← Chapters

ဖုန့်မိသားစု၏ ရက်ရောမှု

Vol. 13 Ch. 172

ဖုန့်မိသားစု၏ ရက်ရောမှု

Vol. 13 Ch. 172

မြေကမ္ဘာအလယ်အလတ်ဆင့်နှင့် အဆင့်ငါးဒြပ်စင်အားတိုးဆေးဟူသော စကားလုံးများကိုကြားလိုက်သော ကျူးရှန့်ရှန်း၏မျက်လုံးအစုံမှာ ပြူးကျယ်သွားရတော့လေ၏။

ထိုရတနာများမှာ သူစိတ်ပင်ကူးနိုင်သောအဆင့်အတန်းဟုတ်မနေခဲ့ပေ။ ကျူးမိသားစုရတနာသိုက်တစ်ခုလုံးကို အပြောင်အစင်ထုခွဲရောင်းထုတ်သော်မှ မတတ်နိုင်လောက်သည့် အနေအထားပင်ဖြစ်လေသည်။

ထိုရတနာနှစ်မျိုးအပြင် အဆင့်၁နှင့်အဆင့်၂ဆေးလုံးများလည်း ပမာဏတစ်ခုအထိ ပါဝင်ဦးမည်ဆိုပါကလား?

ဖုန့်မိသားစုမှထုတ်လုပ်သောဆေးလုံးများ မည်မျှအရည်အသွေးကောင်းမွန်လှကြောင်း လူတိုင်းမသိချင်မှအဆုံးပါပေ။ ကုန်သည်များမှာ ဖုန့်မိသားစု၏ အစွမ်းထက်ဆေးလုံးများကို သာမန်ထက်နှစ်ဆပိုသောဈေးဖြင့် အမြဲအလုအယက်ဝယ်ယူနေရသည်လေ။

ဖုန့်မိသားစုထံမှထုတ်လုပ်သည်ဟုသာဆိုလိုက်လျှင် ဆေးလုံးထောင်ချီကိုလည်း မိနစ်ပိုင်းအတွင်းရောင်းကုန်နိုင်သည်ဟု ဆိုစမှတ်ရှိလေသည်။

အဆင့်၁နှင့်အဆင့်၂ဆေးလုံးပမာဏ မည်မျှပါရှိသည်မှန်း မသေချာသေးသော်ငြား ထည့်သွင်းလာသောဆေးအိုးအရွယ်အစားအရ ရာချီ သို့မဟုတ် ထောင်ချီပင်ပါရှိနိုင်ပေသည်။

"ဒါက..."

ကျူးရှန့်ရှန်းမှာ မမျှော်လင့်ထားဘဲ ဖုန့်မိသားစုမှ သူ့မွေးနေ့အတွက် ဤမျှရက်ရက်ရောရောသုံးဖြုန်းလာခြင်းကြောင့် ကြက်သေသေနေတော့သည်။

ဒီလက်ဆောင်များနှင့်ပင် ကျူးမိသားစု၏ဖြစ်တည်မှုကို အရောင်တင်ပေးနိုင်သည်။ မှော်ရတနာက သူ့တိုက်ရည်ခိုက်ရည်ကို နှစ်ဆမျှတွန်းတင်ပေးနိုင်ပြီး ဒြပ်စင်အားတိုးဆေးက သူ့ကို ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်အောင် လမ်းဖွင့်ကူညီပေးနိုင်သည်။

ထို့အပြင် ထိုသို့ရှားပါးအဖိုးတန်ပစ္စည်းများကို မွေးနေ့လက်ဆောင်အဖြစ်ပြင်ဆင်လာသော ဖုန့်မိသားစု၏ကြွယ်ဝမှုမှာ ပိုလို့ပင်အထင်ကြီးစရာကောင်းနေတော့လေ၏။

"ဘုရားရေ ရက်‌ရောချက်ပဲ"

"ငါ့သားသမီးတွေသာ ဖုန့်မိသားစုဝင်တစ်ယောက်လောက်ကို မျက်စိကျအောင်ဆွဲဆောင်လိုက်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ"

"ချီးပဲ ဒီလိုလက်ဆောင်တွေလက်ခံရဖို့ ကျူးရှန့်ရှန်းတော့ အရင်ဘဝက ဘာကောင်းမှုတွေများလုပ်ခဲ့ပါလိမ့်"

......

