ဖုန့်ချန်း၏ သူရဲကောင်းဆန်ဆန်အတိတ်တစ်ချိန်
Vol. 13 Ch. 169
"မိသားစုခေါင်းဆောင်က ဘာပြောလိုက်တာလဲ"
လှည့်ပြန်လာသော ခင်ပွန်းဖြစ်သူကို ဖုန့်ကျင့်ရှို့မေးလိုက်သည်။
ကျူးရန်ရှန်းက ခေါင်းကိုအရှက်ပြေကုတ်လျက် မိသားစုခေါင်းဆောင်မေးလိုက်သည့်မေးခွန်းကို ပြန်ပြောပြသည်။
"အိုး ကျွန်မအဖေနဲ့ ဝမ်းကွဲမောင်လေးက မကြာခင်ရောက်တော့မှာပါ"
ဖုန့်ကျင်းရှို့ဖြေလိုက်သည်။
လာမည်ဟုအကြောင်းကြားထားမှတော့ လာဖြစ်အောင်လာလိမ့်မည်ပင်။ ဖုန့်ချန်းက ကတိကဝတ်ကို လွယ်လွယ်နှင့်ချိူးဖျက်တတ်သူမဟုတ်ချေ။
တစ်ဖက်တွင်မူ ကျူးရန်ရှန်းမှာ အရှက်ရသည့်ခံစားချက်ကို ဖယ်ထုတ်လို့မရနိုင်ချေ။
သူတို့မိသားစုမှာ ဇနီးဖြစ်သူ၏မိသားစုကို အကူအညီတောင်းရသည့်အဆင့်ထိရောက်အောင် ဘယ်အချိန်ကဤမျှကျဆင်းသွားသည်မှန်း မသိတော့ပါ။
ခင်ပွန်းတစ်ယောက်အနေဖြင့် သူကသာ ဇနီး၏ရှေ့မှမားမားမတ်မတ်ရပ်တည်ကာကွယ်ပေးသူ ဖြစ်ချင်ပါသည်။ သူကတော့ တစ်ပြန်အကာကွယ်မခံချင်လှပါ။
ဖုန့်ကျင်းရှို့ကတော့ ထိုအကြောင်းကို များများစားစားတွေးတောမနေပါ။ ကျူးမိသားစု၏အကူအညီတောင်းမှုကလည်း သူမအတွက် ခက်ခဲလှသည့်အရာမဟုတ်သည်လေ။
သူတို့က ဖုန့်ချန်းကို ကျူးမိသားစုခေါင်းဆောင်၏မွေးနေ့ပွဲသို့ဖိတ်ကြားပြီး တစ်ဖက်လူ၏လွှမ်းမိုးမှုကိုခေတ္တငှားရမ်းကာ ဝူမိသားစု၏အာဏာအား ဖိနှိပ်ချင်ခြင်းပင်။
ကျူးမိသားစု၏ လက်ရှိအခြေအနေကို သူမလည်းကောင်းစွာနားလည်သည်ဖြစ်ရာ ကူညီပေးဖို့ တွန့်ဆုတ်မနေခဲ့ပါပေ။
(ဒါပေမယ့် ချန်းအာက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတွေကိုပါ အနိုင်ပိုင်းပြီး အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှာ ဘယ်လိုများအနိုင်ရသွားခဲ့ပါလိမ့်)
ဖုန့်ကျင်းရှို့သည် ဖုန့်ချန်း၏မိဘများရှိနေခဲ့စဥ်အချိန်တုန်းက ဖုန့်ချန်းတစ်ယောက် အသုံးမကျသည့်ကြွက်စုတ်လေးသာဖြစ်ခဲ့သည့် အချိန်များကို ပြန်လည်အောက်မေ့မိသည်။
ထိုအချိန်တွေတုန်းက ဖုန့်ချန်းဆိုသည့်လူရမ်းကားလေးမှာ ပြောစကားလည်းနားမထောင်၊ သူလုပ်ချင်သည့်အရာကို သူ့နည်းသူ့ဟန်နှင့် မဖြစ်ဖြစ်အောင်လုပ်တတ်သည့် တဇွတ်ထိုးတဇောက်ကန်းလေးသာပင်။
ကျင့်ကြံရေးကိုအားစိုက်ဖို့ ဘယ်လိုပဲဆုံးမနေပါစေ လမ်းမထက်မှာသာလမ်းသလားလို့အချိန်ကုန်နေပြီး အိမ်တော်ကနေ နှစ်ရက်သုံးရက်လောက်ပျောက်ချင်လည်း ပျောက်သွားတတ်သည်သာ။
