← Chapters

အခန်း (၁၃၇)

Vol. 10 Ch. 137

အခန်း (၁၃၇)

Vol. 10 Ch. 137

"ဝိုး.. ကျန်းချန်က အရမ်းထူးဆန်းတာပဲ"

"ဟုတ်ပါ့ကွာ.. သူက တတိယအဆင့် အဂ္ဂိရတ်သခင်တောင် ဖြစ်နေပြီ.. သူ့ရဲ့ အဂ္ဂိရတ်ပါရမီကလဲ ကိုယ်ခံပညာပါရမီလို မွန်းစတားဆန်မယ်လို့ မထင်ထားမိဘူး"

"အံ့သြစရာပဲ.. အခုကစပြီး ကျန်းချန်က ငါတို့ လင်ယွင်ကျောင်းတော်ရဲ့ စီနီယာ အကိုကြီးပဲ.. သူ့စကားကိုပဲ နာခံတော့မယ်"

ကျန်းချန်က တတိယအဆင့် အဂ္ဂိရတ်သခင်တံဆိပ်ကို ထုတ်ပြလိုက်သည်နှင့် ပတ်ဝန်းကျင်မှ လူတိုင်းသည် အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။

ကျန်းချန်က လင်ယွင်ကျောင်းတော်၏ နံပါတ်တစ် ကျောင်းသား ဖြစ်လာသည်ကပင် သူတို့ကို အံ့အားသင့်စေဖို့ လုံလောက်နေပြီ ဖြစ်သည်။

သို့ရာတွင် ကျန်းချန်က တတိယအဆင့် အဂ္ဂိရတ်သခင်ပါ ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားမိပေ။

ထို့အပြင် ကျန်းချန်၏ လေသံကို နားထောင်ရသလောက် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်ခံယူရန် အသင့်ဖြစ်နေပုံရ၏။

ယင်းက လင်ယွင်မြို့ရှိ အဂ္ဂိရတ်ပညာရှင် အစည်းအရုံးတွင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ် စစ်ဆေးခွင့် မရှိ၍သာ တတိယအဆင့်နှင့် ရပ်တန့်နေသည်ဟု ယူဆ၍ရသည်။

စတုတ္ထအဆင့် အဂ္ဂိရတ်သခင်အဖြစ် အကဲဖြတ် စစ်ဆေးခွင့် မရှိသည်ကို ထည့်မတွက်လျှင်ပင် အသက် ၁၅ နှစ်၊ ၁၆ နှစ်တွင် တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာသည်က အတော်လေး အံ့သြဖို့ကောင်းနေပြီ ဖြစ်၏။

ဤကဲ့သို့ အဂ္ဂိရတ် ပါရမီမျိုးသည် မျက်နှာချင်းဆိုင်ရှိ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ကို လုံးဝ ဖိနှိပ်ပစ်ရန် လုံလောက်လုနီးပါးပင် မဟုတ်ပါလား။

"မ.. မဖြစ်နိုင်ဘူး"

"မင်းက တတိယအဆင့် အဂ္ဂိရတ်သခင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"မင်းရဲ့ တံဆိပ်ပြားက အတုပဲဖြစ်ရမယ်"

တန်ရှို့မင်က ကျန်းချန်၏ လက်ဖဝါးထဲမှ အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ကြည့်ပြီး မှင်တက်နေရာကနေ သတိဝင်လာပြီးနောက် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

အသက် ၁၅ နှစ်၊ ၁၆ နှစ်ရှိ တတိယအဆင့် အဂ္ဂိရတ်သခင်။

ဤအရွယ်တွင် လူအများစုသည် အဂ္ဂိရတ်ပညာရပ်ကို စတင်ထိတွေ့ရုံသာ ရှိသေးပြီး ပထမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာနိုင်လျှင်ပင် အတော်လေး အံ့သြဖို့ကောင်းနေပြီ ဖြစ်သည်။

သူတို့၏ တန်မိသားစုမှာပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးဆန်သည့် ပါရမီရှင်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ဤကောင်လေးက ယန်ချင်းရွှယ်၏ တပည့်ဖြစ်နေလျှင်ပင် အသက် ၁၅ နှစ်၊ ၁၆ နှစ်တွင် တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာရန်မှာ မဖြစ်နိုင်ချေ။

"မင်းတောင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်နိုင်ရင် ငါက တတိယအဆင့် အဂ္ဂိရတ်သခင် ဘာလို့မဖြစ်နိုင်ရမှာလဲ"

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့တော့.. မင်းငါနဲ့ အဂ္ဂိရတ်ပညာရပ်ချင်း ယှဉ်ပြိုင်ချင်တယ် မဟုတ်လား"

