ဖုန့်ကျင်းရှို့နှင့် ပြန်လည်တွေ့ဆုံခြင်း
Vol. 13 Ch. 171
ကျူးရှန့်ရှန်းသည် ဖုန့်ချန်းနှင့်သူ့အဖွဲ့ကို နေရာချထားပေးပြီးနောက် ဟောခန်းမထဲမှလေထုမှာလည်း အံ့သြမင်သက်မှုများ စူးစမ်းလိုစိတ်များဖြင့် တင်းမာလျက်ရှိလေသည်။
ရုတ်တရတ်ဆန်သောအဖြစ်အပျက်ကို အခုအချိန်ထိ လက်ခံဖို့ကြိုးစားနေရသောသူများမှာ ဖုန့်ခေါင်းဆောင်ထံသို့ တစ်ချက်တစ်ချက်ခိုးမကြည့်ဘဲမနေနိုင်ပါချေ။
ကျူးရှန့်ရှန်းပြင်ဆင်ပေးထားသော စားပွဲမှာ အချက်အချာအကျဆုံးနေရာတွင်ဖြစ်ပြီး ဖုန့်မိသားစု၏ဂုဏ်သရေကိုအလေးထားသည့်အနေဖြင့် အခြားဧည့်သည်တော်များထက် ပိုပြီးအဆင့်မြင့်အောင်ပြင်ဆင်ပေးထားခြင်းဖြစ်၏။
သူတို့အားလုံး နေရာယူပြီးသည်နှင့် ကျူးရှန့်ရှန်းက အစေခံများကို အကောင်းဆုံးသောလက်ဖက်ရည်နှင့်စားဖွယ်စုံများယူလာရန် ခိုင်းစေလိုက်တော့သည်။
ထိုအချိန်တွင် ဖုန့်ကျင်းရှို့မှာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ခြံဝန်းကိုဖြတ်ကာအပြေးလာနေပြီး ကျူးရန်ရှန်းကတော့ အနည်းငယ်ရင်တုန်ပန်းတုန်ဖြစ်နေဟန်ပါပင်။
သူတို့ရောက်ရှိလာသော် ဖုန့်ချန်း၏စူးရှသောအကြည့်က တန်းတန်းမတ်မတ်ဆိုက်ရောက်သွားတော့၏။
"ကျင်းရှို့" ဖုန့်ချန်းက ခပ်သာသာပြုံးလျက်ခေါ်လိုက်သည်။ "ချန်းအာ" ကျင်းရှို့ကလည်း ပြန်လည်နှုတ်ဆက်လိုက်ပြီး အသံမှာနွေးထွေးလျက် အံ့သြဟန်လေးစွက်နေ၏။
ကျင်းရှို့က သူ့မောင်လေးကိုစေ့စေ့စပ်စပ်ကြည့်လိုက်သည်။ အသွင်အပြင်ကတော့ အရင်အတိုင်းမပြောင်းမလဲရှိနေသော်ငြား သူမဖုန့်အိမ်တော်မှထွက်ခွာလာခဲ့စဥ်အချိန်ကထက် ပို၍ချောမောခန့်ငြားလာဟန်ပင်။
သို့ပေမယ့် ဖုန့်ချန်းဘေးမှာမှ ပတ်လည်နေရာယူထားကြသော အခြားဧည့်သည်မိသားစုဝင်များနှင့် ကျူးမိသားစုဝင်များကို တွေ့လိုက်ရသောအခါ ဖုန့်ချန်းသည် အရင်လိုစကားနားမထောင်သည့် ပါရမီရှင်လေးတစ်ဦးမဟုတ်တော့ဘဲ အရှေ့ပိုင်းစီရင်စုတစ်ခုလုံး လေးစားရိုသေရသည့်ကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း သူမသတိထားလိုက်မိတော့၏။
ဖုန့်ကျင်းရှို့မှာ အထင်ကြီးလေးစားမှုကိုရော ဂုဏ်ယူဝင့်ကြွားလိုစိတ်ကိုပါ တစ်ပြိုင်တည်းခံစားလိုက်ရသည်။
ထိုဂုဏ်သရေရှိမိသားစုခေါင်းဆောင်မှာ တစ်ချိန်က သူမတကောက်ကောက်လိုက်ထိန်းကျောင်းခဲ့ရသည့် မောင်ဝမ်းကွဲလေးဖြစ်သလို ပေါ့ပေါ့တန်တန်နှင့် တဇွတ်ထိုးဆန်ခဲ့သည့် လူငယ်လေးတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။
