မတိုက်ခင်က လက်နက်ချ
Vol. 13 Ch. 173
ထိုအချိန်တွင် ခြံဝန်း၏ထောင့်တစ်နေရာမှာတော့ ဝူမိသားစုဝင်များနှင့် ၎င်းတို့၏အပေါင်းအပါများမှာ တိတ်ဆိတ်စွာတည်ရှိနေကြလေသည်။ မျက်နှာထားများမှာလည်း မည်းမှောင်လျက်။ ယနေ့တော့ ကျူးမိသားစုကိုအောက်ဆုံးထိထိုးချမည် ဟူသောအစီအစဥ်ဖြင့် သူတို့မာန်သွင်းလာရောက်ခဲ့သော်ငြား အခြေအနေက ကပြောင်းကပြန်ဖြစ်သွားခဲ့ရလေပြီ။
ဟယ်မိသားစုမှအကြီးအကဲတစ်ဦးက ဒေါသကိုမထိန်းနိုင်စွာဖြင့် စားပွဲကိုတစ်ချက်ပြင်းပြင်းရိုက်လိုက်သည်။
"ကျူးမိသားစုက ဖုန့်မိသားစုရဲ့တောင်ပံအောက်မှာ သြဇာပိုကြီးလာတော့မှာ ငါတို့က ဒီမှာပဲဒီတိုင်းထိုင်ကြည့်နေတော့မှာလား ဟိုလက်ဆောင်တွေပေးလိုက်တဲ့အချိန်ကတည်းက သူတို့နဲ့မဟာမိတ်ဖွဲ့ချင်တဲ့လူတွေ တန်းစီနေပြီ ငါတို့အခုဘာမှထမလုပ်ရင် ရှန်းလုံမြို့တော်မှာ ကျူးမိသားစုကငါတို့အားလုံးကို အပြတ်အသတ်ကျော်တက်သွားလိမ့်မယ်ကွ"
အခြားမဟာမိတ်တစ်ဦးဖြစ်သော လင်းဖုဆိုသည့် ခပ်ဝဝကုန်သည်ကလည်း သဘောတူဟန်ဖြင့်ခေါင်းညိတ်လာသည်။ "ဖုန့်မိသားစုက သူတို့ကိုဒီလောက်ပေါ်တင်အသားပေးနေရင် မြို့တော်မှာသူတို့မိသားစုသြဇာလွှမ်းမိုးလာမှာအသေအချာပဲ ငါတို့အခုနေဘာမှမလှုပ်ရှားရင် ထိုးချခံရတော့မှာ"
"တတိယမင်းသားက ဖုန့်မိသားစုကို အစောကတည်းကစောင့်ကြည့်နေတာ သူ့အတွက်တော့ ဖုန့်မိသားစုက အရှေ့ပိုင်းစီရင်စုရဲ့ခလုတ်ကန်သင်းပဲ ကျူးမိသားစုက ဖုန့်မိသားစုလက်အောက်ရောက်နေလည်း ငါတို့ရှင်းထုတ်ပစ်နိုင်တယ်"
လင်းဖုက ပြန်လည်ငြင်းခုံလာသော်လည်း သူ့အသံကတော့ မျှော်လင့်ချက်ကင်းမဲ့နေဟန်။
မျက်နှာတစ်ခုလုံ မည်းမှောင်အုံ့မှိုင်းနေသာ ဝူကျန်းက အံကြိတ်လျက်ပြောလာသည်။ "ဖုန့်မိသားစုကိုဆန့်ကျင်ဖို့ အဲ့လောက်ရိုးရှင်းမယ်ထင်နေလား သူတို့အာဏာဘယ်လောက်ကြီးလဲမသိဘူးလား တတိယမင်းသားရဲ့နောက်ခံနဲ့ဆိုရင်တောင် ဖုန့်မိသားစုကိုသွားဆွမယ်ဆိုတာ အရူးလုပ်ရပ်ပဲ"