သို့သော် မိသားစုခေါင်းဆောင်ကတော့ သူဘာတွေပဲလျှောက်လုပ်နေနေ ပြင်းပြင်းထန်ထန်အပြစ်ပေးသည်ဆိုတာမရှိပေ။ သူ့သားဖြစ်နေလို့ မျက်နှာလိုက်ခြင်းတော့မဟုတ်။ အကြောင်းမှာ ဖုန့်ချန်းကပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။
ဖုန့်ချန်း၏ ကျင့်ကြံရေးချိုးဖျက်သည့်အမြန်နှုန်းမှာ ပြိုင်ဘက်ကင်းဖြစ်ပြီး သိပ်ကြိုးပမ်းစရာမလိုဘဲနှင့်တောင် မိသားစုတွင်းမှမည်သူမျှ သူ့ကိုအမီလိုက်နိုင်သည်မဟုတ်ချေ။
တဇွတ်ထိုး လုပ်ချင်ရာလုပ်တတ်သည်ဆိုသော်ငြား လူတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ တန်းတူဆက်ဆံတတ်ပြီး ဒုက္ခရောက်နေသူကိုဆိုလျှင် စိတ်ရောကိုယ်ပါကူညီပေးတတ်၍ အကြီးအကဲများအပါအဝင် အားလုံး၏လေးစားချစ်ခင်မှုကို ရရှိထားခြင်းဖြစ်သည်။
ထို့ကြောင့် မိသားစုအကြီးအကဲများမှာ သူဘာတွေပဲလုပ်နေနေ အန္တရာယ်သာမရှိလျှင်ပြီးရောဟုဆိုကာ ဒီတိုင်းလွှတ်ထားတတ်လေ့ရှိရုံမက မိဘများကအပြစ်ပေးဖို့လုပ်လျှင်လည်း ဝင်ရောက်ကာကွယ်ပေးတတ်ကြလေ၏။
သူမ၏ဖခင်ဖြစ်သူကပင် သမီးရင်းထက် ဖုန့်ချန်းကိုပိုချစ်သယောင်ထင်ရသည်။
ဖုန့်ချန်းကို သူမတစ်လျှောက်လုံး မောက်မာဝင့်ကြွားသည့် အခွင့်ထူးခံလူတန်းစားမျိုးဟုသာ ထင်မြင်လာခဲ့သော်ငြား ထိုကောင်လေးမှာ မျိုးရိုးအလိုက်ဆက်ခံသူဖြစ်သည့်အလျောက် မိသားစုခေါင်းဆောင်ဖြစ်ဖို့ကံပါလာခဲ့လေသည်။
တစ်ချိန်က သူမသည် ဖုန့်ချန်းကို ကံကောင်းလွန်းသည့်အကြောင်းရင်းကြောင့် မနာလိုမုန်းတီးခဲ့ဖူး၏။
ဒီလိုမြင်တာ သူမတစ်ယောက်တည်းတော့မဟုတ်ပေ။ သူမတို့မျိုးဆက်က ကြီးကြီးငယ်ငယ်မရွေး ဖုန့်ချန်းကို ရရှိထားသောအခွင့်ထူးများနှင့် တစ်စက်မှမထိုက်တန်သော လူပျင်းတစ်ယောက်အဖြစ်သာ ရှုမြင်ခဲ့ကြသည်။
သို့သော် အဖြစ်အပျက်တစ်ခုက ဖုန့်ချန်းအပေါ် သူတို့၏အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။
တစ်ခါက ဂိုဏ်းတစ်ခုကကျင်းပသော ဝင်ခွင့်စာမေးပွဲကို သူတို့အားလုံးသွားရောက်ဖြေဆိုခဲ့ပေသည့် တစ်ယောက်မှမအောင်မြင်ခဲ့ဘဲ စိတ်ပျက်လက်ပျက်သာ ပြန်လှည့်ခဲ့ရဖူးသည်။
ဖုန့်ချန်းသည်လည်း သူတို့နှင့်အတူလိုက်ပါလာခဲ့၏။ ထိုအချိန်က ထိုသို့စမ်းသပ်စာမေးပွဲမျိုးကို ဝင်ဖြေဆိုဖို့ သူကအသက်ငယ်လွန်းသေးသည့်အတွက် လျှောက်လည်ရုံသက်သက်သာလိုက်ပါလာကာ ဟိုဟိုဒီဒီစူးစမ်းရင်း ကျေနပ်လို့သာနေတော့သည်။
ရှုံးနိမ့်မှုကြောင့် စိတ်ပျက်ဒေါသထွက်နေကြသော သူတို့အုပ်စုမှာ ပျော်ရွှင်မြူးထူးလျက် ဘာအပူအပင်မှရှိဟန်မတူသောဖုန့်ချန်းထံသို့ ဒေါသများစုပုံခဲ့မိကြသည်။ သူတို့အားလုံး အရှုံးသမားများအဖြစ် ထိုင်းမှိုင်းညစ်နွမ်းနေကြချိန်မှာ အပျော်ခရီးထွက်သလိုပေါ့ပါးနေသူက သူတစ်ယောက်သာရှိသည်လေ။
