတ်မရှိသဖြင့် အနည်းငယ်သာ စားခဲ့ပုံရသည်။

အနည်းငယ်သာစားမိသဖြင့် လူနာ၏ နှလုံးသားနတ်ဆိုးလှိုက်စားမှုအဆင့်က မမြင့်မားလောက်ပေ။

“ဒီလူနာက ဆေးရုံကို ဘယ်လိုလုပ် ရောက်လာတာလဲ”

ထွင်ထျန်းဟာက မမေးဘဲမနေနိုင်တော့ပေ။

ငွေရောင်လေးက အဆောင်တစ်ခုသို့ ခေါ်သွားရင်း ရှင်းပြလိုက်သည်။

“လူနာက ကိုယ်အလေးချိန် လျှော့ချချင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်တယ်.. သူမက ကိုယ်အလေးချိန်လျှော့ချဖို့အတွက် တစ်နေ့ကို သခွားသီးတစ်လုံးပဲ စားခဲ့တယ်.. နောက်ပိုင်းမှာ သူမက သခွားသီးကိုတောင် လုံးဝမစားတော့ဘူး.. သူမက ဗိုက်အရမ်းဆာပေမဲ့လည်း လုံးဝ မစားတော့ဘူး.. အဲဒီအစား အဆီမပါဝင်ဘဲ ဗိုက်ပြည့်စေနိုင်တဲ့ အိုးမဲတွေစားရတာကို ရုတ်တရက် စွဲလန်းသွားခဲ့တယ်.. အဲဒီနောက်မှာတော့ အဆိပ်သင့်ပြီး ဆေးရုံကို ပို့လိုက်ရတဲ့အထိပဲ”

ငွေရောင်လေးက ရှင်းပြနေရင်း သူ၏ဖုန်းကိုထုတ်ကာ ဆရာဝန်ထံမှရရှိသော လူနာ၏ ဓာတ်ပုံများကို ပြလိုက်သည်။

“ဒီမှာကြည့်.. ဒါက ကျန်းမာစဉ်က ကောင်မလေးရဲ့ ပုံပဲ”

ဝမ်လင်း နှင့် ထွင်ထျန်းဟာတို့က ဖုန်းစခရင်ကို ကြည့်လိုက်ကြသည်။

ပုံထဲမှ မိန်းကလေးသည် သူ့နေရာနှင့်သူ အချိုးအစားကျနသော မိန်းကလေးတစ်ဦး ဖြစ်သည်ကို တွေ့လိုက်ရ၏။

“ဒီမိန်းကလေးက ကိုယ်အလေးချိန် လျှော့ချဖို့အထိ လိုအပ်လောက်အောင် ဝမနေပါဘူး”

အချို့သော ယောက်ျားလေးများနှင့် မိန်းကလေးများသည် ကိုယ်အလေးချိန် လျှော့ချရန်အတွက် လွန်ကဲသောအလေ့အထများအား လုပ်ဆောင်ကြသည်ကို ထွင်ထျန်းဟာ နားမလည်နိုင်ခဲ့ပေ။

တကယ်တမ်းတွင် ဗိုက်ဆာလျှင် စားသောက်ရမည် ဖြစ်ပြီး လေ့ကျင့်ခန်းကို နေ့စဉ်နေ့တိုင်း လုပ်ဆောင်ရမည်သာဖြစ်သည် မဟုတ်ပါလော။

ဤနည်းဖြင့်သာ ဆိုလျှင် ကိုယ်အလေးချိန်က တက်လာမည်မဟုတ်တော့ပေ။

ဆိုရလျှင် ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်နေထိုင်ရန်မှာ အလွန်အရေးကြီးသည်။

လူတစ်ဦးသည် အဆီများစွာ မစားသုံးဘဲ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာနှင့် မှန်ကန်သော လေ့ကျင့်ခန်းများ ရှိနေသရွေ့ ကောင်းမွန်သောပုံသဏ္ဍာန်သည် စိတ်ကူးယဉ်အိမ်မက် ဖြစ်နေမည် မဟုတ်တော့ပေ။

လူတိုင်းသည် ဝမ်လင်းကဲ့သို့ ခန္ဓာကိုယ်ပေါ်ရှိ အဆီများကို တမဟုတ်ချင်း ပျောက်ကွယ်အောင်လုပ်ရန် မဖြစ်နိုင်ပေ။

ဝမ်လင်းက တည်ငြိမ်သော အမူအရာဖြင့် ဖုန်းစခရင်ကို ကြည့်နေသည်။

သူ့လက်ထဲတွင် သန့်စင်ရေးခေါင်းလောင်း ရှိနေ၍ လူနာ၏ နှလုံးသားနတ်ဆိုးကို မောင်းထုတ်ရန်မှာ ပြဿနာ မဖြစ်လောက်ပေ။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ငွေရောင်လေးသည် ဝမ်လင်းကို အထူးဇုံရှိ အဆောင်တစ်ခုသို့ ပို့ဆောင်ခဲ့သည်။