သူ့စကားအဆုံးတွင် လင်းဖု၏ ရှိမဲ့စုမဲ့သတ္တိတွေမှာလည်း ရေစုန်မျောကုန်တော့၏။ သို့သော် သူ့စီးပွားရေးများ ကျူးမိသားစု၏လွှမ်းမိုးမှုအောက် ကျရောက်ကုန်မည့်အကြောင်းကိုတွေးမိတော့ စိတ်တိုလာရပြန်သည်။ တန်ပြန်ရင်ဆိုင်ရန်တွန့်ဆုတ်နေသော ဝူကျန်းကို သူတိတ်တဆိတ်ကျိန်ဆဲလိုက်ပြီး သူတို့ခေါင်းဆောင် ဟန်ဆောင်ပန်ဆောင်ပဲဖြစ်ဖြစ် ဒီ့ထက်ပိုပြီးသတ္တိရှိစေဖို့ ဆုတောင်းမိသည်။
တကယ်တော့လည်း သူကျူးမိသားစုကိုဆန့်ကျင်ဖို့ သတ္တိရှိခဲ့သည့်အကြောင်းရင်းမှာ တတိယမင်းသားကို နောက်ခံအသစ်အဖြစ်ရရှိသွားသော ဝူကျန်းကြောင့်သာပင်။ ဝူကျန်းတစ်ယောက် ရှန်းလုံမြို့တော်တစ်ခုလုံး၏ဈေးကွက်ကို တတိယမင်းသားနာမည်အောက်ရောက်အောင်ကြိုးပမ်းစဥ်ကလိုမျိုး အခုလည်း သတ္တိရှိရှိ လုပ်ရဲကိုင်ရဲစိတ်လေးပေါ်လာလျှင် ကောင်းပေမည်။
"ဒါပေမယ့် ဝူမိသားစုခေါင်းဆောင်ရာ တတိယမင်းသားရဲ့ထောက်ပံ့မှုနဲ့ဆိုရင် သေချာပေါက်-"
ဝူကျန်းစားပွဲကိုတစ်ချက်ရိုက်ချလိုက်သည်။ သူသာရိုက်ချက်ကိုမထိန်းလိုက်နိုင်လျှင် အားလုံးအာရုံစိုက်မိပေရော့မည်။
"တော်လောက်ပြီ" ဝူကျန်းတစ်ချက်ဟောက်လိုက်သည်။ အသံနိမ့်ပေသည့် အမိန့်အာဏာအပြည့်ပင်။
"ဒီအကြောင်းကိုထပ်မပြောကြနဲ့တော့ ဒီနေ့ဒီအချိန်ကစပြီး ငါတို့ကျူးမိသားစုနဲ့ထပ်မပြိုင်ဆိုင်တော့ဘူး လိုအပ်ရင် ငါတို့အကူအညီကိုပါ ပေးသင့်ပေးရမယ်" ခေါင်းဆောင်ဝူ၏ ဗျူဟာအပြောင်းအလဲကြောင့် တစ်အုပ်စုလုံးဆွံ့အသွားရတော့၏။
"ဝူမိသားစုခေါင်းဆောင် ဘာတွေပြောနေတာလဲ" လင်းဖုကလွှတ်ခနဲပြောလိုက်မိသည်။
ဝူကျန်းမှာ အရှေ့ပိုင်းစီရင်စု စုဝေးပွဲအတွင်းမှ အခိုက်အတန့်တစ်ခုကို ပြန်အောက်မေ့ရင်း အကြည့်များအေးခဲသွားတော့သည်။ ရှန်းလုံမြို့တော်၏ အင်အားအကြီးဆုံးမိသားစုအနေဖြင့် ဝူကျန်းမှာ ဂုဏ်သိက္ခာရှိ အရှေ့ပိုင်းစီရင်စု စုဝေးပွဲသို့တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရ၏။
သို့သော်လည်း အမြင့်ဆုံးကျင့်ကြံသူမှာ ချီအရည်ဖွဲ့ခြင်းအဆင့်သာဖြစ်ပြီး မျိုးဆက်သစ်လူငယ်များ၏ပါရမီမှာလည်း သာမန်မျှသာဖြစ်သောကြောင့် ပထမပွဲစဥ်တွင် အနိမ့်ဆုံးအဆင့်ကိုသာရရှိခဲ့လေသည်။ ထိုအချိန်တွင် ဝူကျန်းမှာ ဖုန့်မိသားစု၏ အင်အားအစစ်အမှန်ကို မျက်မြင်ကိုယ်တိုင် တွေ့ကြုံခဲ့ရခြင်းဖြစ်ပေ၏။ ဖုန့်မိသားစုပါရမီရှင်များ၏ စွမ်းဆောင်မှုက ထျန်းလုံ၊ ယွမ်နှင့် ယွင်ဟိုင်မိသားစုမှာ မျိုးဆက်သစ်များကိုပင် မှေးမှိန်သွားစေသည်အထိ ထွန်းတောက်နေခဲ့တော့လေသည်။