ထို့နောက် အပြန်လမ်းမှာ မမျှော်လင့်ထားဘဲ ခြုံခိုတိုက်ခိုက်သည့် ဓားပြတစ်စုနှင့် သူတို့တွေ့ကြုံခဲ့ရလေသည်။
လုပ်ကြံသူများမှာ အညှာအတာကင်းမဲ့လှပြီး ပစ္စည်းဥစ္စာကိုအဓိကမထားပါဘဲ မိသားစုဝင်များကိုသာသတ်ဖြတ်ဖို့ ဦးတည်လာခဲ့ကြသည်။ ပြိုင်ဘက်မိသားစုများမှငှားရမ်းထားသောလုပ်ကြံသူများက ဓားပြများအဖြစ်ရုပ်ဖျက်ရောက်ရှိလာခြင်းဖြစ်ပေမည်။ သူတို့၏ ဦးဆုံးပစ်မှတ်ကတော့ ကလေးများသာပင်။
အရှုပ်အထွေးများကြားတွင် သက်တော်စောင့်များလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကြတော့ဘဲ လူငယ်မိသားစုဝင်များလည်း လန့်ဖျပ်ကုန်ကြတော့သည်။
ထိုအုပ်စုထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော ဖုန့်ကျင်းရှို့မှာလည်း အကြောက်လွန်ကာ ဓားပြများသူမဆီသို့ပြေးဝင်လာသော် တောင့်ခဲလျက်သာကြည့်နေခဲ့မိတော့၏။
အကြောက်တရားကြောင့် လူတိုင်းမင်သက်မိနေကြချိန်မှာ တစ်ချက်မတွန့်ဆုတ်ဘဲ ရှေ့သို့တိုးထွက်လာသူကတော့ အုပ်စု၏အငယ်ဆုံးအဖွဲ့ဝင် ဖုန့်ချန်းပင်။
သူက ဓားသွားကိုရွှမ်းခနဲဆွဲထုတ်ပြီး မိသားစု၏အလင်းဓားသိုင်းကိုအသုံးပြုကာ မိသားစုဝင်များကိုကာကွယ်ပေးခဲ့လေသည်။
ထိုဓားသိုင်းကို ဖုန့်ချန်းအငယ်လေးက တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်စွာ အသုံးပြုတိုက်ခိုက်နိုင်ခဲ့ပေသည်။
ကျော့ရှင်းသပ်ရပ်သော အလင်းဓားချက်များက ဓားပြများကို တိကျစွာခုတ်ပိုင်းနေလျက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သော ဓားပြခေါင်းဆောင်နှင့်ရင်ဆိုင်ရသောအခါတွင်ပင် သူကားတုန်လှုပ်မသွားခဲ့ပေ။ တစ်ဖက်လူ၏ဓားချက်များက ပြင်းထန်လှပေသည့် ဖုန့်ချန်း၏ပြတ်သားသောစိတ်ဆန္ဒနှင့် ခန့်မှန်း၍မရသောတိုက်ကွက်များက တိုက်ပွဲကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့လေသည်။
တိုက်ပွဲအပြီးတွင် ပြင်းထန်စွာဒဏ်ရာရခဲ့သော်ငြား သူ့မိသားစုဝင်များအားလုံးဘေးကင်းကာ ဓားပြများထွက်ပြေးသွားသည်အထိ တာဝန်ယူကာကွယ်နိုင်ခဲ့ပေသည်။
ထိုအချိန်မှစ၍ သူမအတွေးထဲမှ မောက်မာ၍ကံတရားမျက်နှာသာပေးခြင်းခံရသည့် ကောင်လေးမှာ မိသားစုဝင်များကိုကာကွယ်ဖို့အတွက် အသက်စွန့်ရန်ပင်ဝန်မလေးသည့်သူတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအဖြစ်အပျက်တွင်ပါဝင်ခဲ့သောလူတိုင်းမှာ သူတို့၏အနာဂတ်မိသားစုခေါင်းဆောင်ဖြစ်လာမည့် ဖုန့်ချန်းအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ခဲ့ရတော့ပေ၏။
