← Chapters

နောက်ဆုံးတော့ လူသားအသွင် ပြောင်းနိုင်ခဲ့ပြီ

Vol. 72 Ch. 1078

နောက်ဆုံးတော့ လူသားအသွင် ပြောင်းနိုင်ခဲ့ပြီ

Vol. 72 Ch. 1078

အခြေအနေက အင်မော်တယ်ကျန်းရွမ် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

ယုတ္တိကျကျ ပြောရလျှင် သာမန်အခြေအနေတွင်စကြာ၀ဠာမီးလျှံ အနေဖြင့် ကြောက်စရာအကြောင်း ဘာမှမရှိပေ။

ထို့အတွက်ကြောင့် အင်မော်တယ် ကျန်းရွမ်က အမှန်တကယ်ပင် မယုံနိုင်လောက်အောင် ထိတ်လန့် အံ့သြနေခဲ့သည်။

"စီနီယာခွေး.. ဒီလူငယ်လေးက ဘယ်သူလဲ"

အခြေအနေက ဤအဆင့်ထိ ရောက်လာပြီ ဖြစ်၍ ထွင်ထျန်းဟာက ဟန်ရေးမပြနိုင်တော့ပဲ ကျန်းယွမ်ကို အမှန်အတိုင်းသာ ပြောပြလိုက်တော့သည်။

"ဒါက ငါရဲ့သခင်ပဲ"

"ဤလူငယ်က တကယ်ပဲ စီနီယာခွေးရဲ့ သခင်လား"

ကျန်းယွမ်က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သူ့အမြင်တွင် စီနီယာခွေးသည် အလွန်ပင် သန်မာနေပြီ ဖြစ်သည်။

သို့ဆိုလျှင် စီနီယာခွေး၏ သခင်စွမ်းအားက ပေါက်ကွဲထွက်လောက်သည်အထိ ဖြစ်နိုင်သည် မဟုတ်ပါလော။

ကျန်းယွမ်က ဒေါသမထွက်ပဲ အံ့အားသင့်သွားသဖြင့် ထွင်ထျန်းဟာက ထူးဆန်းသည်ဟု တွေးမိခဲ့သည်။

"ကျန်းယွမ် မင်းစိတ်မဆိုးဘူးလား"

"ဘာလို့ စိတ်ဆိုးရမှာလဲ စီနီယာခွေး"

ကျန်းယွမ်က မျက်ခုံးပင့်၍ ပြောလိုက်သည်။

"စီနီယာခွေးရဲ့ ခွန်အားကို ကျွန်တော်နားလည်ထားတာပဲ.. ဒီလူငယ်က စီနီယာခွေးရဲ့ သခင်ဖြစ်တဲ့အတွက် ပိုလို့တောင် သန်မာနေမှာ သေချာတယ်.. စီနီယာခွေးက ကျွန်တော့်ကို ဒီလောက် အရေးကြီးတဲ့အခြေအနေမှာတောင် သတိရပြီး စီနီယာခွေးရဲ့ သခင်နဲ့တောင် မိတ်ဆက်ပေးခဲ့တယ်.. ဒါက စီနီယာခွေးရဲ့ မိသားစု တစ်စိတ်တစ်ပိုင်းလို့ ကျွန်တော့်ကို သတ်မှတ်ထားတယ် ဆိုတာ သက်သေပြနေတာပဲ.. ကျွန်တော့်အနေနဲ့ ဘယ်လိုတောင် ကျေးဇူးတင်ရမှန်း မသိတော့ဘူး.. ဘာလို့ စီနီယာခွေးကို အပြစ်တင်ရမှာလဲ"

"........"

ကျန်းယွမ်ရဲ့ စကားကြောင့် ထွင်ထျန်းဟာ အံ့သြသွားခဲ့သည်။

ကျန်းယွမ်က သူလှည့်စားခဲ့သည်ကို အနည်းငယ်မျှပင် သံသယဖြစ်ပုံ မရပေ။

အားလုံးပြောပြီးနောက်တွင် ကျန်းရွမ်သည် အင်မော်တယ်အရှင်မြတ် အဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်။