ယခုတော့ စီရင်စုတစ်ခုလုံး၏ စွမ်းအားအကြီးဆုံးကျင့်ကြံသူများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်သလို ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူဟူသောဂုဏ်ပုဒ်က သူ့ကိုဂုဏ်ရောင်တင်ပေးလျက်ရှိလေပြီ။
စုဝေးနေကြသောဧည့်သည်တော်များမှာ သူတို့အားလုံးအထင်ကြီးလေးစားရသည့် ဒဏ္ဍာရီလာမိသားစုခေါင်းဆောင်ဖုန့်ချန်းမှ ကျူးမိသားစုဝင်တစ်ဦးကို ရင်းနှီးချစ်ခင်စွာနှုတ်ဆက်လိုက်သည်အား ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေနိုင်ကြတော့၏။
ဖုန့်ချန်းဒီအထိရောက်လာရသည့်အကြောင်းရင်းကိုလည်း နားလည်လိုက်ကြပြီပင်။
"ဂုဏ်သရေရှိဖုန့်မိသားစုခေါင်းဆောင်ကိုယ်တိုင် အရောက်လာတာကို အံ့သြမနေတော့ပါဘူး သူတို့မိသားစုဝင်တစ်ယောက်က ကျူးမိသားစုဝင်နဲ့လက်ဆက်ထားလို့ပဲ"
"သူတို့အပြန်အလှန်နှုတ်ဆက်ပုံအရတော့ အတော်လေးရင်းနှီးကြလောက်တယ်နော်"
"ကြည့်ရတာ ဖုန့်မိသားစုနဲ့ကျူးမိသားစုက အချိန်တစ်ခုအတွင်း ပေါင်းစည်းကြတော့မယ်ထင်တယ်"
.....
"ကျင်းရှို့ မတွေ့ရတာအတော်တောင်ကြာပြီ"
ဖုန့်ချန်းက နွေးထွေးမှုအပြည့်ဖြင့် ဆိုလာသည်။
ဖုန့်ကျင်းရှို့၏ မျက်လုံးအကြည့်များထဲတွင်လည်း အတိတ်မှအတူဖြတ်သန်းခဲ့ကြသောကာလများကို အောက်မေ့တမ်းတနေဟန်ပင်။
"ဟုတ်တာပေါ့ချန်းအာရယ် ကြာလှရောပေါ့၊ ငါတို့မိသားစုက ဒီလိုအင်အားကြီးနေတာကြားတော့ ဝမ်းသာလိုက်ရတာ"
ခံစားချက်တို့ရောပြွန်းနေသော်ငြား သူမ၏စကားသံမှာတော့ တည်ငြိမ်လျက်သာပင်။
ဖုန့်ချန်းမှာ လှိုက်လှိုက်လှဲလှဲပြုံးလျက် သူမအနားသို့ထလာသည်။
"ဝမ်းကွဲအစ်မကလာဖို့ဖိတ်တော့လည်း ကျွန်တော်မငြင်းနိုင်တော့ဘူးလေ"
ရိုးရိုးလေးပင်ပြောလိုက်သော်ငြား သူတို့နှစ်ဦးကြားကဆက်နွယ်မှုကို အများကြားအောင်အသိပေးလိုက်သည့် အဓိပ္ပာယ်ပင်။
သူမကိုထိပါးရဲသူမှန်သမျှ သူ့ဒေါသနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း မသိမသာသတိပေးလိုက်သော စကားတစ်ခွန်းလည်းဖြစ်၏။
ဖုန့်ချန်း၏ဝမ်းကွဲအစ်မအား ထိပါးရဲသူဟူ၍ ဤမိုးပြာကောင်းကင်အင်ပါယာတစ်ဝှမ်းတွင် ၁ရာခိုင်နှုန်းပင်မရှိနိုင်ချေ။
"ဟုတ်ပါပြီရှင် လာပေးလို့လည်းဝမ်းသာပါတယ်"