ထိုတိုက်ပွဲအပြီးတွင် ဖုန့်ကျင်းရှို့မှာ ဖုန့်ချန်းကိုရိုးသားပွင့်လင်းစွာ စတင်ဆက်ဆံခဲ့ပြီး အနောက်မှလည်းတကောက်ကောက်လိုက်ကာ စည်းလွတ်ဝါးလွတ်ဖြစ်မသွားဖို့ လိုက်လံထိန်းကျောင်းပေးရသေးသည်။
မြူခိုးချိုင့်ဝှမ်းမြို့တော်၏ ပါရမီရှင်ပြိုင်ပွဲတွင် ချပြခဲ့သည့်စွမ်းဆောင်မှုကြောင့် ဖုန့်ချန်းမှာ ပြိုင်ဘက်ကင်းပါရမီရှင်အဖြစ် ပိုလို့နာမည်ကြီးလာတော့သည်။
သူတို့မျိုးဆက်မှ မောင်နှမများကြား ဖုန့်ချန်းကိုယှဥ်ပြိုင်၍ မိသားစုခေါင်းဆောင်နေရာလုယူဝံ့သူ တစ်ယောက်မှမရှိခဲ့ပါချေ။
ဖုန့်ချန်း၏ ကျောက်ကြားမှု၊ ပါရမီ၊ ကိုယ်ကျင့်တရားကို မည်သူမျှယှဥ်ပြိုင်နိုင်မည်မဟုတ်သည့်အပြင် သူတို့အတွက်ထိုက်တန်သောမိသားစုခေါင်းဆောင်ဟု သူတို့ကိုယ်တိုင် မှတ်ယူထားခဲ့ကြပြီးဖြစ်လေသည်။
သို့သော် မိသားစုခေါင်းဆောင်ဟူသော တာဝန်ကြီးမှာ သူတို့မျှော်လင့်ထားသည်ထက်ပို၍လျင်မြန်စွာ ဖုန့်ချန်းခေါင်းပေါ်သို့ ကျရောက်သွားခဲ့ရတော့၏။
ဖုန့်ချန်းအသက်၂၀အရွယ်တွင် သူ့မိဘနှစ်ပါးမှာ ဖုန့်မိသားစုမှထွက်ခွာသွားပြီးနောက် အပြီးတိုင်ပျောက်ကွယ်သွားတော့လေသည်။
ဖုန့်ချန်းမှာ စနောက်ပျော်ရွှင်တတ်သော လူငယ်သဘာဝကို အလုံးစုံပြည်ဖုံးကားချလိုက်ရပြီး တာဝန်များအားလုံးကိုလက်လွှဲယူကာ မိသားစုခေါင်းဆောင်တစ်ဦး၏ဘဝသို့ နေ့ချင်းညချင်းပြောင်းလဲခဲ့ရလေသည်။
ထိုအချိန်များတွင် ဖုန့်ကျင်းရှို့မှာ ဖုန့်ချန်း၏အနားတွင်သာရှိနေခဲ့ပြီး သူမလက်မထပ်ခင်အထိ တတ်နိုင်သမျှပံ့ပိုးကူညီပေးခဲ့ပါ၏။
အခုတော့ ထိုလူငယ်လေးသည် သူ့သမိုင်းကို သူကိုယ်တိုင်ရေးလျက် အရှေ့ပိုင်းစီရင်စုတွင် အသန်မာဆုံးသောကျင့်ကြံသူများထဲတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရလေပြီ။
ထို့အပြင် ဖုန့်မိသားစု၏ ပထမဆုံးသော ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူပါပေ။
ဖုန့်ချန်း၏ ကျင့်ကြံဆင့်သတင်းကိုကြားရတုန်းက သူမထက်ပို၍ပျော်ရွှင်သူ ရှိတော့အံ့မထင်။ သို့သော် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကို စော်ကားပြုမူခဲ့သည်ဆို၍ တစ်ဖန်စိတ်ပူရပြန်သည်။
ဖုန့်ယွင်၏စေ့စပ်ပွဲဖျက်သိမ်းခံရပြီး အခက်အခဲတွေဆက်တိုက်ကြုံနေရသည်ဟု သူမကြားခဲ့စဥ်က ဖုန့်မိသားစုသို့ပြန်ဖို့ပင် သူမတွေးခဲ့သေး၏။
သို့သော် သူမအဖေက ဒီအချိန်မှာလုပ်နိုင်တာဘာမှမရှိသေးကြောင်း ရှင်းလင်းဖျောင်းဖျသဖြင့် မပြန်ဖြစ်ခဲ့လိုက်ပေ။
ထိုအကြောင်းများကိုပြန်တွေးမိသော် သူမအသာပြုံးမိရတော့သည်။