သူ၏ ဖြူစင်သော စိတ်ထားကြောင့် ဤအဆင့်ထိပြီးမြောက်အောင် ကျင့်ကြံနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ထွင်ထျန်းဟာက သူ့ကိုယ်သူ ကျန်းရွမ်နှင့် နှိုင်းယှဥ်မိသည်။

ဤအချက်က သူ့အနေဖြင့် လူသားအသွင်ဆောင်ရန်

နှေးကွေးနေရသည့် အကြောင်းအရင်းတစ်ခုလည်း

ဖြစ်ကောင်း ဖြစ်နေနိုင်သည် မဟုတ်ပါလော။

၀မ်လင်းက ခြေတစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုးသွားသည်ကို မြင်လျှင် ကျန်းယွမ်၏ အကြည့်က တင်းမာသွားခဲ့သည်။

"စီနီယာခွေး ကျွန်တော့်အမြင်မှာ စီနီယာခွေးရဲ့သခင်က အရေးပေါ် အခြေအနေကို ရောက်နေပြီ.. အကယ်၍

ကျွန်တော်နဲ့ စီနီယာခွေးသာ အတူတူ ပူးပေါင်းလိုက်မယ် ဆိုရင် စီနီယာခွေးရဲ့ သခင်ကို တားဆီးနိုင်ဖို့ အတွက် အခွင့်အရေး ရနိုင်ပါသေးတယ်"

"........"

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာသည် အတွေးထဲတွင် လေးနက်စွာ ပျောက်ဆုံးသွားခဲ့သည်။

သူ့အနေဖြင့် ကျန်းရွမ်နှင့် ပူးပေါင်းရန် လုံး၀မဖြစ်နိုင်ပေ။

အကြောင်းရင်းမှာ သူက စိတ်ဆန္ဒ ရှိလျှင်ပင် အခွင့်အရေး မရှိသောကြောင့် ဖြစ်သည်။

အကယ်၍ ထွင်ထျန်းဟာက ငွေရောင်လေးကဲ့သို့ သန်မာခဲ့လျှင် ကျန်းယွမ်နှင့် ပူးပေါင်းလိုက်ပါက ၀မ်လင်းကို ခဏမျှ ရပ်တန့်ကောင်း ရပ်တန့်နိုင်မည် ဖြစ်၏။

သို့သော် ယခု အချိန်တွင်မူ သူ့အနေဖြင့် အမှန်တကယ်စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

ထွင်ထျန်းဟာက ချီတုံချတုံ ဖြစ်နေခဲ့သည်။

အကယ်၍သာ သူ၏စွမ်းအားကို ကျန်းယွမ်၏ ရှေ့တွင် လုံးလုံးရှားရှား ဖော်ထုတ်ခဲ့မည်ဆိုလျှင် သူယခင်က ရရှိထားသည့် ဂုဏ်သိက္ခာများ အားလုံးသည် ရေစုန်မျှောပစ်လိုက်ရမည် ဖြစ်သည်။

ထို့အပြင် ကျန်းယွမ်သည် သူ့ကို အထင်ပင် သေးသွားနိုင်၏။

"........"

ဤကဲ့သို့ အခြေအနေမျိုးတွင် သူဘာလုပ်သင့်ပါသနည်း။

၀မ်လင်းက နှလုံးသားနတ်ဆိုး၏ ညို့ငင်မှုအောက်တွင် သက်ဆင်းသွားပြီး ခေါက်ဆွဲခြောက်တောအုပ် ထဲသို့ လျှောက်သွားသည်ကို ကြည့်ပြီး နောက်တွင် ထွင်ထျန်းဟာသည် သွားများကို အံတင်းတင်း ကြိတ်လိုက်သည်။

ထို့နောက်တွင် သူက ၀မ်လင်းအပ်နှင်းခဲ့သော ဓားတာအို၏ လေးနက်သော အမှန်တရားကို ထုတ်ဖော်ကာ ဟန့်တားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

စင်စစ် ၀မ်လင်းနှင့် နှစ်ဝက်ကြာ နေထိုင်ခဲ့ပြီး နောက်တွင် သူနှင့် ၀မ်လင်းကြားရှိ သံယောဇဥ်သည် အလွန်ပင် နက်နဲလာခဲ့သည်။

ထို့ကြောင့် ထွင်ထျန်းဟာသည် နှလုံးသားနတ်ဆိုး၏ လက်ထဲသို့ ၀မ်လင်း ကျရောက်သွားမည်ကို လျစ်လျူမရှုနိုင်ခဲ့ပေ။