လူအုပ်ကြီးမှာ တီးတိုးတီးတိုးဖြင့် တန်ဖိုးကြီးလက်ဆောင်များအပေါ် အံ့သြတကြီးဝေဖန်ပြောဆိုနေကြပြီး အနည်းစုသာ စိတ်လွတ်လက်လွတ် ဝမ်းမြောက်ပေးနိုင်ကြသည်။

"ဖုန့်မိသားစုရဲ့ ရက်ရောလှတဲ့လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ" ကျူးရှန့်ရှန်းက ဖုန့်ချန်းနှင့်အကြီးအကဲဝေ့ရပ်နေသောနေရာသို့ အသာဦးညွှတ်ကာ ကျေးဇူးစကားဆိုလာသည်။

လက်ဆောင်များမှာ တန်ဖိုးမြင့်မားလွန်းလှသည့်အတွက် သူငြင်းဆိုလိုက်ဖို့ ခေတ္တစဥ်းစားလိုက်ပါသေးသည်။ သို့သော် ထိုသို့ငြင်းပယ်လိုက်ခြင်းက ဖုန့်မိသားစု၏စေတနာကို စော်ကားလိုက်ရာကျပေမည်။

လက်ဆောင်များကိုငြင်းပယ်လိုက်ခြင်း၏ ဆိုလိုရင်းက အဓိပ္ပာယ်များစွာသက်ရောက်စေသည်။ ဖုန့်မိသားစုကို ဒီလိုတန်ဖိုးကြီးလက်ဆောင်မျိုးမပေးနိုင်ဟု ဆိုလိုသည်လား? ဒါမှမဟုတ် တစ်ဖက်လူ၏စေတနာကို အထင်သေး၍အသိအမှတ်မပြုသည်လား စသဖြင့် တွေးစရာအမျိုးမျိုးရှိလာနိုင်၏။

"ဒီအခမ်းအနားအပေါ် ခေါင်းဆောင်ရဲ့အလေးထားမှုက ကျွန်တော်မျှော်လင့်ထားတာထက်ကို ပိုကြီးမြတ်ပါတယ်" သူကထပ်ပေါင်းပြောလိုက်သည်။

ဖုန့်မိသားစု၏ ကြွယ်ဝမှုနှင့် စေတနာသဒ္ဒါယိုဖိတ်မှုတို့ကြောင့် လူအများမှာ ကပ်တိုးဆွေးနွေးလို့မပြီးနိုင်တော့ချေ။

ဧည့်သည်မိသားစုအများအပြားနှင့် ကုန်သည်အပေါင်းတို့မှာ ဖုန့်မိသားစုမှ ကျူးမိသားစုအပေါ် မည်မျှအလေးအနက်ထားကြောင်း သိမြင်လိုက်ရသောအခါ ကျူးမိသားစုနှင့်ပူးပေါင်းဖို့ရာ မစောင့်နိုင်ကြတော့ပေ။

ဒြပ်စင်အားတိုးဆေးကိုလည်း ရရှိထားသောကြောင့် ကျူးရှန့်ရှန်းမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့တက်လှမ်းရန် လမ်းပွင့်နေပြီဖြစ်ပြီး ရှန်းလုံမြို့တော်အတွင်း အင်အားအကြီးဆုံးဟူသောဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်တော့မည်ဖြစ်လေသည်။

အဆင့်မချိုးဖျက်နိုင်လျှင်တောင်မှ မြေကမ္ဘာအလယ်အလတ်ဆင့်လက်နက်ကို လက်ဝယ်ရှိထားပါလျှင် မြို့တော်တွင်းအရှိန်အဝါအပြင်းဆုံးမိသားစုနေရာတွင် ရပ်တည်နိုင်လိမ့်မည်မလွဲပေ။