ထို့နောက်တွင် ဝမ်လင်း၊ ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့အားလုံးသည် အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြရသည်။

ထွင်ထျန်းဟာ အတွက်လည်း အဖြူရောင်ဝတ်စုံ တစ်စုံကို အံဝင်ခွင်ကျ ပြုလုပ်ပေးထားခဲ့သည်။

ဆိုရလျှင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် သူတို့ကို အတိုင်ပင်ခံ ဆရာဝန်များအဖြစ် အထောက်အထားအသစ်များကို ပြုလုပ်ပေးခဲ့သည်။

ငွေရောင်လေးက ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ကို သူနာပြုဆရာမကြီး ဆီသို့ ခေါ်လာခဲ့သည်။

သူနာပြုဆရာမကြီးက ဝမ်လင်း၏ နုနယ်သောမျက်နှာကို မြင်လိုက်ရသောအခါ တအံ့တဩ ရေရွတ်လိုက်သည်။

“ရှင်က ဒေါက်တာဝမ်လား.. ရှင်က အရမ်းကို ငယ်ရွယ်သေးတာပဲနော်”

ဝမ်လင်း “..........”

“သူနာပြုဆရာမကြီး.. မေးခွန်းတွေ သိပ်မထုတ်ပါနဲ့.. ငါ့ဆရာက စကားပြောလေ့ပြောထ မရှိဘူး.. ဒါနဲ့ လာရင်းကိစ္စနဲ့ ပတ်သတ်ပြီး ဆရာမကြီးကို အပူပေးရဦးမယ်”

ငွေရောင်လေးက ရှေ့တစ်လှမ်းတိုး၍ သူနာပြုဆရာမကြီးကို နှုတ်ဆက်လိုက်သည်။

“အင်းပါ.. အဆင်ပြေပါတယ်”

သူနာပြုဆရာမကြီးက ခေါင်းညိမ့်၍ ပြောလိုက်သည်။

ဝမ်လင်းနှင့်ထွင်ထျန်းဟာတို့က ဆေးရုံသို့ မရောက်မီကတည်းကပင် ငွေရောင်လေးသည် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ပြီ ဖြစ်သည်။

သူက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အကူအညီဖြင့် ဝမ်လင်းတို့၏ အထောက်အထားများကို ဖုံးကွယ်ထားခဲ့၏။

သို့တိုင် သူနာပြုဆရာမကြီးသည် ဝမ်လင်း၏ အကြောင်းကို အလွန်ပင် သိချင်နေခဲ့သည်။

ဤဒေါက်တာဝမ်က အလွန်ပင် ငယ်ရွယ်လွန်းသည်ဟု သူမထင်မြင်မိသည်။

ဒေါက်တာဝမ်၏ လူနာကြည့်ချိန်တွင် ခွေးတစ်ကောင်ကို အတူခေါ်ဆောင်လာသည့် ပုံစံက အလွန်ချစ်စရာကောင်းသည်ဟု သူမ ထင်မြင်မိသည်။

ဤကဲ့သို့ ရုပ်ရည်ချောမောပြီး ငယ်ရွယ်သောဆရာဝန်များသည် ဆေးလောက နယ်ပယ်ထဲတွင် တွေ့ရခဲ၏။

သူနာပြုဆရာမကြီးက ဝမ်လင်းအပေါ်တွင် ပေါက်ကရတွေးတောနေခဲ့သည်။

“ကျေးဇူးပြုပြီး ငါ့နောက်က လိုက်ခဲ့ပေးကြပါ.. အထူးဇုံမှာလူနာအများအပြားကို ကုသပေးတဲ့ အဆောင်တစ်ခုစီ ရှိပါတယ်.. ဒီလူနာကောင်မလေးက အရင်က ဒီအဆောင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ အေးခဲထားတဲ့ဖက်ထုပ်တွေ စားပြီးတဲ့နောက်မှာ သူမရဲ့ စိတ်အခြေအနေက ရုတ်တရက်ပြောင်းလဲသွားပြီး အတော်လေး မတည်မငြိမ် ဖြစ်သွားခဲ့တယ်.. ဒါတင်မကဘဲ သူမရဲ့ အစားစားချင်စိတ်လည်း တိုးလာတယ်.. အရူးအမူး စားသောက်ခဲ့တဲ့အတွက် အချိန်တိုအတွင်းမှာပဲ သူမရဲ့ကိုယ်အလေးချိန်က ဂျင် ၃၀ လောက် တိုးလာခဲ့တယ်”

