← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

"အံ့သြစရာပဲ"

"ဒီကောင်.. ဒါတော့ လွန်လွန်းသွားပြီ"

သူတို့ရှေ့မှ အခြေအနေကို မြင်လျှင် လူတိုင်း၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး ကျန်းချန်ကို မွန်းစတား တစ်ကောင်လို ကြည့်နေခဲ့ကြသည်။

"မွန်းစတား"

"ဒါက တကယ့် မွန်းစတားပဲ"

ဂုဏ်သိက္ခာ ကြီးမြတ်သည့် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် တန်ရှို့မင်သည် အဂ္ဂိရတ်ပြိုင်ပွဲတွင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

"ဒီကောင်ရဲ့ အဂ္ဂိရတ်ပညာ ပါရမီက သူ့ရဲ့ ကိုယ်ခံပညာ ပါရမီထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းတယ်"

တန်ရှို့မင်က ဤမြင်ကွင်းကို ငေးငိုင်၍ ကြည့်နေမိသည်။

သူက ခဏမျှအကြာမှ ​အံ့သြထိတ်လန့်မှုကနေ ပြန်လည်သက်သာသွားခဲ့သည်။

မကြာခင်မှာပင် သူက ကောက်ကျစ်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ မယုံကြည်နိုင်သည့် ရေရွတ်သံကို သူ့ပါးစပ်ကနေ ထုတ်ဖော်လိုက်သည်။

"မဖြစ်နိုင်ဘူး"

"ဒါ.. ဒါ လုံးဝမဖြစ်နိုင်ဘူး"

"မင်း လိမ်ညာခဲ့တာ သေချာတယ်.. မင်းက စိတ်ပျိုကိုယ်နု ဝိညာဥ် ဆေးညွှန်း အပြည့်အစုံကို အရင်ကတည်းက မြင်ဖူးထားတာ ဖြစ်ရမယ်"

ထိုစကားကို​ကြားလျှင် စုလင်းရှန်က မျက်မှောင်ကြုတ်သွား၏။

"တန်ရှို့မင်.. ပေါက်ကရ မစွပ်စွဲပါနဲ့.. ကျန်းချန်က စိတ်ပျိုကိုယ်နု ဝိညာဥ် ဆေးညွှန်းကို တစ်ခါမှ မမြင်ဖူးဘူး"

"ဟမ့်.. ငါတန်ရှို့မင်ကို သူငယ်နှပ်စားလေးလို့ မင်းတကယ် ထင်နေတာလား"

"သူက ဆေးညွှန်းကို ကြိုတင်မမြင်ဖူးရင် ဆယ်စက္ကန့်အတွင်း ဘယ်လို ပြီးမြောက်အောင် လုပ်နိုင်မှာလဲ"

တန်ရှို့မင်က ခနဲ့တဲ့တဲ့ စွပ်စွဲလိုက်သည်။

စုလင်းရှန်က ဒေါသထွက်လွန်း၍ အသားများပင် တဆက်ဆက် တုန်ယင်လာသည်။

သူမက ဒေါသတကြီး ပြောလိုက်သည်။

"တန်ရှို့မင်.. နင်က ဂုဏ်သိက္ခာကြီးမားတဲ့ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ဖြစ်ပြီး အရှုံးကို လက်မခံရဲဘူးလား"

"ဟမ့်.. မင်းတို့ ကြိုတင်ပူးပေါင်းပြီး မလိမ်ညာရင် ငါ သူ့ကို ရှုံးစရာ ဘာအကြောင်းရှိလို့လဲ"

တန်ရှို့မင်က အေးစက်စွာ ပြန်ပြောလိုက်သည်။

သူက ကျန်းချန်ကို ကောက်ကျစ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"မင်းရဲ့ အဂ္ဂိရတ်စွမ်းရည်ကို ယုံကြည်မှုရှိရင် ဘာလှည့်ကွက်မှ သုံးမနေနဲ့.. ငါနဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်လိုက်"

"ဟားဟား.. ငါအရှက်မရှိတဲ့ လူတွေကို မြင်ဖူးတယ် ဒါပေမဲ့ မင်းလောက် အရှက်မရှိတဲ့လူကိုတော့ မမြင်ဖူးဘူး"

"မင်းဘာသာ သောက်သုံးမကျလို့ ရှုံးပြီးမှ ငါ့ကို လှည့်စားတယ်လို့ ပြောရဲသေးတယ်လား"

ကျန်းချန်က တန်ရှို့မင်ကို ခပ်ထေ့ထေ့ ပြုံး၍ ကြည့်လိုက်သည်။

"ငါ့ရှေ့မှာ အသုံးမဝင်တဲ့ စကားတွေကို မပြောစမ်းနဲ့"

တန်ရှို့မင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွား၏။

ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်။

"မင်းသာ ယောက်ျားစစ်စစ် တစ်ယောက်ဆိုရင် ငါနဲ့ အဂ္ဂိရတ်ပညာရပ်ချင်း ယှဉ်ပြိုင်ရဲလား"