ဖုန့်ကျင်းရှို့ကပြောလိုက်သည်။
ဖုန့်ချန်းဘယ်လိုလူစားဖြစ်ကြောင်း ကျင်းရှို့ကောင်းစွာသိထားသော်ငြား လူတွေဆိုသည်မှာ ပြောင်းလဲတတ်သည်ပင်။ အချိန်ကြာလာသည်နှင့်အမျှ လက်ရှိအာဏာနှင့် ကျော်ကြားမှုကို လက်ကိုင်ထားရသောဖုန့်ချန်းသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု သူမကြိုတွေးခဲ့မိသည်။
သို့သော် ယခုလိုမျက်မြင်တွေ့လိုက်ရတော့ ထိုသံသယများမှာ လုံးဝလွင့်စင်ပျောက်ကွယ်သွားရလေပြီ။
ဖုန့်ချန်းမှာ အတိတ်ကသူသိခဲ့သောလူငယ်လေးနှင့် တစ်စက်မှကွာခြားမသွားပါပေ။ သူ့ဘက်က မိသားစုဟုသတ်မှတ်ထားသောလူတိုင်းကို တာဝန်ယူမှုအပြည့်ရှိသလို မပြောင်းမလဲဂရုစိုက်တတ်တုန်းပင်။
ဖုန့်ချန်းသည် အနားတွင်ရပ်နေသောကျူးရန်ရှန်းထံသို့ တစ်ချက်ဝေ့ကြည့်လိုက်၏။
ကျူးရန်ရှန်းသည် ချက်ချင်းပင်အရှေ့သို့လှမ်းထွက်လာပြီး လေးနက်စွာကိုင်းညွှတ်အရိုအသေပြုလာသည်။
"မိ-မိသားစုခေါင်းဆောင် ဒီလိုထပ်တွေ့ရတာ အထူးဂုဏ်ယူမိပါတယ်"
ဖုန့်ချန်းသည် တည်တည်ငြိမ်ငြိမ်သာစိုက်ကြည့်နေပြီး အပြုံးခပ်ဖျော့ဖျော့ကိုပြသလိုက်သည်။
"ခင်ဗျားက ကျင်းရှို့ရဲ့အမျိုးသားပဲ တရိုတသေလုပ်နေစရာမလိုပါဘူး မိသားစုတွေပဲကို"
ကျူးရန်ရှန်းသည် မတ်မတ်ပြန်ရပ်လိုက်ပေသည့် စိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်သေးသည့်နှယ် အတောင့်လိုက်သာရပ်နေမိတော့၏။
"ကျေးဇူးတင်ပါတယ် ဖုန့်မိသားစုခေါင်းဆောင် ကျွန်တော် ကျင်းရှို့ကို အကောင်းဆုံးကြိုးစားပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်"
ဖုန့်ချန်းခေါင်းညိတ်လိုက်ပြီး စူးရှသောအကြည့်များမှာလည်း အနည်းငယ်မျှပျော့ပျောင်းသွားသည်။
"အဲ့လိုပဲမျှော်လင့်ပါတယ် ဝမ်းကွဲအစ်မက လောကရဲ့ အကောင်းဆုံးနဲ့ပဲထိုက်တန်တာပါ"
ထို့နောက် သူတို့နေရာပြန်ယူကာ စကားဝိုင်းကိုဆက်ကြသည်။
ဖုန့်ကျင်းရှို့က ဖုန့်ချန်း၏ဘေးကပ်လျက်ခုံတွင်နေရာယူကာ သူ့ခင်ပွန်းကိုလည်း ဖုန့်ချန်းတို့ထိုင်သောဗဟိုစားပွဲတွင်ပင် ထိုင်စေလိုက်သည်။
အကြီးအကဲဝေ့က ဖုန့်ချန်း၏ဘေးတစ်ဖက်တွင်ထိုင်သည်။ အမြဲတစေ မရယ်မပြုံးရှိတတ်သော သူ့မျက်နှာမှာ သမီးဖြစ်သူနှင့် တူလေးဖြစ်သူတို့မောင်နှမ ပြန်လည်ဆုံစည်းသည့်အချိန်တွင် ထူးထူးခြားခြားပျော့ပျောင်းညင်သာလို့နေ၏။