ထို့အပြင် လက်ဆောင်ပစ္စည်းများကို ကြည့်ရုံဖြင့် မိသားစုနှစ်ခုကြား မည်မျှဆက်ဆံရေးကောင်းလှကြောင်း ခန့်မှန်းနိုင်ပေသည်။ မရင်းနှီးဘဲ လက်လွတ်စပယ်ပစ်ပေးလိုက်လို့ရသော လက်ဆောင်မျိုးမှမဟုတ်သည်လေ။

လက်ဆောင်ပေးခြင်းအခမ်းအနားပြီးဆုံးသော် ခန်းမတစ်ခုလုံးမှာ ငြိမ်သက်တိတ်ဆိတ်စွာဖြင့် အတွေးပင်လယ်ထဲနစ်မျောနေကြဟန်ပင်။

အခမ်းအနားကို ဆက်လက်ကျင်းပနေစဥ် ကျူးရှန့်ရှန်းမှာ တွေးတွေးဆဆဖြင့် ဖုန့်ချန်း‌‌ဘေးသို့ဝင်ထိုင်ရင်း စကားစသည်။

"ဖုန့်မိသားစုခေါင်းဆောင်" ကျူးရှန့်ရှန်းက ခေါ်လိုက်သည်။ "ခေါင်းဆောင်ဒီကိုရောက်လာတာကိုက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာတစ်ရပ်ဖြစ်နေပါပြီ ကျွန်တော့်မိသားစုက ထင်ထားတာထက် ပိုအခြေခိုင်သွားခဲ့ပါပြီ"

"အထူးတလည်ကျေးဇူးတင်နေစရာမလိုပါဘူးဗျာ ကျွန်တော်လည်းမွေးနေ့ပွဲလေးလာတက်ရုံကလွဲပြီး ဘာမှထူးထူးခြားခြားမလုပ်လိုက်ရပါဘူး" ဖုန့်ချန်းက တည်ငြိမ်သောအပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ "ဒါပေမယ့် ကျွန်တော်ဆွေးနွေးချင်တာလေးတစ်ခုတော့ရှိတယ်"

ကျူးရှန့်ရှန်းမှာ မတ်ခနဲဖြစ်သွားပြီး မျက်နှာထားမှာလည်းအလေးအနက်အသွင်ဆောင်လာသည်။ ဖုန့်ချန်းဆွေးနွေးချင်သည့်ကိစ္စမှန်သမျှမှာ သူ့အတွက်တော့ အရေးကြီးကိစ္စရပ်ပင်။

သူ့မိသားစုအတွက် အကျိုးအမြတ်ရမည့်ကိစ္စဟုတ်မဟုတ်တော့ မသေချာသေးသော်ငြား ဖုန့်ချန်း၏ကနဦးအပြုအမူနှင့် စေတနာတရားတို့ကြောင့် မည်သို့ပင်ဖြစ်စေ သူတွန့်ဆုတ်နေစရာအကြောင်းမရှိပါ။ ထို့အပြင် ဖုန့်မိသားစုထံမှ တာဝန်တစ်ခုကို သူတို့အား ယုံကြည်စိတ်ချစွာပေးအပ်လာခြင်းဆိုသည်မှာ ဖုန့်မိသားစုတောင်ပံအောက် ခိုနားခွင့်ရသွားသည့်အဓိပ္ပာယ်ပင်။

ဖုန့်ချန်းသည် အကြီးအကဲဝေ့ကို မသိမသာအချက်ပြလျက် အရှေ့သို့ခေါ်လိုက်သည်။ ထိုမျှသောလှုပ်ရှားမှုလေးကပင် လူအများအာရုံစိုက်စရာအရှိန်အဝါတစ်ခု ထင်ကျန်နေ၏။