"လာခဲ့ ယှဉ်ပြိုင်ကြမယ်.. မင်းရှုံးရင် ဒီကနေထွက်သွားရမယ်... ငါ့ရှေ့မှာ ထပ်မပေါ်လာစေနဲ့"

ကျန်းချန်က မဲ့ပြုံးပြုံး၍ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

တန်ရှို့မင်က အားပါးတရပြုံးပြီး မေးလိုက်သည်။

"မင်း ဘယ်လိုယှဉ်ပြိုင်ချင်လဲ"

ဤကောင်လေးက တကယ်ပဲ တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေလျှင်ပင် သူက ဂရုစိုက်နေမည် မဟုတ်ပေ။

သူက ဂုဏ်သိက္ခာ ကြီးမားသည့် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်နှင့် တန်မိသားစု၏ အဂ္ဂိရတ် ပါရမီရှင် တစ်ယောက် ဖြစ်၏။

ထို့ကြောင့် သူ့ရှေ့မှ ကောင်လေးကို မရှင်းထုတ်နိုင်စရာ ဘာအကြောင်းမှမရှိချေ။

ကျန်းချန်က ပြောလိုက်သည်။

"အမလင်းရှန်ကို မေးခွန်းထုတ်ခိုင်းမယ်.. ဒါမှပဲ မင်းကအရှုံးကို လက်ခံနိုင်မှာ"

"ကောင်လေး.. မင်း သိပ်ပြီးမာန်တက်မနေနဲ့"

တန်ရှို့မင်က ကျန်းချန်၏ စကားကိုကြားလျှင် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။

သူက တိုက်ခိုက်ဖို့ ပြင်ဆင်နေစဥ်မှာပင် စုလင်းရှန်၏ အေးစက်စက်အသံသည် သူ့နားထဲကို ဝင်ရောက်လာသည်။

"တန်ရှို့မင်.. နင် ကျန်းချန်နဲ့ အဂ္ဂိရတ်ပညာ ယှဉ်ပြိုင်ချင်ရင် အဓိပ္ပါယ်မရှိတာတွေ လုပ်မနေနဲ့.. ပြိုင်ပွဲကို စလိုက်ကြရအောင်"

"ကောင်းပြီ"

တန်ရှို့မင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။

သူက ကျန်းချန်ကို မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

"ကောင်လေး...မင်းနဲ့ငါကြားမှာ ကွာခြားချက် ဘယ်လောက်ထိ ကြီးမားလဲဆိုတာ မကြာခင် မင်းသိလာစေရမယ်"

ကျန်းချန်က တန်ရှို့မင်ကို လျစ်လျူရှုထားလိုက်ပြီး ခေါင်းကို စုလင်းရှန်ဘက်ကို တိုက်ရိုက်လှည့်ကာ ပြောလိုက်သည်။

"အမ လင်းရှန်.. မေးခွန်း စမေးလို့ရပြီ"

စုလင်းရှန်က မဆိုင်းမတွပင် ဆေးညွှန်း တစ်ခုကို ထုတ်ယူလိုက်သည်။

"နင်တို့နှစ်ယောက်စလုံးက ရှားပါးတဲ့ အဂ္ဂိရတ်ပါရမီရှင်တွေ၊ ဒီနေ့မှာ အဂ္ဂိရတ်ပညာရပ်နဲ့ ပတ်သက်ပြီး ဘယ်သူက ပိုပြီး ဉာဏ်ရည်ထက်မြက်လဲ ဆိုတာကို ယှဉ်ပြိုင်ကြမယ်"

"ဒီ စိတ်ပျိုကိုယ်နု ဝိညာဥ်ဆေးလုံးရဲ့ ဆေးညွှန်းက ငါ့ဆရာ အသစ်တီထွင်ထားတဲ့ တတိယအဆင့်၊အဆင့်မြင့် ဆေးဝါးတစ်မျိုးပဲ.. ငါနဲ့ဆရာကလွဲရင် ဘယ်သူမှ ပါဝင်ပစ္စည်းတွေကို မသိနိုင်ဘူး"

"ငါ ဆေးညွှန်းပေါ်က ပစ္စည်းသုံးမျိုးကို လက်နဲ့အုပ်ထားပြီး နင်တို့ကို ပြမယ်"

"ငါ လက်နဲ့အုပ်ထားတဲ့ ပစ္စည်းသုံးမျိုး အမည်ကို ခန့်မှန်းနိုင်တဲ့သူက အနိုင်ရတဲ့သူပဲ.. နင်တို့ လက်ခံလား"

အခန်း(၁၃၇) ပြီး၏

All Chapters