အခန်း (၁၄၉)
Vol. 10 Ch. 149
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
ထို့နောက်တွင် ယန်လုံဓားသည် သူ့လက်ထဲ၌ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
"ကျန်း... ကျန်းချန်.. မင်းရဲ့ ကိုယ်ခံပညာ ပါရမီက ထူးခြားပြီး မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ"
"ဒါပေမဲ့ မင်းရဲ့ လက်ရှိခွန်အားနဲ့တော့ လင်ယွင် မြို့စားအိမ်တော်ရဲ့ ရန်သူဖြစ်ရင် ကိုယ့်သေလမ်းကို ကိုယ်တိုင် ရှာဖွေနေတာနဲ့ အတူတူပဲ"
"မင်း ဒီနေ့ ငါ့ကို လွှတ်ပေးရင် စန်းရှန်မြို့က ကျန်းမိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့ မြို့စားကို ပြောပေးမယ်.. ဒါက မင်းတို့ ကျန်းမိသားစု အတွက် အကောင်းဆုံးသောလမ်းပဲ"
ဆံဖြူ အဘိုးကြီးက ဓားကို ဆွဲထုတ်နေသည့် ကျန်းချန်ကို ကြည့်ပြီး ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားသည်။
သူက ကျန်းချန်ကို ခြိမ်းခြောက်ပြီး အလျင်အမြန် စည်းရုံးလိုက်၏။
ကျန်းချန်က ဆံဖြူအဘိုးကြီးကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"မင်းတို့ လင်ယွန်းမြို့စားအိမ်တော်က ဘာကြောင့် လင်းယွီကို ကူညီနေရတာလဲ"
"ငါတို့ရဲ့ သခင်လေးကြောင့်ပါ.. သူက လင်းယွီကို စန်းရှန်မြို့က ကျန်းမိသားစုကို ဖျက်ဆီးဖို့ ပြောခဲ့တာပါ"
"ဒါပေမဲ့ စိတ်မပူပါနဲ့.. ငါ လင်ယွင်မြို့ကို ပြန်ရောက်ရင် မြို့စားကို အရာအားလုံး ရှင်းပြပြီး လင်ယွင်မြို့စားအိမ်တော်က မင်းတို့ ကျန်းမိသားစုရဲ့ ရန်သူ မဖြစ်စေရဘူးလို့ အာမခံပါတယ်"
ဆံဖြူ အဘိုးကြီးက မဖုံးကွယ်ဝံ့ဘဲ အကြောင်းစုံကို ရှင်းပြလိုက်သည်။
"ဟက်... ငါထင်ထားတဲ့အတိုင်း အရူးကောင် ပိုင်ကျိရွှယ်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာကိုး"
"မင်း ဒီကိုလာဖို့ ပိုင်ကျိရွှယ်က ညွှန်ကြားထားတာ ဖြစ်တဲ့အတွက် မင်းနဲ့ ညှိနှိုင်းစရာ အကြောင်းမရှိတော့ဘူး"
"ဒါကြောင့်.. မင်း သေလိုက်တာက အကောင်းဆုံးပဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်၏။
ထို့နောက် သူ၏ ဓားဆန္ဒသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အလွန် ဖိနှိပ်နိုင်စွမ်းရှိသည့် အေးစက်သော ဓားအလင်းရောင်သည် လေထဲတွင် လင်းလက်သွားခဲ့သည်။
"ရွှစ်"
တိုးညင်းသော အသံတစ်ခုသာ ကြားလိုက်ရပြီး ဆံဖြူ အဘိုးကြီး၏ လည်ပင်းတွင် သွေးစီးကြောင်းတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။
ယင်း သွေးစီးကြောင်းထဲကနေ တောက်ပသော အနီရောင် သွေးများက ပန်းထွက်လာခဲ့သည်။
ဆံဖြူအဘိုးကြီးက ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး ကျန်းချန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်၍ တဖြည်းဖြည်း အသက်ကင်းမဲ့သွားခဲ့သည်။
