အခန်း (၁၄၀)
Vol. 10 Ch. 140
တန်ရှို့မင်က ကွေယွမ်ဆေးလုံး သန့်စင်ရန်အတွက် ဆေးဖက်ဝင် ပစ္စည်း ငါးစုံစာကို ထုတ်ယူပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
"ကျန်းချန်...ငါတို့ စလိုက်ကြရအောင်"
တန်ရှို့မင်က ဤတစ်ကြိမ်တွင် ကျန်းချန်ကို ရှုံးနိမ့်မည်ဟု အမှန်တကယ် မယုံကြည်ခဲ့ပေ။
တန်မိသားစု၏ အဂ္ဂိရတ်ပါရမီရှင် အနေဖြင့် တန်ရှို့မင်သည် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။
ထို့ကြောင့် တန်ရှို့မင်တွင် စတုတ္ထအဆင့်ဆေးလုံး သန့်စင်သည့် အတွေ့အကြုံ အများအပြား ရှိနေပြီ ဖြစ်၏။
အထူးသဖြင့် စတုတ္ထအဆင့်၊ အခြေခံ ဆေးလုံးဖြစ်သည့် ကွေယွမ် ဆေးလုံးကို သူက တစ်ကြိမ်ထက်မက အောင်မြင်စွာ သန့်စင်ဖူးခဲ့သည်။
သူ့ရှေ့မှ ကျန်းချန်က တတိယအဆင့် အဂ္ဂိရတ်သခင်သာ ဖြစ်ပြီး စတုတ္ထအဆင့် အဂ္ဂိရတ်သခင် အကဲဖြတ်မှုပင် မလုပ်ရသေးပေ။
ကျန်းချန်တွင် စတုတ္ထအဆင့် ဆေးလုံးကို သန့်စင်နိုင်သည့် စွမ်းရည် အမှန်တကယ်ရှိလျှင်ပင် အတွေ့အကြုံက မတူချေ။
ဤပြိုင်ပွဲတွင် သူက ကျန်းချန်ကို အပြတ်အသတ် အနိုင်ယူပြီး သူ၏ အရှက်တရားကို ဆေးကြောပစ်ရပေမည်။
"ကောင်းပြီလေ"
"မင်းက အနိုင်ကျင့်ခံရဖို့အတွက် ဒီလောက်ထိ အသည်းအသန် ဖြစ်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျန်ချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းပင် ဆေးမီးဖို တစ်ခု ထုတ်ယူကာ တန်ရှို့မင်နှင့် မျက်နှာချင်းဆိုင် နေရာယူလိုက်သည်။
မကြာခင်မှာပင် သူတို့ နှစ်ယောက်စလုံးသည် တစ်ပြိုင်နက်ထဲ ဆေးမီးဖိုကို စတင် အပူပေးလိုက်ကြသည်။
နှစ်မိနစ်လောက်ကြာပြီးနောက်တွင် ကျန်းချန်သည် ဆေးဖက်ဝင် ပစ္စည်းတွေကို ဆေးမီးဖိုထဲကို အလျင်အမြန် စတင်ထည့်လိုက်၏။
"ဟမ့်.. မြန်တာက ဘာအသုံးဝင်လို့လဲ.. စတုတ္ထအဆင့် ဆေးလုံးကို ဒီလို သန့်စင်လို့ ဘယ်ရမလဲ သောက်ရူးရဲ့"
ကျန်းချန်၏ လုပ်ဆောင်ချက်များကို မြင်လျှင် တန်ရှို့မင်က အထင်သေးစွာ ရယ်မောလိုက်သည်။
ထို့နောက်တွင် သူသည် သူ့ရှေ့မှ ဆေးမီးဖိုကိုသာ အာရုံစိုက်နေခဲ့၏။
စတုတ္ထအဆင့် ဆေးလုံး သန့်စင်ရန်မှာ အလွန်ခက်ခဲ၍ စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေလျှင်ပင် အထူး သတိထားရပေမည်။
အထူးသဖြင့် ဆေးမီးဖိုကို အပူပေးသည့်အဆင့်တွင် ပို၍ ဂရုစိုက်ရမည် ဖြစ်သည်။
အကယ်၍ သတိမထားမိလျှင် နောက်ဆက်တွဲ ရလဒ်အနေဖြင့် ဆေးသန့်စင်ရာတွင် မအောင်မြင်ခြင်းမျိုး ဖြစ်စေနိုင်၏။
သူ့အမြင်တွင် အလောတကြီး အသည်းအသန် လုပ်ဆောင်နေခြင်းသည် ကျရှုံးမှုကို ရှာဖွေနေသည်နှင့် မခြားပေ။