ပို၍အရေးကြီးသည်ကား အရှေ့ပိုင်းစီရင်စု စုဝေးပွဲတွင် ဖုန့်ချန်းချပြခဲ့သောစွမ်းဆောင်ရည်၏ မမေ့နိုင်စရာအရှိန်အဝါပင်။ ထိုသူသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများ တစ်ဖြစ်လဲ အရှေ့ပိုင်းစီရင်စု၏ နာမည်ကျော် စွမ်းအားကြီးခေါင်းဆောင်များကိုပင် တစ်ပတ်ရိုက်ခဲ့ပြီး ထျန်းလုံချီ၏တိုက်ခိုက်မှုကိုပင် အေးအေးသက်သာ ရင်ဆိုင်နိုင်ခဲ့လေသည်။ ထို့အပြင် သူကဲ့သို့ တတိယမင်းသား၏နောက်ခံကိုရထားသော ပိုင်ကျန်းသည်ပင် အရှက်တကွဲအကျိုးနည်းဖြစ်ရပ်ဖြင့်သာ အဆုံးသတ်ခဲ့ရသည်မဟုတ်ပါလော။
စုဝေးပွဲအပြီးတွင် ထပ်ဖြစ်သွားသောအဖြစ်အပျက်က ပို၍ပင်ကျောချမ်းစရာကောင်းလှ၏။ ပိုင်ကျန်း၊ ထျန်းလုံချီနှင့် သူတို့၏အပေါင်းအပါအကြီးအကဲများမှာ ပွဲပြီးသည်နှင့် ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့ရသည် မဟုတ်လော။ သူတို့ကံကြမ္မာကိုတော့ ဝူကျန်းတစ်ယောက် အချိန်ကုန်ခံတွေးကြည့်နေစရာပင် မလိုအပ်ပါပေ။
တတိယမင်းသား၏အမိန့်ဟု လုပ်ကြံပြောဆိုကာ ခြုံခိုတိုက်ခိုက်ရန်အကြံအစည်တွင်ပါဝင်ဖို့ သူ့ကိုလည်းလာရောက်စည်းရုံးခဲ့ပါသေးသည်။ ထိုအချိန်တွင် ငြင်းဆိုလိုက်ခြင်းက သူ့ဘဝ၏အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပင်။ ယခုတော့ ဖုန့်ချန်းအားတိုက်ခိုက်ရန်လိုက်ပါသွားကြသူအားလုံး ယခု ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရလေပြီ။ အကုန်အသတ်ခံလိုက်ရပြီပင်ဖြစ်ရမည်ဟု ဝူကျန်းခန့်မှန်းမိသည်။
ဝူကျန်း လင်းဖုကိုတစ်ချက်စိုက်ကြည့်လိုက်သည်။
(ငါဖုန့်ချန်းလက်ကနေလွတ်အောင် မနည်းပြေးခဲ့ရတာကွ မင်းကအခုငါ့ကို နောက်တစ်ခေါက်ထပ်ပြီးသေတွင်းထဲဆင်းခိုင်းနေတာလား)
"တတိယမင်းသားက ငါတို့ကို ဖုန့်ချန်းရန်ကနေကာကွယ်ပေးနိုင်မယ်လို့ မင်းထင်နေတာလား ငါရှင်းရှင်းပဲပြောလိုက်မယ် တတိယမင်းသားကိုယ်တိုင်တောင် ဖုန့်မိသားစုကို ပြောင်ပြောင်တင်းတင်း စိန်မခေါ်ရဲဘူးကွ"