"အရူးကောင် ပိုင်ကျိရွှယ်က ငါ့ ကျန်းမိသားစုကို ကြံစည်ရဲလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားမိဘူး"
"ဒီအတိုင်းဆို ပိုင်ကျိရွှယ် နဲ့ လင်ယွင် မြို့စားအိမ်တော်ရဲ့ တည်ရှိမှုက ကျန်းမိသားစုအတွက် အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေမှာပဲ"
"လင်ယွင်စီရင်စုက မထွက်ခွာခင် လင်ယွင် မြို့စားအိမ်တော်ကို သွားပြီး ဒီခြိမ်းခြောက်မှုကို လုံးဝ ပပျောက်သွားအောင် လုပ်ရမယ်"
ကျန်းချန်က ဆံဖြူ အဘိုးကြီး၏ အလောင်းကို ကြည့်ရင်း မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။
"ကျန်း... ခေါင်းဆောင်ကျန်း.. ငါတို့ မှားသွားပါတယ်.. ငါတို့ ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူး.. လင်းယွီက ငါတို့ကို ဒီကိုလာတိုက်ဖို့ အတင်းအကျပ် တွန်းအားပေးခဲ့တာပါ"
"မင်းက လူကြီးလူကောင်းဖြစ်လို့ ဒီတစ်ကြိမ်တော့ ငါတို့ကို ခွင့်လွှတ်ပေးပါ.. ငါတို့ စန်းရှန်မြို့ထဲကို ဘယ်တော့မှ ထပ်မဝင်တော့ဘူးလို့ ကတိပေးပါတယ်"
ကျန်းချန်က လင်းယွီ အပါအဝင် သုံးယောက်လုံးကို သတ်ပစ်လိုက်သည်ကို မြင်လျှင် လင်းမိသားစုကို ဦးဆောင်လာသည့် အကြီးအကဲ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
သူက လင်းမိသားစု၏ တပည့်တစ်စုနှင့်အတူ ကျန်းချန်ရှေ့တွင် ဒူးထောက်ကာ တောင်းပန်လိုက်၏။
"အခုမှ တောင်းပန်ဖို့ သိတယ်လား.. ကံမကောင်းစွာနဲ့ နောက်ကျသွားခဲ့ပြီ"
"မင်းတို့ရဲ့ အရင် မိသားစုခေါင်းဆောင် လင်းထျန်းရှုံးက ငါ့ကို တိုက်ခိုက်ခဲ့ပေမဲ့ ငါက သူ့တစ်ယောက်တည်းကိုပဲ သတ်ပစ်ခဲ့ပြီး မင်းတို့ လင်းမိသားစုကို စန်းရှန်မြို့ကနေ မောင်းထုတ်ခဲ့တယ်.. အဲဒီကတည်းက မင်းတို့ကို အခွင့်အရေးပေးခဲ့ပြီးပြီ"
"အခုတော့ မင်းတို့က စန်းရှန်မြို့ဆီ ပြန်လာပြီး ငါ့ရဲ့ ကျန်းမိသားစုကို တိုက်ခိုက်ရဲမှတော့ ငါ မင်းတို့ကို ဘယ်လိုလုပ်ပြီး လွှတ်ပေးနိုင်မှာလဲ"
ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားသည်။
"သူတို့အားလုံးကို သတ်ပစ်လိုက်.. တစ်ယောက်မှ မချန်ထားနဲ့"
အမြစ်ကို မဖြတ်ဘဲ မြက်ကို ခုတ်လျှင် နွေဦးလေ တိုက်ခတ်ခြင်း နှင့်အတူ တဖန် ပြန်ပေါက်လာပေလိမ့်မည်။
ဤတစ်ကြိမ်တွင် သူသည် လင်းမိသားစုကို ပြန်လည်နိုးထရန် ဘယ်တော့မှ အခွင့်အရေး ထပ်ပေးတော့မည် မဟုတ်ချေ။
ကျန်းချန်ထံမှ အမိန့်ကို ရသည်နှင့် ကျန်းခိုင်နှင့် ရွှယ်ရှောက် တို့သာ် တုံ့ဆိုင်းမနေခဲ့ကြပေ။
သူတို့က ကျန်းမိသားစု၏ တပည့်တစ်စုကို ဦးဆောင်ကာ လင်းမိသားစုမှ လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်မှာပင် လူတိုင်းကို လျင်မြန်စွာ သတ်ပစ်လိုက်သည်။
ချီကာကွယ်ရေး အဆင့်၈ ကျင့်ကြံသူ နှစ်ယောက်ဖြစ်သည့် ကျန်းခိုင်နှင့် ရွှယ်ရှောက်တို့၏ ဦးဆောင်မှုအောက်တွင် လင်းမိသားစု၏ တပည့်အားလုံးသည် တခဏအတွင်း ချေမှုန်းခံလိုက်ရသည်။
အခန်း(၁၄၉) ပြီး၏