သူတို့အဖွဲ့၏စုပေါင်းလိုက်မှုက လူအများ၏အာရုံကိုဆွဲခေါ်လိုက်မိသော်လည်း မကြာမီပင် ကျူးမိသားစုဝင်များက အခမ်းအနားကိုဆက်လက်စီစဥ်ရင် အလုပ်များကုန်ကြသဖြင့် လေထုမှာအစောကလောက် တင်းမာမနေတော့ပါပေ။
စားပွဲထိပ်တွင်ထိုင်လျက်ရှိသော ကျူးရှန့်ရှန်းမှာ မျက်နှာထက်တွင် စိတ်ကျေနပ်မှုတို့ဖြင့် အထင်းသားလင်းလက်လို့နေတော့သည်။
သူ့မွေးနေ့ပွဲအခမ်းအနားသို့ ဖုန့်ချန်းရောက်ရှိလာခြင်းက သူတို့မိသားစုအတွက် အကြီးမြတ်ဆုံးသော ဂုဏ်သိမ်တစ်ရပ်ပါပေ။
ဖုန့်မိသားစုရောက်ရှိလာသည်နှင့် လေထုမှာချက်ချင်းပြောင်းလဲသွားတော့သည်ပင်။ မိသားစုများစွာနှင့် ကုန်သည်အများစုက စိတ်ချရသောအကျိုးအမြတ်များကိုချပြ၍ အနာဂတ်တွင်ပူးပေါင်းရေးများပြုလုပ်ရန် စတင်ဆွေးနွေးလာကြတော့သည်။
ဝူမိသားစုနှင့် ပူးပေါင်းထားသူများပင် သူ့ထံတစ်ဖန်ချဥ်းကပ်လာကြကာ ပြဿနာများကိုပြည်ဖုံးကားချလိုပြီး သူတို့၏အတိတ်ကလုပ်ရပ်များအတွက်တောင်းပန်သည့်အနေဖြင့် လျော်ကြေးသဘောဆောင်သည့် ကမ်းလှမ်းချက်များကိုပင် ဖော်ပြလို့လာတော့၏။
ကျူးရှန့်ရှန်းမှာ ဘာကိုမှသဘောမတူသေးသော်ငြား ငြင်းလည်းငြင်းပယ်မထားလိုက်ပါ။
သူတို့နှင့်သာမပူးပေါင်းလျှင် ဝူမိသားစုကိုပြန်လည်တိုက်ထုတ်ဖို့လည်းမဖြစ်နိုင်။ တစ်ဖက်မှာလည်း ဖုန့်မိသားစုက သူတို့နှင့်ပူးပေါင်းချင်စိတ်ရှိမရှိ သူမသေချာသေးပေ။
သူတို့ကိုအစောပိုင်းက သစ္စာဖောက်ချန်ထားခဲ့ကြသည့် လူများနှင့် ပြန်လည်မပေါင်းစည်းလိုသော်ငြား သူတို့မိသားစုအတွက် အကျိုးအမြတ်ကိုလည်း ထည့်တွက်ရဦးမည်ပင်။
ခဏမျှကြာသော် ဧည့်သည်များကိုစုစည်း၍ ညစာစားပွဲကျင်းပရန် ကျူးရှန့်ရှန်းဆုံးဖြတ်လိုက်တော့သည်။
သူထိုင်ရာမှထကာ ဧည့်သည်တော်များအားလုံးကို ကြွရောက်ပေးသည့်အတွက် ကျေးဇူးတင်စကားဆိုသည်။
"ကျုပ်ရဲ့အသက်၇၀ပြည့်မွေးနေ့ကို တက်ရောက်ချီးမြှင့်ပေးကြတဲ့ ဧည့်သည်တော်အပေါင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ တကယ်ကို စိတ်ရင်းအမှန်နဲ့ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ် အထူးသဖြင့် ဖုန့်မိသားစုရဲ့ ရောက်ရှိလာမှုကတော့ ကျူးမိသားစုရဲ့ကြီးမြတ်တဲ့ဂုဏ်သရေတစ်ရပ်ပါပဲ တစ်သက်လုံးအမှတ်ရနေမယ့်မွေးနေ့ပါပဲခင်ဗျာ"
ကျေနပ်ဝင့်ကြွားနေဟန်လေသံဖြင့် သူကကျေးဇူးတင်စကားဆိုလိုက်သည်။
ဖြောင်း! ဖြောင်း! ဖြောင်း! ဖြောင်း!
