အခန်း (၁၄၁)
Vol. 10 Ch. 141
"ဒါက ပုံမှန်မဟုတ်တော့ဘူး.. အစ်ကို ကျန်းချန်က အရမ်းမွန်းစတား ဆန်တာပဲ"
"သူ့ရဲ့ ဆေးသန့်စင်တဲ့ ပါရမီကလဲ ဒီအဆင့်ထိ ရောက်နေမယ်လို့ မထင်ထားမိဘူး"
"သူ့ကြောင့် တန်မိသားစု ပါရမီရှင်တောင် အနိုင်ကျင့်ခံရပြီး အမှိုက်ဘဝ ရောက်သွားရတယ်"
ဤအချိန်တွင် လင်ယွင်ကျောင်းတော်မှ ကျောင်းသားအားလုံး၏ အကြည့်များတွင် ကျန်ချန်ကို လေးစားသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
တန်ရှို့မင်သည် ကျန်းချန်၏ လှောင်ရယ်သံနှင့် ပတ်ဝန်းကျင်ရှိ လင်ယွင်ကျောင်းတော်မှ ကျောင်းသားများ၏ တအံတသြ ရေရွတ်သံများကို အတိုင်းသား ကြားနေခဲ့ရ၏။
ထိုအခါ တန်ရှို့မင်၏ ချောမောသော မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားခဲ့သည်။
သူက မြေကြီးထဲကို တွင်းတူး၍ ဝင်ပုန်းချင်စိတ်ပင် ပေါ်လာခဲ့သည်။
ဤနေရာတွင် ဆက်လက်နေရန်မှာ မျက်နှာပူလွန်း၍ ပြင်းထန်သော အကြည့်များ အောက်မှာပင် တုံ့ဆိုင်းမနေဘဲ ထွက်လာလိုက်သည်။
ဝူဖေးလုံကို အနိုင်ယူပြီး စုလင်းရှန်အတွက် တန်ရှို့မင် ပြဿနာကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် လင်ယွင်ကျောင်းတော်တွင် ငြိမ်းချမ်းသောဘဝကို ရှားရှားပါးပါး နေထိုင်ခဲ့ရသည်။
သို့သော်လည်း ဤကဲ့သို့ ငြိမ်းချမ်းသော ရက်များသည် ကြာရှည် မခံခဲ့ပေ။
ယနေ့တွင် ကျန်းချန်သည် အခန်းထဲ၌ အတွင်းအားကျင့်နေစဥ် ရုတ်တရက် အင်အားကြီးမားသော အရှိန်အဝါတစ်ခုသည် ခြံဝင်းထဲသို့ ကျရောက်လာခဲ့သည်။
"ဒါက အတွင်းနန်းတော် အကြီးအကဲ ယန်စန်းမင်ရဲ့ အရှိန်အဝါပဲ.. သူက ဘာကိစ္စရှိလို့များ ဒီကို လာတာပါလိမ့်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး အခန်းထဲကနေ ထရပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
အခန်းထဲက ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ခြံဝင်းထဲကို ဆင်းသက်လာသည့် ယန်စန်းမင်ကို တွေ့လိုက်ရ၏။
"အကြီးအကဲယန် ကိုယ်တိုင် ဒီကို ရောက်လာတယ်ဆိုတော့ ကျွန်တော့်ကို ခိုင်းစရာများရှိလို့လား"
ကျန်ချန်က ယန်စန်းမင်ကို ကြည့်ပြီး စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။
"မင်းကို ကိစ္စတစ်ခု ရှင်းခိုင်းဖို့အတွက် လာရှာတာပါ"
"စန်းလဲ့ သိုင်းနန်းတော်ရဲ့ ကျောင်းသားအချို့က ဝှိုက်ဖူရင်ပြင်မှာ လင်ယွင်ကျောင်းတော်က ကျောင်းသားတွေကို စိန်ခေါ်နေတယ်.. အခုဆိုရင် လင်ယွင်စာရင်းထဲက ကျောင်းသားအားလုံး တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ခံလိုက်ရပြီ"
ယန်စန်းမင်က မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။
စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသားများ၏ လုပ်ရပ်သည် လင်ယွင် ကျောင်းတော်၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့၏။
သူ၏ ဂုဏ်သိက္ခာကြောင့်သာ မဟုတ်လျှင် စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသားများကို နာနာလေး ဆုံးမမိမည် ဖြစ်သည်။
ကျန်းချန်က အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။