ထို့နောက် သူနာပြုဆရာမကြီးက မျက်မှောင်ကြုတ်လိုက်သည်။

“အရင်က ဒီလိုလူနာမျိုး တစ်ခါမှ မတွေ့ဖူးဘူး.. သူမရဲ့ ရောဂါက ပုံမှန်မဟုတ်ဘဲ ထူးခြားတဲ့ ရောဂါလို့ သံသယရှိတဲ့အတွက် စောင့်ကြည့်ကုသဖို့ အထူးဇုံမှာ ထားခဲ့တာပဲ”

ဝမ်လင်းက ခေါင်းညိမ့်လိုက်သည်။

ထို့နောက်တွင် သူနာပြုဆရာမကြီးသည် အ‌ဆောင် ၁၃၀၆ ၏ တံခါးဝသို့ ရောက်သောအခါတွင် ရပ်တန့်လိုက်သည်။

အခန်းထဲမှနေ၍ မိန်းကလေးတစ်ဦး၏ ဒေါသပုန်ထနေသောအသံများကို သူတို့အားလုံးက အတိုင်းသား ကြားလိုက်ရသည်။

“မြင်တဲ့အတိုင်းပဲ.. ကောင်မလေးက ထမင်းမစားရလို့ သောင်းကျန်းနေပြီ”

သူနာပြုဆရာမကြီးက သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒီအဆောင်ရဲ့နံရံတွေကို အထူးမှတ်ဉာဏ် ရေမြှုပ်နဲ့ ပြုလုပ်ထားတဲ့အတွက် စိတ်ဝေဒနာရှင်အချို့က နံရံကို ခေါင်းနဲ့တိုက်တာလိုမျိုး အန္တရာယ်ရှိတဲ့ အရာတွေကို မလုပ်မိအောင် တားဆီးထားနိုင်တယ်.. နံရံတွေက ရေနဲ့မီးကို စုပ်ယူနိုင်စွမ်းရှိပြီး ပျက်စီးသွားခဲ့ရင်တောင် အချိန်တိုအတွင်း ပြန်လည်ပြုပြင်နိုင်တယ်”

“ဒါနဲ့ ကောင်မလေး ပစ်လိုက်တဲ့ အေးခဲဖက်ထုပ်တွေကို ဘယ်မှာ ထားလိုက်လဲ”

ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။

“လွှင့်ပစ်လိုက်ပါပြီ”

သူနာပြုဆရာမကြီးက ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ငွေရောင်လေးသည် ဝမ်လင်း နှင့် ထွင်ထျန်းဟာတို့ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

“ဆရာ စိတ်မပူပါနဲ့.. ညီနောင်ဗုံးပစ်က အေးခဲဖက်ထုပ်တွေအားလုံးကို ပြန်လည်သိမ်းဆည်းဖို့ စီစဉ်ထားပြီးပါပြီ”

ထိုအခါမှပင် ဝမ်လင်းက သက်ပြင်းတစ်ချက်ကို ချနိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤဖက်ထုပ်များ ထပ်မပေါ်လာသည်က ကောင်းသည်မဟုတ်လော။

သူနာပြုဆရာမကြီးက တံခါးဖွင့်ရန်အတွက် တံခါးဖွင့်သည့်ကဒ်ကို ပွတ်ဆွဲလိုက်ပြီးနောက်တွင် ဝမ်လင်း၏ ကျောဘက်၌ ကြောက်ရွံ့သော အမူအရာဖြင့် ဝင်ပုန်းလိုက်သည်။

“ဒေါက်တာဝမ်.. ငါအရမ်းကြောက်တာပဲ”

ဝမ်လင်း “..........”

ထိုအချင်းအရာကို မြင်လျှင် ငွေရောင်လေးက သူနာပြုဆရာမကြီး၏ လက်ကို အလျင်အမြန် ဆွဲယူလိုက်သည်။

“သူနာပြုဆရာမကြီး.. ဒေါက်တာဝမ်ဆီမှာ မိုင်ဆိုဖိုဘီယားရောဂါရှိတယ်.. ဆရာမကြီး သူ့ကို သွားမထိတာ ပိုကောင်းတယ်”

{Mysophobia=ရောဂါပိုးနှင့် အညစ်အကြေးတွေကို ပြင်းထန်စွာကြောက်ရွံ့သောရောဂါ}

ထိုစကားကိုကြားလျှင် သူနာပြုဆရာမကြီးက စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။

သူမလို နွားအိုမကြီး တစ်ကောင်က မြက်နုကို စားသုံးရသည်မှာ သိပ်အဆင်မပြေမှန်း သူမ သိသည်။

