အခန်း (၁၄၅)
Vol. 10 Ch. 145
ရုတ်တရက် ထွက်ပေါ်လာသည့် အေးစက်စက် အသံကြောင့် အားလုံးက တုန်လှုပ်သွားကြသည်။
သူတို့ သတိပြန်မကပ်ခင်မှာပင် လူတစ်ယောက်သည် ကောင်းကင်ယံကနေ မိုးကြိုးပစ်သလို အရှိန်ဖြင့် ကျန်းမိသားစု၏ တံခါးရှေ့တွင် ဒုန်းခနဲ ဆင်းသက်လာခဲ့၏။
"ခေါင်းဆောင်.. ခေါင်းဆောင် ကျန်းချန် ပြန်လာပြီဟေ့"
"ဟားဟား... ငါတို့ ကျန်းမိသားစု နောက်ဆုံးတော့ ကယ်တင်ခြင်း ခံရပြီ"
"ဟုတ်တယ်.. ခေါင်းဆောင် ကျန်းချန်က အရင်မိသားစုခေါင်းဆောင် ထက်တောင် ပိုအားကောင်းတဲ့သူပဲ.. လင်းမိသားစုဝင်တွေ ဘယ်လို မောက်မာမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ကျန်းချန် ကောင်းကင်ကနေ ဆင်းသက်လာသည်ကို မြင်လျှင် ကျန်းမိသားစု တပည့်အားလုံးသည် စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ခဲ့ကြပေ။
"မိသားစုခေါင်းဆောင်.. ပြန်လာပြီလား"
ကျန်းခိုင်နှင့်ရွှယ်ရှောက်တို့က သူတို့ရှေ့မှာ ပေါ်လာသည့် ကျန်းချန်ကို ကြည့်ကာ အံ့အားသင့်သွားကြသည်။
လင်းမိသားစု စတင်တိုက်ခိုက်ကတည်းကပင် ကျန်းခိုင်သည် ကျန်းချန်ရှိရာ လင်ယွင်မြို့ဆီ အကြိမ်ပေါင်းများစွာ သတင်းပို့ဖို့ လူလွှတ်ခဲ့သည်။
သို့ရာတွင် လွှတ်လိုက်သည့်လူများကို လင်းယွီက လမ်းခရီးမှာပင် သတ်ဖြတ်ပစ်လိုက်၏။
ထို့ကြောင့် ကျန်းခိုင်က အဆိုးဆုံးအတွက် ပြင်ဆင်ထားခဲ့ပြီး ကျန်းမိသားစု တပည့်အများစုကို လျှို့ဝှက်လမ်းကနေ ထွက်ပြေးဖို့ စီစဉ်ထားပြီးသား ဖြစ်သည်။
သို့သော် ဤကဲ့သို့ အရေးကြီးသည့်အချိန်တွင် ကျန်းချန် ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
သူက သူ၏ အနောက်မှာ အနည်းငယ် မျက်နှာ မသာမယာ ဖြစ်နေပုံရသည့် ကျန်းခိုင်နှင့် ရွှယ်ရှောက်ကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဦးလေးခိုင်.. အားလုံး အဆင်ပြေကြရဲ့လား"
"အဆင်ပြေပါတယ်.. တိုက်ပွဲမှာ နည်းနည်းပါးပါး ဒဏ်ရာရရုံပါပဲ"
ကျန်းခိုင်က ခေါင်းခါရမ်းပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"ဒါပေမဲ့ ကျနော်တို့ အတွက် အချိန်ဆွဲပေးခဲ့တဲ့ အကြီးအကဲ ကျန်းချမ်ဟဲကတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က လင်းယွီလက်ချက်နဲ့ သေဆုံးသွားခဲ့ပြီ"
"စိတ်မပူပါနဲ့.. ဒီအကြွေးကို ငါသူတို့နဲ့ ရှင်းမယ်"
ကျန်းချန်၏ မျက်နှာက တည်ငြိမ်နေသော်လည်း နှလုံးသားထဲတွင်မူ အကြီးအကျယ် ဒေါသထွက်နေခဲ့၏။
ဤတစ်ခေါက်တွင် ကျန်းချန်သည် အမှန်တကယ် ဒေါသထွက်နေခဲ့သည်။
သူက ကျန်းမိသားစုကို ခဏပြန်ဖို့သာ မဆုံးဖြတ်မိခဲ့လျှင် ကျန်းမိသားစုသည် လင်းယွီလက်ချက်ဖြင့် အမှန်တကယ် ပျက်စီးသွားမည်မှာ သေချာနေသည် မဟုတ်လော။
"မိသားစုခေါင်းဆောင်.. သတိထားပါ...လင်းယွီက မူလဘူတ အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ အစီအရင်သခင် တစ်ယောက်ကို ခေါ်လာခဲ့တယ်"