"ဝူဖေးလုံနဲ့ လင်းယွီတို့ပါ ရှုံးနိမ့်သွားတာလား"
"မင်းမို့ ဒီမေးခွန်းကို အရှက်မရှိ မေးရဲသေးတယ်"
"လင်းယွီက မင်းကို နောက်ဆုံးအကြိမ် ရှုံးနိမ့်ပြီးကတည်းက လင်ယွင်ကျောင်းတော်ကနေ ထွက်သွားခဲ့တာ ခုထိ ပြန်ရောက်မလာသေးဘူး"
"ဝူဖေးလုံကလည်း လွန်ခဲ့တဲ့ နှစ်ရက်က မင်းရဲ့ ရိုက်နှက်မှုကို ခံလိုက်ရပြီး အခုထိ ကုသမှုကို ခံယူနေရတယ်"
"အခု လင်ယွင်ကျောင်းတော်မှာ စန်းလဲ့သိုင်းနန်းတော်က လူတွေကို အနိုင်ယူနိုင်တာ မင်းတစ်ယောက်ပဲရှိတယ်.. ဒါနဲ့ စန်းလဲ့သိုင်းနန်းတော်က ကောင်လေးတစ်ယောက်က မင်းကို နာမည်တပ်ပြီး စိန်ခေါ်နေတယ်"
ယန်စန်းမင်၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။
စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသားများနှင့် သူဆက်ဆံဖူးသည်မှာ နောက်ဆုံးအကြိမ်က မိုးကြိုးတိမ်တောင်တန်းတွင် တွေ့ခဲ့သည့် လဲ့ချင်းသာ ရှိသည်။
[ဒီကောင်က လင်ယွင်ကျောင်းတော်ထိ ရောက်လာတာများလား]
"ကောင်းပြီ.. ကျွန်တော် သူတို့ကို သွားတွေ့မယ် အကြီးအကဲ"
နာမည်တပ်ပြီး စိန်ခေါ်သည်ကို ခံရမှတော့ ကျန်းချန်အနေဖြင့် ငကြောက်ဟု နာမည်အတပ် မခံချင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က အညောင်းမိနေခဲ့၍ သူ့၏ ကြွက်သားနှင့် အရိုးများကို လှုပ်ရှားပေးရန် လိုအပ်နေသည်။
ဤသို့ဖြင့် ကျန်းချန်သည် ဝှိုက်ဖူရင်ပြင်သို့ ရောက်လာခဲ့၏။
ထိုအချိန်မှာပင် မထီမဲ့မြင် ပြက်ရယ်ပြုသော အသံတစ်သံသည် သူ၏နားထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"ဟားဟား.. လင်ယွင်ကျောင်းတော်ရဲ့ ကျောင်းသားတွေက တကယ်ကို အရည်အချင်း ညံ့ဖျင်းလာတာပဲ"
"ဟုတ်ပါ့ကွာ.. အစ်ကိုလဲ့ချင်း တစ်ယောက်ထဲနဲ့တင် လင်ယွင်ကျောင်းတော်ရဲ့ လင်ယွင်စာရင်းထဲက ပါရမီရှင်အားလုံးကို အမှောက်သိပ်လိုက်တာကိုပဲ ကြည့်တော့"
"အစ်ကို လဲ့ချင်းက မူလဘူတ အဆင့်ကို ဖောက်ထွက်သွားပြီ ဆိုတော့ လင်ယွင်စာရင်းထဲက ကောင်တွေက သူ့ရဲ့ လှုပ်ရှားမှုတစ်ခုကိုတောင် မတားဆီးနိုင်ခဲ့ဘူး"
ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ ရင်ပြင်အလယ်တွင် စန်းလဲ့ သိုင်းနန်းတော်က ကျောင်းသား တစ်ဒါဇင်ခန့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူစုထဲမှ အရပ်ရှည်ရှည်နှင့် လူငယ်သည် သူနောက်ဆုံးအကြိမ်က မိုးကြိုးတိမ်တောင်တန်းတွင် တွေ့ခဲ့သည့် လဲ့ချင်း ဖြစ်သည်။
လဲ့ချင်းရှေ့တွင် ဒဏ်ရာရနေသည့် လင်ယွင်ကျောင်းတော်မှ ကျောင်းသား ငါးယောက် သို့မဟုတ် ခြောက်ယောက်ခန့် ရှိ၏။
သူတို့က လဲ့ချင်း၏ တိုက်ခိုက်မှုကို ခံထားရသည်မှာ ထင်ရှားနေသည်။
ကျန်းချန်က ထိုမြင်ကွင်းကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုခဏတွင် သူ၏ အေးစက်စက် အော်ဟစ်သံသည် ရင်ပြင်ထဲကို တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
"ဟက်.. စန်းလဲ့သိုင်းနန်းတော်က ကျောင်းသားလေးတွေက လင်ယွင်ကျောင်းတော်ကို စော်ကားဖို့ လာရဲတယ်လား"
"လင်ယွင်ကျောင်းတော်မှာ ငါရှိနေသ၍ ဘယ်သူ့ကိုမှ အနိုင်ကျင့်ဖို့ စိတ်မကူးနဲ့"
အခန်း(၁၄၁) ပြီး၏