ထွင်ထျန်းဟာက သူ၏သွားများကို အံကြိတ်လိုက်ပီး ခန္ဓာကိုယ်အနှံ့သို့ ၀ိညာဥ်စွမ်းအားများကို ပျံ့နှံ့စေလိုက်သည်။

သူ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ပြီးနောက်တွင် ကျန်းယွမ်က သူ့ကို မည်ကဲ့သို့ သဘောထားမည်ကိုလည်း ဂရုမစိိုက်နိုင်တော့ပေ။

ယခုအချိန်တွင် ထွင်ထျန်းဟာ ဂရုစိုက်သည်မှာ ၀မ်လင်း တစ်ယောက်သာ ရှိသည်။

သူ့အနေဖြင့် ၀မ်လင်းတစ်ယောက် နှလုံးသားနတ်ဆိုး၏ နှိပ်စက်ခြင်းခံရမည်ကို ထိုင်မကြည့်ရက်ပေ။

ထိုအ​ခြေအနေတွင် ထွင်ထျန်းဟာသည် ဓားတာအိုကို ထုတ်ဖော်လိုက်ပြီး နတ်ဆိုးဘုရင် နှလုံးသားကျမ်း၏ ပိုမိုကောင်းမွန်သောနည်းဖြင့် သူ၏ ခွန်အားကို မြှင့်တင်လိုက်၏။

ထို့ကြောင့် သူ့ခန္ဓာကိုယ်ရှိ အပေါက်တိုင်းကနေ ၀ိညာဥ်ချီများ ထွက်လာခဲ့သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ထွင်ထျန်းဟာ၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင်အငွေ့များ ထွက်ပေါ်လာခဲ့ပြီး သူ၏ အစိမ်းရောင် ခွေးမွေးများကလည်း လေမတိုက်ပဲ တဖျပ်ဖျပ်ရိုက်ခတ် နေခဲ့သည်။

ဓားတာအိုသည် ထိုအချိန်က မိစ္ဆာဓါးနတ်ဘုရား ထံမှ ၀မ်လင်း သိမ်းယူခဲ့ပြီး ထွင်ထျန်းဟာကို ပေးအပ်ခဲ့သည့် ကောင်းကင်တာအို အမျိုးအစား ဖြစ်သည်။

ထွင်ထျန်းဟာက ဤအခိုက်အတန့်တွင် သူ့ကိုယ်သူ ဓားတာအိုကို ပြီးပြည့်စုံသည့်အဆင့်ထိ ရောက်သွားလိမ့်မည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။

သူသည် လွန်ခဲ့သော လအနည်းငယ်ကစပြီး ဓါးတာအိုကို အပတ်တကုတ် အားထုတ်ခဲ့သော်လည်း ဓါးတာအို၏ စွမ်းအားကို သတိမထားမိခဲ့ပေ။

ထွင်ထျန်းဟာက ဓားတာအိုကို ထုတ်ဖော်ပြီးနောက်

ခန္ဓာကိုယ်မှ အငွေ့များ ထွက်လာသည်ကို မြင်လိုက်ရလျှင် အံ့အားသင့်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်တွင် စွမ်းအင်ရုပ်လုံးဖော်မှု အငွေ့အသက်များ စတင်ပြသလာပြီး မဟုတ်ပါလော။

"ငါမျှော်လင့်ထားသလိုပဲ စီနီယာခွေးက အရမ်းသန်မာလွန်းတယ်"

ကျန်းယွမ်က စွမ်းအင်ရုပ်လုံးဖော်မှုကို ထွင်ထျန်းဟာထံမှ မြင်ရလျှင် သက်ပြင်းတစ်ချက် ချလိုက်သည်။

ရိုးသားစွာ၀န်ခံရလျှင် သူသည် ယခင်က ထွင်ထျန်းဟာကို သူစိတ်ကူးထားသလို မသန်မာလောက်ဟု သံသယဖြစ်ခဲ့ဖူးသည်။

ယခုအခါတွင် ကျန်းရွမ်သည် သူအတွေးလွန်နေမှန်း သိလိုက်ရ၏။

စင်စစ် ဓားတာအိုကို အံသွားများ အထဲသို့ ပေါင်းစည်းနိုင်မှုသည် သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သည့် အရာမျိုး မဟုတ်ပေ။