ကျူးရှန့်ရှန်းသည် ကျူးမိသားစု၏ခေါင်းဆောင်ဖြစ်နေပေမယ့် အကြီးအကဲဝေ့ကလည်း ဖုန့်မိသားစု၏ စီနီယာအကျဆုံးအကြီးအကဲတစ်ဖြစ်လဲ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် တစ်ဖက်လူကို တရိုတသေဆက်ဆံနေရန်မလိုအပ်ပါလေ။

အမှန်တကယ်နှိုင်းယှဥ်ကြည့်ပါက ဖုန့်ဝေ့က ကျူးရှန့်ရှန်းထက် ပိုပြီးလေးစားထိုက်စရာဖြစ်မည်မလွဲပေ။

"ကျူးမိသားစုခေါင်းဆောင်" အကြီးအကဲဝေ့က ခိုင်မာတည်ကြည်သောလေသံဖြင့် စကားစသည်။ "ဖုန့်မိသားစုက ရှန်းလုံမြို့တွင်း ကျူးမိသားစုရဲ့ ကျယ်ပြန့်လာတဲ့လွှမ်းမိုးမှုကို လေ့လာသိရှိထားပါတယ် အထူးသဖြင့်ကူးသန်းရောင်းဝယ်ရေးပိုင်းတွေမှာပေါ့ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိမယ့်ဆက်ဆံရေးတစ်ခုကို အခြေတည်လို့ရနိုင်ပါတယ်"

ကျူးရှန့်ရှန်းသည် နားထောင်နေရင်း စိတ်ဝင်စားလာဟန်ဖြင့် မျက်လုံးများကျဥ်းမြောင်းသွားသည်။ "အကြီးအကဲဝေ့ အသေးစိတ်သာပြောပါခင်ဗျာ ကျူးမိသားစုက ဖုန့်မိသားစုကို အတတ်နိုင်ဆုံးကူညီပေးဖို့ အဆင်သင့်ဖြစ်နေတာပါ"

အကြီးအကဲဝေ့ကလည်း ခေါင်းတစ်ချက်ညိတ်ပြီး စကားဆက်သည်။ "ကျွန်တော်တို့ဖုန့်မိသားစုက အရည်အသွေးမြင့်ဆေးလုံးထုတ်လုပ်ရေးကြောင့် ကျော်ကြားပါတယ် အ‌ရှေ့ပိုင်းစီရင်စုတစ်လျှောက် ကျွန်တော်တို့ဖြန့်ကျက်ထားတဲ့ ဆေးလုံးရောင်းဝယ်ရေးနယ်ပယ်များစွာရှိပေမယ့် အခုထိအခြေချဖို့ကျန်ရှိနေတဲ့ဒေသတွေထဲမှာ ရှန်းလုံမြို့တော်လည်း အပါအဝင်ဖြစ်နေပါသေးတယ် ဆိုတော့ မြို့တော်တွင်း ကျွန်တော်တို့ဆေးလုံးတွေကိုဖြန့်ချိပေးဖို့ ကျူးမိသားစုကို ယုံယုံကြည်ကြည် အပ်နှံလိုပါတယ်ခင်ဗျာ"

ကျူးရှန့်ရှန်းရင်တွေခုန်ပြီး အသက်ရှူသံပင်မြန်လာတော့သည်။ ဤသည်မှာ မကြုံစဖူးအခွင့်အလမ်းတစ်ခုပါပင်။

ကျူးမိသားစုသာ ဖုန့်မိသားစု၏ တရားဝင်ဆေးလုံးဖြန့်ချိရေးတာဝန်ခံနေရာကို ယူနိုင်လိုက်ပါက သူတို့၏ဂုဏ်သတင်းမှာ ယနေ့ညအဖြစ်အပျက်များထက်ပင် ပို၍သာလွန်စွာကျော်ကြားအောင်မြင်ပေလိမ့်မည်။