လူအများမှာ ဝမ်းမြောက်လှိုက်လှဲစွာဖြင့် လက်ခုပ်တီးအားပေးလိုက်ကြပြီး ဝူမိသားစုနှင့်ပူးပေါင်းထားသော ဧည့်သည်များမှာတော့ စိတ်ထဲတနုံံနုံ့ဖြစ်လျက်သာ လိုက်ပါလက်ခုပ်တီးရတော့၏။
ကျေးဇူးတင်စကားအပြီးတွင် ဧည့်သည်များတစ်ယောက်ပြီးတစ်ယောက်ရှေ့တက်၍ ကျူးရှန့်ရှန်းအတွက်ပြင်ဆင်ထားကြသော မွေးနေ့လက်ဆောင်များကို လက်ရောက်ပေးအပ်ကြသည်။
ကျူမိသားစုမှာ ဖုန့်မိသားစုနှင့်အဆက်အသွယ်ရှိနေကြောင်းသိရပြီးသော် လက်ဆောင်ကိုဖြစ်သလိုသာစီစဥ်ခဲ့ကြသောဧည့်သည်များမှာ ပြန်လည်တွေးတောဆင်ခြင်နေရလေပြီ။
ထို့နောက် သူတို့လက်ဝယ်ပိုင်သောရတနာများ အဖိုးတန်ပစ္စည်းများကို လက်ဆောင်ဘူးထဲသို့ အမြန်သွတ်ထည့်ပြင်ဆင်ကြရတော့၏။
အစောပိုင်းကတော့ ကျူးရှန့်ရှန်းကို မျက်နှာလုပ်နေစရာမလိုဟုသာ သူတို့တွေးခဲ့ကြပြီး သာမန်ကာလျှံကာလက်ဆောင်များကိုသာ ပြင်ဆင်ခဲ့သည်ပင်။ အခုတော့ အခြေအနေမှာ ရုတ်ချည်းဆိုသလိုပြောင်းလဲသွားသည်လေ။
ဝူမိသားစုလက်အောက်တွင် ပြိုလဲခါနီးဆဲဆဲဖြစ်လုပြီဟု သူတို့ယူဆထားသောမိသားစုမှာ ရုတ်တရတ် အင်အားကြီးကျောထောက်နောက်ခံတစ်ဦးကိုရလိုက်ပြီး သူတို့လျစ်လျူရှုလို့ရနိုင်သောအဆင့်မျိုးလည်း ဟုတ်မနေပေ။
ရှန်းလုံမြို့တော်၏ နာမည်ကြီးကုန်သည်တစ်ဦးက ရှေ့သို့စတင်လှမ်းထွက်လာပြီး ကျက်သရေအပေါင်းဖြင့်ပြည့်စုံလှသော ကျောက်စိမ်းချီလင်ရုပ်တုတစ်မျိုးကို ပေးအပ်လာသည်။ (ချီလင် - သမင်ခန္ဓာ၊ မြင်းခွာနှင့် ခြင်္သေ့မြှီးပါရှိသော တရုတ်ဒဏ္ဍာရီလာသတ္တဝါတစ်မျိုး)
ရုပ်တုမျက်နှာပြင်မှာ ဝိဉာဥ်စွမ်းအင်ခပ်ဖျော့ဖျော့ဖြာထွက်နေပြီး ဝိဉာဥ်ကျောက်စိမ်းမိုင်းတွင်းထွက်ရတနာတစ်မျိုးဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ပင်။
အရွယ်အစားကိုကြည့်ခြင်းအားဖြင့် ဈေးနှုန်းအရာမှာမြင့်မားလှမည်ဖြစ်ကြောင်း သိနိုင်ပေသည်။
"ဒီကျောက်စိမ်းချီလင်ရုပ်တုက ကြွယ်ဝမှုနဲ့ဘေးကင်းလုံခြုံမှုကို ဆောင်ယူပေးပါတယ် ဒီရုပ်တုရဲ့ကောင်းချီးကြောင့် ကျူးမိသားစုရဲ့အောင်မြင်မှုအဓွန့်ရှည်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ"