ထွင်ထျန်းဟာ ယခု ထုတ်ဖော်လိုက်သော စွမ်းအားက ကျန်းရွမ်၏ သံသယများကို ရှင်းလင်းစွာ ဖယ်ရှားနိုင်သည်အထိ လုံလောက်အောင် အစွမ်းထက်နေခဲ့သည်။

သို့သော် ထွင်ထျန်းဟာ ကိုယ်တိုင်ပင် သူမည်မျှ အစွမ်းထက်မှန်း ရှင်းရှင်းလင်းလင်း မသိရှိခဲ့ပေ။

သူက သူ၏ အလုံးစုံတိုက်ခိုက်ရေး စွမ်းအားနှင့် ကျန်းရွမ်၏ စွမ်းအားပေါင်းစပ်လျှင် ဆရာလေးလင်း၏ တိုက်ခိုက်မှု သုံးကြိမ်ကို ခံနိုင်ရည် ရှိလောက်သည်ဟု တွေးမိခဲ့သည်။

တစ်နည်းဆိုရလျှင် သူတို့နှစ်ယောက်သည် ၀မ်လင်း၏ ရိုက်ချက် သုံးချက်ကြောင့် သေဆုံးသွားနိုင်သည် ဟူသော အဓိပ္ပါယ်ပင်။

ဤသည်ကပင် မိစ္ဆာဓါးနတ်ဘုရားနှင့် ယှဥ်လျှင် ပိုကောင်းသည့် သာဓက ဖြစ်နေပြီ ဖြစ်၏။

သို့သော် လောလောဆယ်တွင် ၀မ်လင်းသည် သူတို့တိုက်ခိုက်မည်ကို လုံလောက်အောင် သတိမပြုမိသေးသောကြောင့် သူတို့၏ ဘ၀သည် သဘာ၀အတိုင်းပင် အန္တရာယ် မရှိခဲ့ပေ။

သို့တိုင် ၀မ်လင်းကို ရပ်တန့်ဖို့ ကြိုးစားသည်မှာ ကောင်းကင်ကို တတ်ရသည်ထက်ပင် ခက်ခဲနေဆဲပင်။

"ငါ့ကို ကာကွယ်ပေးထား"

ထွင်ထျန်းဟာတွင် ၀မ်လင်းကို စွန့်လွှတ်ဖို့ အစီအစဥ် လုံး၀ မရှိခဲ့ပေ။

သူက ကျန်းရွမ်ကို အမိန့်ပေးလိုက်ပြီးနောက် ၀မ်လင်း၏ ဘောင်းဘီစကို ကိုက်ရန် လျှင်မြန်စွာ ရှေ့သို့ တိုးသွားခဲ့သည်။

ဓားတာအို၏ လေးနက်သော အမှန်တရားက လေထဲတွင် ပေါ်လာသည်နှင့် အမျှ ထွင်ထျန်းဟာ၏ သွားများမှ တဆင့်ဓားတာအို သင်္ကေတများ ပေါ်ပေါက်လာခဲ့သည်။

"ကောင်းကင်ဘုံတောင်ပေါ်မှ ဆင်းသက်လာသော ဓါးခုနစ်စင်း.."

ထိုခဏမှာပင် ခွေးတစ်ကောင်၏ အစွယ်များနှင့် ဆင်တူသောဓါးအလင်းခုနစ်စင်းသည် ၀မ်လင်း၏ အနီးတ၀ိုက်တွင် ကြက်ခြေခတ်ပုံစံဖြင့် လှောင်အိမ်တစ်ခုကို ချက်ခြင်း ဖွဲ့စည်းလိုက်သည်။

"ပြီးတော့မယ် အားတင်းထား"

ထွင်ထျန်းဟာက သူ့ကိုယ်သူ ဆက်လက်၍ တွန်းအားပေးခဲ့သည်။

သူ၏ အမွေးစိမ်းများကလည်း မီးတောက်များကဲ့သို့ တောက်လောင်နေ၏။

"စီနီယာခွေး ကျွန်တော်လာပီ"

