အခန်း (၁၄၆)
Vol. 10 Ch. 146
"ကောင်လေး ငါ့ရှေ့မှာ မာနထောင်လွှား လှချည်လား"
သူတို့ကို မျက်စိထဲမထည့်သည့် ကျန်းချန်၏ စကားကို ကြားလျှင် လင်းယွီဘေးရှိ လူလတ်ပိုင်းအရွယ် လူကြီးသည် ဒေါသထွက်လာခဲ့သည်။
သူက ရှေ့သို့ ခြေလှမ်းလိုက်၏။
နောက်တစ်ခဏမှာပင် မူလဘူတနယ်ပယ် အဆင့်၏ အားကောင်းတဲ့ အရှိန်အဝါသည် သူ့ဆီကနေ တိုက်ရိုက် ပေါက်ကွဲထွက်လာခဲ့သည်။
သူက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ကောင်လေး.. ငါ့ရှေ့မှာ မာနထောင်လွှားဖို့ မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလဲ ဆိုတာ ငါကြည့်ချင်တယ်"
"မင်းရဲ့ မူလဘူတအဆင့် စစ်မှန်တဲ့ချီက အားနည်းနေတယ်.. မင်းရဲ့ အခြေခံက မတည်ငြိမ်သေးဘူး.. ကြည့်ရတာ မူလဘူတအဆင့်ကို ရောက်တာ ဆယ်ရက်ထက် မပိုသေးတဲ့ပုံပဲ"
"ငါ့အနေနဲ့ မင်းလိုလူမျိုး ဆယ်ယောက်လောက်ကို ပေါ့ပေါ့ပါးပါး ရိုက်နှက်နိုင်တယ်"
ကျန်းချန်က မဲ့ပြုံးပြုံးကာ မထီမဲ့မြင် ပြောလိုက်သည်။
"ဟားဟား... မင်းလို ချီကာကွယ်ရေး အဆင့်က အညတရ ကောင်လေးက ငါ့ရှေ့မှာ ဒီလောက်တောင် မာနထောင်လွှားရဲတယ်ပေါ့လေ"
လူလတ်ပိုင်းအရွယ် လူကြီးက ရယ်မောလိုက်ပြီး သူ၏ လက်ကို လှုပ်ရှားလိုက်သည်နှင့် ဖီးနစ်နှုတ်သီးဓားသည် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
သူက ညာဘက်လက်ဖြင့် ဖီးနစ်နှုတ်သီးဓားကို ဆုပ်ကိုင်ကာ ကျန်းချန်ကို ချိန်ရွယ်၍ ပြောလိုက်သည်။
"ကောင်လေး.. မင်း ငါ့ရဲ့ တိုက်ကွက်ကို သုံးကွက်ကို ခုခံနိုင်ရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါစဉ်းစားပေးမယ်"
"ငါက မင်းကို နည်းနည်းလေး ပိုပြီး အသက်ရှင်စေချင်ခဲ့တာ.. လင်းယွီကို ဖြေရှင်းပြီးမှ မင်းနဲ့ အတိုးချပြီး ရှင်းမလို့ပဲ"
"ဒါပေမဲ့ မင်းက ဒီလောက်ထိ စောစောသေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျန်းချန်က စကားဆုံးသည်နှင့် သူ့ခြေဖဝါးကို ကြမ်းပြင်ပေါ် ဆောင့်ချလိုက်သည်။
သူ့ခြေထောက်အောက်ရှိ ကျောက်ကြမ်းပြင်က ကလစ် ဟူသော အသံနှင့်အတူ ကွဲအက်သွားခဲ့သည်။
မကြာခင်မှာပင် လူလတ်ပိုင်း အရွယ် လူကြီး၏ အံ့အားသင့်နေသော အမူအရာအောက်မှာပင် ကျန်းချန်သည် လက်ဝါးထက် အနည်းငယ် ပိုကြီးသည့် အုတ်ခဲ တစ်ခဲကို ကုန်း၍ ကောက်ယူလိုက်သည်။
သူက သူ့လက်ထဲရှိ အုတ်ခဲကို လက်ဖြင့် ချိန်ဆကြည့်လိုက်၏။
ထို့နောက် သူ၏ မောက်မာသော အသံသည် ထပ်မံ ပဲ့တင်ထပ်လာခဲ့သည်။
"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
"ငါ့ရှေ့မှာ မင်းက ဓားကွက် သုံးကွက် ထုတ်ဖို့တောင် အခွင့်မရှိဘူး"
"မင်းကို ဖြေရှင်းဖို့ ငါ့အတွက် အုတ်ခဲ တစ်ခဲပဲ လိုတယ်"