ကျူးရှန့်ရှန်းသည် ယဥ်ကျေးသမှုဖြင့် ခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီး လက်ဆောင်ကို တင့်တယ်စွာလက်ခံယူလိုက်သည်။
နောက်တစ်ယောက်မှာ ရှုမိသားစု၏ကိုယ်စားပြုဖြစ်ပေသည်။ သူက မီးတောက်နက်သံမဏိဖြင့် သွန်းလောင်းပြုလုပ်ထားသည့် ဓားကောင်းနှစ်လက်ကိုထုတ်ဖော်ပြသလာ၏။ ဓားသွားများမှာ အသေးစိတ်ကျလှသောအစီအရင်များဖြင့် တွဲဖက်ထုလုပ်လို့ထားသည်။
"ဒီဓားတွေက အင်အားနဲ့ကာကွယ်မှုကိုကိုယ်စားပြုပြီး အရည်အသွေးဟာလည်း ကျူးမိသားစုအတွက် မနိမ့်ကျစေလောက်တဲ့ အဆင့်အတန်းပါပဲ"
နောက်ထပ်ဆက်သလာကြသော လက်ဆောင်များမှာလည်း သာမန်ကာလျှံကာဟူ၍မပါရှိပေ။ ရှားပါးဝိဉာဥ်ဆေးပင်များမှ စွမ်းအားကြီးမှော်ရတနာများအထိ စိတ်ကျေနပ်စရာကောင်းလှပေသည်။
ဧည့်သည်တော်များမှာ တစ်ဦးထက်တစ်ဦးပိုသာအောင် အပြိုင်အဆိုင်ကြိုးစားနေကြသည့်ဟန်ပင်။ အစောပိုင်းက ဥပေက္ခာပြုလိုစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြပြီး ကျူးမိသားစုကိုမျက်နှာလုပ်ဖို့ သိသိသာသာကို ကြိုးစားအားထုတ်လာကြတော့သည်။
ဝူမိသားစုကတော့ မျက်နှာလုပ်လိုစိတ်မရှိသော်ငြား ဖုန့်မိသားစုကိုစော်ကားမိသလိုဖြစ်မှာလည်းစိုး၍ သေမျိုးအဆင့်မြင့် အကာအကွယ်မှော်ရတနာတစ်ခုကို လက်ဆောင်ပေးလာလေသည်။
ဖုန့်မိသားစု၏အလှည့်သို့ရောက်လာသော် ခန်းမတစ်ခုလုံးမှာ မျှော်လင့်စောင့်စားနေကြသကဲ့သို့ ငြိမ်သက်တိတ်ဆိတ်လို့နေသည်။
အကြီးအကဲဝေ့က ထရပ်လိုက်၏။ တည်ငြိမ်၍သြဇာအာဏာပြည့်လျှမ်းသော သူ့ပုံရိပ်မှာ အားလုံး၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။
"ကျူးမိသားစုခေါင်းဆောင်ရဲ့မွေးနေ့အတွက်" အကြီးအကဲဝေ့က စပြောသည်။ "မြေကမ္ဘာအလယ်အလတ်ဆင့်ဓားကောက်တစ်ချောင်းနဲ့ အဆင့်၅ဒြပ်စင်အားတိုးဆေးတစ်လုံးကို ပြင်ဆင်လာပါတယ် ဒါ့အပြင် အဆင့်၁နဲ့ အဆင့်၂ဆေးလုံးတွေရော ပါဝင်ပါတယ်ခင်ဗျာ"