ကျန်းယွမ်က ထွင်ထျန်းဟာနှင့် အပေးအယူမျှစွာ ပူးပေါင်းခဲ့သည်။

ကောင်းကင်ဘုံတောင်ပေါ်မှ ဓါးခုနစ်စင်း ဆင်းသက်လာချိန်တွင် ကျန်းရွမ်သည် ကြီးမားလေးလံသော ကျောက်စိမ်းစည်းတံဆိပ်တော် တစ်ခုကို ကောင်းကင်ထဲရှိ နေရာလွတ်ကနေ ဆွဲယူလိုက်သည်။

"ကောင်းကင်ဘုံအင်ပါယာရဲ့ ​ကျောက်စိမ်းတံဆိပ်တော်"

ဤသည်မှာ ကျန်းရွမ် တန်ဖိုးထားရသည့် အခြားသော မှော်ရတနာ တစ်ခုဖြစ်ပီး အစွမ်းထက် ဖိနှိပ်နိုင်မှု စွမ်းအားလည်းရှိ၏။

ထိုထက်မက ထိုမှော်တံဆိပ်တော် ထဲတွင် ကျန်းရွမ်၏ သွေးစက်များလည်း ပါ၀င်သည်။

ဆိုရလျှင် အင်မော်တယ် သွေးတစ်စက်သည် ဂြိုလ်တစ်ခု၏ ထက်၀က်ခန့် နီးနီး လေးလံ၏။

ကောင်းကင်အင်ပါယာ၏ ကျောက်စိမ်း စည်းတံဆိပ်တော်မှ ထွက်ပေါ်လာသော ဖိနှိပ်ချုပ်ခြယ်မှု စွမ်းအားသည် သာမန်မဟုတ်ပေ။

ထိုမြင်ကွင်းကို မြင်လျှင် ထွင်ထျန်းဟာသည် စိတ်အားတတ်ကြွလာပြီး သူ့ခန္ဓာကိုယ်ရှိ သွေးများက ခန္ဓာကိုယ်အနှံ့ ပိုမိုမြန်ဆန်စွာ ပျံ့နှံ့လာခဲ့သည်။

ရုတ်ခြည်းဆိုသလို ထွင်ထျန်းဟာသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် ပုံမှန်မဟုတ်သော စွမ်းအားပူဖောင်း တစ်ခုကို ခံစားလိုက်ရသည်။

"ငါ လူသားအသွင် ပြောင်းနိုင်တော့မှာလား"

"နောက်ဆုံးတော့ ငါက လူသားအသွင်ကို ပြောင်းနိုင်တဲ့အထိ ကျင့်ကြံနိုင်ခဲ့ပြီ"

ဤတိုက်ပွဲသည် သူ၏ ပိတ်ဆို့ထားသော သွေးကြောများကို သွယ်၀ိုက်၍ ပွင့်စေခဲ့ပြီး အဆုံးသတ်တွင် သူအချိန်အတော်ကြာ တောင့်တခဲ့သော လူသားပုံစံကို ရရှိစေခဲ့သည်။

ထွင်ထျန်းဟာက အလွန်ပျော်နေပြီး ပါးစပ်နားရွက်တက်ချိတ်တော့မတတ် အားရစွာ ရယ်မောနေခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် ထွင်ထျန်းဟာသည် မှော်ဆန်သော မိန်းကလေးအသွင်ပြောင်းခြင်း ကဲ့သို့ ချစ်စရာသွားစွယ်လေးများ ရှိသည့် ဆံပင်အစိမ်းရောင်နှင့် ချာတိတ်လေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်အင်ပါယာ၏ ကျောက်စိမ်းတံဆိပ်တော်နှင့် ကောင်းကင်ဘုံတောင်ပေါ်မှ ဆင်းသက်လာသောဓါးခုနစင်းတို့ဖြင့် ပိတ်လှောင်ခံထားရသည့် ၀မ်လင်းသည် အဆုံးသတ်တွင် သက်ပြင်းချလိုက်သည်။

သူ၏ခွေးသည် နောက်ဆုံးတွင် လူသားအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအတွက် သရုပ်ဆောင်ရသည်မှာ ၀မ်လင်းအတွက် အလွန်တရာ ပင်ပန်လွန်းလှ၏။

အပိုင်း(၁၀၇၈) ပြီး၏

All Chapters