အကြီးအကဲဝေ့ကဆက်ပြောသည်။ "အစီအစဥ်ကတော့ ရိုးရှင်းပါတယ် ကျွန်တော်တို့က ကျူးအိမ်တော်ကို အဆင့်၁နဲ့အဆင့်၂ဆေးလုံးတွေ မှန်မှန်ပို့ဆောင်ပေးမယ် ဝယ်လိုအားကိုလိုက်ပြီး အဆင့်ပိုမြင့်တဲ့ဆေးလုံးတွေလည်း အဆင်သင့်သလိုထည့်ပေးပါဦးမယ် ကျူးမိသားစုက ဒီဆေးလုံးတွေကို ရှန်းလုံမြို့တော်ထဲဖြန့်ချိဖို့ တာဝန်ယူပေးရမှာပါ အပြန်အလှန်အနေနဲ့ ဖုန့်မိသားစုက ၁၀ရာခိုင်နှုန်းသောအကျိုးအမြတ်ကို ခွဲဝေပေးပါမယ်"

ကျူးရှန့်ရှန်းမှာ ကမ်းလှမ်းချက်အသေးစိတ်ကို ချက်ချင်းတွက်ချက်နိုင်လိုက်သည်။

အမြတ်အစွန်းခွဲဝေမှုမှာ နည်းပါးလှပုံပေါ်သော်လည်း ဆေးလုံးအရေအတွက်များများရောင်းရလေလေ သူတို့ကျူးမိသားစုအတွက် ငွေပိုဝင်လေလေပင်။

ထို့အပြင် ဖုန့်မိသားစု၏ ရောင်းအားမြင့်ဆေးလုံးများကို ပထမဆုံးဖြန့်ချိနိုင်မည့်အခွင့်အရေးက သူတို့ကို ဈေးကွက်လွှမ်းမိုးမှုကောင်းကောင်းရအောင် အထောက်အကူပြုပေမည်။

"ဒါက..." ကျူးရှန့်ရှန်း အနည်းငယ်တွန့်ဆုတ်နေပြီး စကားလုံးများကိုသေချာရွေးချယ်နေရသည်။ "ဒါက ကျွန်တော်တို့အတွက်တော့ အင်မတန်ကိုမှဂုဏ်ယူဝမ်းမြောက်စရာပူးပေါင်းမှုပါပဲ ဖုန့်မိသားစုက ကျွန်တော်တို့ကို ဒီလိုတာဝန်ကြီးပေးအပ်ဖို့အထိ ယုံကြည်တယ်ဆိုတာသိရတော့ အရမ်းဝမ်းသာမိပါတယ်"

အကြီးအကဲဝေ့က တည်တည်ငြိမ်ငြိမ်သာရှိနေပေမယ့် မျက်လုံးများထဲတွင်တော့ ကျေနပ်နေသယောင်ပင်။ "ကျွန်တော်တို့အတွက်တွဲဖက်ကောင်းကို ယုံယုံကြည်ကြည်ရွေးချယ်လိုက်တာပါ ကျူးမိသားစုခေါင်းဆောင် ခေါင်းဆောင်တို့ရဲ့စိတ်ရင်းစစ်မှန်မှုနဲ့ လွှမ်းမိုးနိုင်မှုကြောင့် အသင့်တော်ဆုံးမဟာမိတ်ဖြစ်စေခဲ့တာပါ"

သူ့သမီးကိုယ်တိုင်ကလည်း ကျူးမိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်နေသောကြောင့် ဤလုပ်ငန်းစဥ်မှာ တစ်ခြားထက် ကျူးမိသားစုကိုအသားပေးရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ပေ၏။

ကျူးရှန့်ရှန်းမှာ ထိုင်ရာမှထကာ ဖုန့်ချန်းနှင့်အကြီးအကဲဝေ့ကို လေးနက်စွာဦးညွှတ်အရိုအသေပြုလိုက်သည်။ "ကျူးမိသားစုဘက်က စိတ်မပျက်စေရပါဘူးလို့ အာမခံပါတယ် ဒီတာဝန်ကို ကျွန်တော်တို့အနေနဲ့ သေချာပေါက်အလေးအနက်ထားပြီး လုံ့လဝိရီယရှိရှိ ထမ်းဆောင်ပါ့မယ်"

All Chapters