သို့သော်လည်း မြက်နုကိုစားသုံးရန် အိပ်မက်မက်ခွင့်တော့ ရှိသည် မဟုတ်ပါလော။

သူနာပြုဆရာမ၏ အတွေးကိုကြားလျှင် ဝမ်လင်းက ဆွံ့အသွားခဲ့သည်။

ဤစာစဉ်ကို ရေးသားသော သောက်ရူး စာရေးဆရာသည် အမျိုးသမီးဇာတ်ကောင်ဖြစ်သည့် စွန်းရုံ၏ အကြောင်း ရေးသားခြင်းကိုပင် ရပ်တန့်ခဲ့ပြီး သောက်ရေးမပါသော သူနာပြုအဖွားကြီး အကြောင်းကို ကောက်ရေးနေသည် မဟုတ်လော။

[မင်းလို နွားအိုမကြီးက စွန်းရုံနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ၊ မင်းက စွန်းရုံရဲ့နေရာကို အစားဝင်ပြီး အမျိုးသမီးဇာတ်ဆောင် ဖြစ်ချင်နေတာလား]

စင်စစ် အိပ်မက်ဆန်သော အရာများသည် လက်တွေ့ကျနေလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက သူနာပြုဆရာမကြီး၏ အတွေးကို လျစ်လျူရှုလိုက်ပြီး အခန်းတံခါးကို တွန်းဖွင့်၍ ဝင်လိုက်သည်။

အထူးအဆောင်တွင် ပရိဘောဂများ ရှိမနေခဲ့ပေ။

လူစိမ်းများ ဝင်လာသည်ကိုမြင်လျှင် ကောင်မလေး၏ မျက်နှာတွင် စူးရှသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။

သူမက ဝမ်လင်း၏မျက်နှာကို စိုက်ကြည့်ရင်း နှာခေါင်းကို တရှုံ့ရှုံ့လုပ်ကာ ခေါက်ဆွဲခြောက်ဟု ရေရွတ်လိုက်သည်။

ဆိုရလျှင် သူမသည် ဝမ်လင်းထံမှ သရေစာခေါက်ဆွဲခြောက်အရသာကို အနံ့ခံနိုင်ခဲ့သည်။

ထို့နောက် သူမက ငွေရောင်လေးဘက်သို့လှည့်ကာ အနံ့ရှူရှိုက်လိုက်သည်။

“ဘရိုကိုလီ.. ဘရိုကိုလီ.. ဘရိုကိုလီ”

“ဒါက ဘယ်လိုစကေးလ်မျိုးလဲဟ”

ငွေရောင်လေးက အံ့ဩ ထိတ်လန့်သွားသည်။

“ဒီကောင်မလေးက လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကစပြီး တခြားသူတွေ စားခဲ့တဲ့အရာတွေကို အနံ့ခံနိုင်ခဲ့တယ်”

သူနာပြုဆရာမကြီးက သူတို့ကို ရှင်းပြလိုက်သည်။

“အဲဒီလိုကိုး”

ငွေရောင်လေးက ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်သည်။

သူက ဒီကိုမလာခင် ဗုံးပစ်စီနီယာအင်မော်တယ်နှင့် ဘရိုကိုလီသုပ်ကို စားခဲ့သည် မဟုတ်ပါလော။

ထိုအချိန်မှာပင် မိန်းကလေး၏ မျက်လုံးထဲ၌ ရူးသွပ်သောအကြည့်တစ်ခု ပေါ်လာခဲ့သည်။

သူမက နောက်ကွယ်တွင် ပုန်းနေသော သူနာပြုဆရာမကြီးကိုကြည့်ကာ ကြက်သွန်ဖြူ ကြက်သွန်ဖြူဟု ထပ်ကာတလဲလဲပြောဆိုနေခဲ့သည်။

သူနာပြုဆရာမကြီးက ခေါင်းငုံ့လိုက်ပြီး သူမ၏ လက်ဖဝါးကို ရှူရှိုက်လိုက်သည်။

သူမ ညနေက ကြက်သွန်ဖြူကို အမှန်တကယ် စားခဲ့သော်လည်း ဘယ်သူ့ကိုမှ မထိခိုက်စေရန်အတွက် ပီကေများစွာစားပြီး သူမ၏ ပါးစပ်ကို ဆေးကြောခဲ့၏။

သို့တိုင် ဤကောင်မလေးက အနံ့ခံနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အဆုံးသတ်တွင် ကောင်မလေးသည် ထွင်ထျန်းဟာ ဘက်သို့လှည့်ကာ 'ချီးတုံး ချီးတုံး ချီးတုံး' ဟူသောစကားကို ထပ်ကာတလဲလဲ ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် လူတိုင်းသည် အလွန် ထိတ်လန့်သွားသောအမူအရာဖြင့် ထွင်ထျန်းဟာကို တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။

အပိုင်း(၁၀၇၅) ပြီး၏

All Chapters