တန်ရှို့မင်သည် ဆေးမီးဖိုကို နွေးထွေးအောင် ငါးမိနစ်မျှကြာသည်အထိ လုပ်ဆောင်ပြီးနောက်တွင် ဆေးဖက်ဝင် ပစ္စည်းများကို ဆေးမီးဖိုထဲသို့ စနစ်တကျ စထည့်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူက ဆေးဖက်ဝင်ပစ္စည်းများကို တစ်ဝက်ခန့်ထည့်ပြီးသည့် အချိန်မှာပင် ပြင်းထန်သည့် ဆေးရနံ့သည် သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ တအံတသြ ရေရွတ်လိုက်သော အသံများသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
"အိုး.. လခွမ်း"
"ဒါက အရမ်းအံ့သြစရာကောင်းတယ်"
"ဟုတ်ပါ့ကွာ.. မျက်နှာချင်းဆိုင်က စတုတ္ထအဆင့် အဂ္ဂိရတ်သခင်က တစ်ဝက်လောက်ပဲ သန့်စင်ရသေးပေမဲ့ ကျန်းချန်ကတော့ စတုတ္ထအဆင့် ဆေးလုံးကို သန့်စင်ပြီးသွားပြီ"
တန်ရှို့မင်က နားထဲကနေ တအံ့တသြ ရေရွတ်သံများကို နားထောင်ပြီး လေထဲကနေ ကြွယ်ဝသည့် ဆေးရနံ့ကို ရရှိလိုက်သည်။
ထိုတခဏတွင် တန်ရှို့မင်သည် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားခဲ့၏။
သူက ရုတ်တရက် ခေါင်းကိုမော့ပြီး မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်လိုက်ရာ ကျန်းချန်က ဆေးမီးဖိုထဲမှ ရွှေရောင်သန်းနေသည့် ကွေယွမ် ဆေးလုံးအား ထုတ်ယူလိုက်တာကို တွေ့လိုက်ရသည်။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
တန်ရှို့မင်က သူ့ရှေ့မှ အခြေအနေကို မယုံကြည်နိုင်သော အမူအရာနဲ့ ကြည့်လိုက်ပြီးနောက် မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
"ဝုန်း"
ထိုအချိန်မှာပင် တန်ရှိူ့မင်၏ အရှေ့မှ ဆေးမီးဖိုသည် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
ကျန်းချန်က ထိုအရာအားလုံးနှင့် ပတ်သက်၍ လုံးဝ လျစ်လျူရှုထားလိုက်သည်။
သူက ကွေယွမ်ဆေးပြားကို သိမ်းဆည်းလိုက်ပြီး မရေမတွက်နိုင်သည့် အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ဒုတိယမြောက် ဆေးလုံးကို သန့်စင်ရန် စတင်လိုက်၏။
မကြာခင်မှာပင် ကျန်ချန်သည် ကွေယွမ်ဆေးလုံး နောက်ထပ် သုံးလုံးကို သန့်စင်၍ ပြီးသွားခဲ့သည်။
အနိုင်ရလဒ်က ထင်ရှားနေခဲ့ပြီ ဖြစ်၏။
ကျန်းချန်က ကွေယွမ်ဆေးလုံး လေးလုံးကို သန့်စင်ပြီးသည့်နောက်တွင် ခေါင်းမော့ကာ မျက်နှာချင်းဆိုင်မှ တန်ရှို့မင်ကို ကြည့်လိုက်သည်။
ထို့နောက် အားလုံး၏ နားထဲသို့ ခပ်ထေ့ထေ့ ရယ်သံတစ်သံ ဝင်ရောက်လာခဲ့သည်။
"တန်ရှို့မင်.. ငါမင်းကို အခုမေးမယ်.. ဒီတစ်ခေါက် အရှုံးကို မင်း ကျေနပ်မှု ရှိရဲ့လား"
ကျန်းချန်၏ စကားကို ကြားလျှင် လူတိုင်းသည် တန်ရှို့မင်ကို ကရုဏာသက်စွာဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။
ဤမကောင်းဆိုးဝါးသည် အဂ္ဂိရတ်ပညာရပ်တွင်လည်း ထူးချွန်နေပါသလော။
ယင်းက နယ်ပယ်အားလုံးတွင် မွန်းစတား ဖြစ်နေသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။
အခန်း(၁၄၀) ပြီး၏