"တန်ရှို့မင် ငါ့ကို လှုံ့ဆော်ဖို့ ဒီလို စိတ်ဆွတဲ့ နည်းလမ်းမျိုး သုံးစရာမလိုဘူး"

ကျန်းချန်က တန်ရှို့မင်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"ပြောပါ.. ဒီတစ်ခါ မင်း ဘယ်လိုယှဉ်ပြိုင်ချင်လဲ"

"အရမ်းရိုးရှင်းပါတယ်.. ငါ့မှာ စတုတ္ထအဆင့် ကွေယွမ်ဆေးလုံးသန့်စင်ဖို့အတွက် လိုအပ်တဲ့အစ္စည်း ငါးစုံစာရှိတယ်.. ကွေယွမ်ဆေးလုံးကို အရေအတွက် အများဆုံး သန့်စင်နိုင်တဲ့သူက အနိုင်ရရှိမယ်"

တန်ရှို့မင်က ကျန်းချန်ကို စိန်ခေါ်သည့်ပုံစံဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဘယ်လိုလဲ.. မင်းပြိုင်ရဲလား"

ကျန်းချန်က ခပ်ထေ့ထေ့ ပြုံး၍ မေးလိုက်သည်။

"မင်းက ငါ့ကို စတုတ္ထအဆင့်ဆေးလုံး သန့်စင်ဖို့ ယှဉ်ပြိုင်ချင်တာလား"

"စတုတ္ထအဆင့် အဂ္ဂိရတ်သခင်က ဘာမှသောက်သုံးမကျဘူးလို့ မင်းပဲ ​ပြောခဲ့တာ မဟုတ်လား"

တန်ရှို့မင်က ကျန်းချန်ကို ခနဲ့လိုက်၏။

"မင်းက ဒီလိုပြောရဲမှတော့ မင်းမှာ စတုတ္ထအဆင့် ဆေးလုံးကို သန့်စင်နိုင်တဲ့ စွမ်းရည်ရှိရမယ်"

"ဘာလဲ ငါနဲ့ ပြိုင်ဖို့သတ္တိမရှိဘူးလား"

ထိုစကားကြောင့် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒါပေမဲ့ ငါသန့်စင်နိုင်ခဲ့ရင် ငါသန့်စင်ထားတဲ့ ဆေးလုံးက ငါ့အပိုင်ပဲ ဖြစ်ရမယ်.. ဒီအချက်ကို ​မင်းသဘောတူရင် ပြိုင်ပွဲဖြစ်ပြီ"

တန်ရှို့မင်၏ အမူအရာက လေးနက်သွားသည်။

ထို့နောက် သူက ကျန်းချန်ကို အေးစက်စက် ပြောလိုက်သည်။

"မင်းမှာ ငါ့ကို အနိုင်ယူနိုင်တဲ့ စွမ်းရည်ရှိနေသ၍ မင်းသန့်စင်ထားတဲ့ ဆေးလုံးကို ငါက ဘာလို့မပေးနိုင်ရမှာလဲ"

"ဟားဟား.. တန်ရှို့မင်.. မင်းကို အနိုင်ယူဖို့ဆိုတာက ငါ့အတွက် လေပြေလေးတစ်ချက် တိုက်ခတ်သလောက်ပဲ"

"ငါက မင်းလိုလူကို တစ်ခါအနိုင်ကျင့်နိုင်ရင် ဒုတိယအကြိမ်လည်း အနိုင်ကျင့်နိုင်တယ်"

"မင်းက အနိုင်ကျင့်ခံချင်လို့ ကိုယ်တိုင် တံခါးလာခေါက်နေမှတော့ ငါက ဘာလို့ နောက်တစ်ကြိမ် အနိုင်မကျင့်ရမှာလဲ"

ကျန်းချန်က တန်ရှို့မင်ကို ပြုံး၍ ကြည့်လိုက်သည်။

သူ၏ မောက်မာသောလေသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် တိုးဝင်သွားခဲ့သည်။

"ဟားဟား... မင်းက ငါ့ကို အနိုင်ကျင့်မယ် ဟုတ်လား"

"ရယ်စရာကောင်းလိုက်တာ.. အစောပိုင်းက မင်းတို့သာ ပူးပေါင်းပြီး မလိမ်ညာရင် ငါ့ကို အနိုင်ရစရာ ဘာအကြောင်းရှိလို့လဲ"

"ဟက်.. ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်မလဲဆိုတာ မကြာခင် သိလာပါလိမ့်မယ်"

တန်ရှို့မင်က အားပါးတရ ရယ်မောလိုက်ပြီး ချက်ချင်းပင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဆေးသန့်စင်ရန်အတွက် ပစ္စည်း ငါးစုံစာသည် သူ၏ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့၏။

အခန်း(၁၃၉) ပြီး၏

All Chapters