ကျန်းချန်၏ မောက်မာသော စကားများသည် လင်းယွီနဲ့ ကျန်တဲ့သူတွေကိုတင် အံ့အားသင့်စေသည် မဟုတ်ပေ။
ကျန်းချန် အနောက်ရှိ ကျန်းမိသားစုဝင်များပင် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြသည်။
သူတို့၏ မိသားစု ခေါင်းဆောင်က တစ်ဖက်မှ မူလဘူတအဆင့် ကျင့်ကြံသူကို အုတ်ခဲဖြင့် သတ်ပစ်ချင်နေပါသလော။
"ဒါ.. ဒါသာ တကယ်ပဲ လုပ်နိုင်ခဲ့ရင် မိသားစုခေါင်းဆောင်က အတော်လေး ကြောက်ဖို့ကောင်းသွားပြီ"
"ဟားဟား... ရယ်စရာပဲ"
"ကောင်လေး.. ငါ့ဘဝမှာ မောက်မာတဲ့သူတွေ အများကြီး တွေ့ဖူးပေမဲ့ မင်းလို မောက်မာလွန်းတဲ့ကောင်ကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ"
"ဟက်.. မင်းက အုတ်ခဲနဲ့ ငါ့ကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ငါကြည့်ချင်တယ်"
လူလတ်ပိုင်းအရွယ် လူကြီးက မထီမဲ့မြင် ရယ်မောလိုက်ပြီး သူ့လက်ထဲရှိ ဖီးနစ်ဓားကို ဝှေ့ရမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားထိပ်ကနေ ထက်မြက်သည့် ဓားချီသည် ပေါက်ကွဲထွက်လာခဲ့သည်။
သို့သော် ကျန်းချန်ကို ဓားဖြင့် ခုတ်တော့မည့် ဆဲဆဲတွင် ကျန်းချန်၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
လူလတ်ပိုင်းအရွယ် လူကြီး၏ နှလုံးသားက တင်းကျပ်သွားပြီး သူ့တစ်ကိုယ်လုံး ရုတ်တရက် အေးစက်သွားခဲ့သည်။
သူက နှလုံးသားထဲကနေ ကြောက်ရွံ့တုန်လှုပ်သွားပြီး မသိစိတ်ကနေ နောက်သို့ ခြေလှမ်းဆုတ်မိလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ပြင်းထန်သည့် လူသတ်ငွေ့သည် သူ၏ အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က လူလတ်ပိုင်းအရွယ် လူကြီး၏ အနောက်ရှိ လေထုထဲကနေ ရုတ်တရက် ပေါ်လာခဲ့သည်။
သူက သူ့လက်ထဲမှ အုတ်ခဲဖြင့် လူလတ်ပိုင်းအရွယ် လူကြီး၏ နောက်စေ့ကို ရိုက်ချလိုက်သည်။
"ဒုန်း"
ဦးခေါင်းနောက်စေ့ နှင့် အုတ်ခဲ ဆောင့်မိသော အသံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
လူလတ်ပိုင်းအရွယ် လူကြီးက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ခေါင်းက မူးဝေလာပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သွေးများက သူ၏ ခေါင်းနောက်ကနေ စီးကျလာပြီး ကြမ်းပြင်ကို လျင်မြန်စွာ နီရဲသွားစေခဲ့သည်။
ဤတုန်လှုပ်စရာ မြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို လုံးဝ ကျောက်ရုပ် ဖြစ်သွားစေခဲ့၏။
"ဒါ... ဒါက တော်တော် တုန်လှုပ်စရာကောင်းတာပဲ"
"မိသားစုခေါင်းဆောင် ကျန်းချန်က မူလဘူတ အဆင့်ကျင့်ကြံသူကို အုတ်ခဲနဲ့ တကယ်ပဲ ရိုက်သတ်လိုက်တယ်ဟ"
အခန်း(၁၄၆) ပြီး၏