"အဲဒီနှစ်ယောက်သာ လင်းယွီကို မကူညီခဲ့ရင် ကျနော်တို့ ကျန်းမိသားစု ဒီလောက်ထိ မြန်မြန်ဆန်ဆန် ရှုံးနိမ့်မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ရွှယ်ရှောက်သည် ကျန်းချန်၏ နောက်ကနေ သတိပေးလိုက်သည်။
ကျန်းချန်က တည်ငြိမ်သောအမူအရာဖြင့် လင်းယွီနံဘေးရှိ လူနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီးနောက် လင်းယွီကို တိုက်ရိုက် အာရုံစိုက်လိုက်သည်။
လင်းယွီက ကျန်းချန်၏ အကြည့်ကို ရင်ဆိုင်ရလျှင် နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံးတွင် ပြောမပြတတ်သည့် အေးစက်မှုတစ်ခု ပြန့်နှံ့သွားသလို ခံစားခဲ့ရ၏။
"ကျန်းချန်.. မင်း ဒီအချိန်မှာ ကျန်းအိမ်ကို ပြန်လာမယ်လို့ မထင်ထားမိဘူး"
"မင်းလာလာ မလာလာ အရေးမကြီးပါဘူး...မင်းလာတော့လည်း တစ်ခါတည်း ရှင်းလိုက်ရုံပေါ့.. မင်းရဲ့ ကျန်းမိသားစုကိုစန်းရှန်မြို့မှာ အပြီးအပိုင် ဖျက်ဆီးပစ်မယ်"
ကျန်းချန်၏ အကြည့်ကို ခံစားရလျှင် လင်းယွီ၏ မျက်လုံးများသည် အနည်းငယ် ကြုံ့သွားခဲ့သည်။
သူက နှလုံးသားထဲကနေ ခံစားရသည့် ပြောမပြတတ်တဲ့ ကြောက်ရွံ့မှုကို အတင်းအကျပ် ထိန်းချုပ်ကာ ကျန်းချန်ကို ကြုံးဝါးလိုက်ခြင်း ဖြစ်သည်။
"ငါ့ကို သတ်မယ်.. ဟက်... မင်းက ထိုက်တန်လို့လား"
"ယန်စန်းမင်ရဲ့ မျက်နှာကြောင့် မင်းရဲ့ ခွေးအသက်ကို ချန်ထားခဲ့တယ်...ဒါပေမယ့် မင်းက တန်ဖိုးထားရ ကောင်းမှန်းမသိဘူး"
"ဒီနေ့တော့ မင်းကို ဘယ်သူမှ လာကယ်တင်မှာ မဟုတ်တော့ဘူး"
ကျန်းချန်က လင်းယွီကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
သူ့ဆီကနေ ပြင်းထန်သည့် လူသတ်ငွေ့များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဟားဟား... ကျန်းချန် ငါ့ရှေ့မှာ မာန်တက်ပြမနေနဲ့"
"ငါက မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ ငါသိတယ်.. ဒါပေမယ့် မင်းရဲ့ ကျန်းမိသားစုကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ပြီးမှတော့ ငါ မပြင်ဆင်ခဲ့ဘဲ ဘယ်လာပါ့မလဲ"
"ငါ မင်းကို မသတ်နိုင်ပေမယ့် ဒီကမ္ဘာမှာ မင်းကို သတ်နိုင်တဲ့လူတွေ အများကြီးရှိပါသေးတယ်"
လင်းယွီက ပြုံး၍ ပြောလိုက်သည်။
"ဒီနေ့ ငါတို့ထဲက တစ်ယောက် သေမယ်ဆိုရင် အဲဒီတစ်ယောက်က မင်းပဲဆိုတာ ငါအာမခံတယ်"
"မင်း အားကိုးတဲ့ နှစ်ယောက်က မင်းဘေးက လူတွေ ဖြစ်ပုံရတယ်"
"ဒါပေမယ့် မူလဘူတအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တတိယအဆင့် အစီအရင်သခင် တစ်ယောက်ကို အားကိုးရုံနဲ့ ငါကျန်းချန်ကို ကိုင်တွယ်ဖို့က အရည်အချင်း မပြည့်မီသေးဘူး"
ကျန်းချန်က ထိုနှစ်ယောက်ကို လှမ်းကြည့်၍ ပြောလိုက်သည်။
သူ၏ မောက်မာသော အသံသည် လေထဲတွင် တိုက်ရိုက် ပြန့်နှံ့သွားခဲ့သည်။
"သူတို့က မင်းကို ကူညီဖို့ လုပ်ခဲ့တဲ့ အတွက် ငါ သူတို့ကိုပါ သတ်ပစ်မယ်"
"ငါ့ရဲ့ ကျန်းမိသားစုကို ဖျက်ဆီးချင်တဲ့သူတွေ အားလုံး တစ်ယောက်မကျန် ရက်ရက်စက်စက် အသတ်ခံရမယ်"
အခန်း(၁၄၅) ပြီး၏