အမှန်ပင် သူတို့စိုးရိမ်ပေးနေစရာမလိုခဲ့ပါ။ ဖုန့်ချန်းသည်ကား ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူ ဖြစ်နေပြီးလေပြီ။
အတိတ်ကာလများသို့ သူမပြန်လည်နစ်မျောနေစဥ် အစေခံတစ်ဦးက အပြေးအလွှားချဥ်းကပ်လာသည်။
"မိန်းကလေးကျင်းရှို့ ကျွန်မနဲ့လိုက်ခဲ့ပါ" အစေခံက အသက်ပင်မရှူအားပဲ အမြန်ခေါ်၏။
အလောတကြီးနိုင်လှသောအသံကြောင့် ဖုန့်ကျင်းရှို့လည်းလန့်သွားရသည်။
"ဘာများဖြစ်လို့လဲ"
ကျူးရန်ရှန်းက စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုတ်လျက်မေးလာသည်။
အစေခံက သူ့ထံမျက်လုံးဝေ့ကြည့်လျက် ဖြေလာသည်။
"ဖုန့်မိသားစုရောက်လာပြီထင်ပါတယ် ဖုန့်မိသားစုခေါင်းဆောင်ဖုန့်ချန်းနဲ့ အခြွေအရံတွေ ခြံဝန်းထဲဝင်ရောက်လာပါပြီ"
(နောက်ဆုံးတော့ ရောက်ပြီပေါ့)
ဖုန့်ကျင်းရှို့တွေးလိုက်မိသည်။
"ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ်"
အသံငြိမ်ငြိမ်ဖြင့်ပင် သူမ ပြောလာသော်ငြား စိတ်ထဲကတော့တက်ကြွနေလေပြီ။
ဖုန့်ချန်းကိုမမြင်ရတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သဖြင့် ဘယ်လောက်တောင်ပြောင်းလဲသွားသလဲ သိချင်စမ်းလှ၏။
"ရန်ရှန်း လာလေ"
ကျူးရန်ရှန်းက ခေတ္တမျှတွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ သွားကြစို့"
ဖုန့်မိသားစုခေါင်းဆောင် အရောက်လာသောအကြောင်းရင်းက သူတို့ဇနီးမောင်နှံကြောင့်သာဖြစ်သည်မှန်း သူသိပါ၏။ ဆွေမျိုးတစ်ယောက်အနေဖြင့် ဂုဏ်သရေရှိဖုန့်မိသားစုခေါင်းဆောင်ကိုတွေ့ဆုံရန်ကား ရှောင်လွှဲလို့မရတော့ပါပေ။
ဒါပေမယ့် ရင်မတုန်ဘဲလဲမနေနိုင်။
ဖုန့်မိသားစုခေါင်းဆောင်၏ဂုဏ်သတင်းက သူနှင့်ကျင်းရှို့လက်ထပ်သည့်အချိန်တုန်းကနှင့် လားလားမှမတူတော့သည်လေ။
သူ့နာမည်မှာ မိုးပြာကောင်းကင်အင်ပါယာတစ်လွှား အလွန်ကျော်ကြားနေပြီဖြစ်ပြီး ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကို တည့်တိုးရင်ဆိုင်ရဲသူတစ်ဦးလည်းဖြစ်သည်။
ထို့အပြင် တတိယမင်းသား၏ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်ဟူသောကောလဟလလည်း ကြားထားရပြန်သည်။ အမှန်ပင် အရှိန်အဝါကြီးသောခေါင်းဆောင်ပါပေ။
ထို့အပြင် လတ်တလောလေးကမှ အရှေ့ပိုင်းစီရင်စု စုဝေးပွဲတွင် အင်အားအကြီးဆုံးမိသားစုအဖြစ် အပြတ်အသတ်ကိုအောင်ပွဲခံနိုင်ခဲ့ပြီး ထျန်းလုံမိသားစုနှင့် ယွမ်မိသားစုထက်ပင် ပိုလို့ကျော်ကြားနေလေပြီ။
ဟူး
(ငါ့ကိုစိတ်ကွက်မသွားကြဖို့ မျှော်လင့်ရတာပဲ)