ပိုင်ကျန်းတစ်ယောက် ဖုန့်ချန်းလက်ထဲတွင် မည်သို့မည်ပုံအဆုံးသတ်လိုက်ရကြောင်း တတိယမင်းသားလည်းကြားသိခဲ့မည်ပင်။ သို့သော် ပိုင်ကျန်းပျောက်ဆုံးမှု လနှင့်ချီကြာသည်အထိ တတိယမင်းသားဘက်မှ ဖုန့်မိသားစုကိုလက်စားပြန်ချေဖို့ စီစဥ်သည်ဟုတောင် တစ်ချက်မှမကြားခဲ့မိပါချေ။
တတိယမင်းသားကိုယ်တိုင်က ဖုန့်မိသားစုကိုရန်မစရဲသည်လား သို့တည်းမဟုတ် ပိုင်ကျန်းကဘဲ တတိယမင်းသားတစ်ယောက် အရဲစွန့်လို့ ဖုန့်မိသားစုကိုစိန်ခေါ်ရအောင် မထိုက်တန်သည်လား မသိနိုင်ပါချေ။
မည်သို့ပင်ဆိုစေ ဖုန့်မိသားစုကိုသွားဆန့်ကျင်မိလျှင် သူ့မိသားစုသည်လည်း အဆုံးသတ်ကောင်းနိုင်လိမ့်မည်ဟု ဝူကျန်းမထင်။
သူ့မိသားစုမှာ ပိုင်မိသားစုလောက်ပင်အင်အားကြီးသည်မဟုတ်။ ပိုင်မိသားစုကိုတောင် တတိယမင်းသားက ဤသို့အရေးမလုပ်ပါလျှင် သူ့မိသားစုကိုတော့ မျက်လုံးထဲပင်ထည့်လောက်မည်မထင်ပေ။
"ဝူမိသားစုခေါင်းဆောင်ရာ ခင်ဗျားအပူအပင်တွေကို ကျွန်တော်နားလည်ပေမယ့်-" လင်းဖုက ထပ်မံဆွဲဆောင်ချင်သေးသည့်ပုံပင်"
"ငါ့ဖင်ကြီးကိုနားလည်ပါ့လား" ဝူကျန်းကအေးစက်စက်ပင် ကြားဖြတ်ကျိန်ဆဲလိုက်သည်။ ဖုန့်ချန်းအားဆန့်ကျင်ခြင်း၏ နောက်ဆက်တွဲအကြောက်တရားများကို သူကလွဲလို့ ဘယ်သူကကောင်းကောင်းနားလည်နိုင်ပါမည်နည်း?
ထိပ်သီးဂိုဏ်းဂဏကြီးများ မိသားစုကြီးများပင် ထိုသူကိုသွားထိရဲသည်မဟုတ်။ သူလိုပုရွက်ဆိတ်သာသာကောင်က ဖုန့်ချန်းလက်နှင့်တစ်ချက်ဖိချေလိုက်လျှင် ဇီဝိန်ကြွေသွားမည့်ကောင်သာပင်။
"တတိယမင်းသားက ဖုန့်မိသားစုကိုမယှဥ်နိုင်ဘူး" ဝူကျန်းစကားလုံးများကြောင့် တစ်အုပ်စုလုံးငြိမ်သက်သွားရတော့သည်။ "ငါမင်းတို့ကိုသတိပေးထားလိုက်မယ်" ဖုန့်ချန်းက နောက်ဆုံးသတိပေးစကားကိုဆိုနေသကဲ့သို့ ပြောလာသည်။
"ကျူးမိသားစုကို လုံးဝရန်သွားမစနဲ့ ဖုန့်မိသားစုကိုဆန့်ကျင်ဖို့တော့ စိတ်ကူးထဲတောင်မထည့်နဲ့ မင်းတို့ထဲကတစ်ယောက်ယောက် စည်းလွတ်ဝါးလွတ် တစ်ခုခုလုပ်မိလို့ကတော့ နောက်ဆက်တွဲပြဿနာက ငါနဲ့မဆိုင်ဘူးပဲ နောက်ပြီးမင်းတို့ဘက်ကလည်း ရပ်တည်ပေးနေမှာမဟုတ်ဘူး"
နားထောင်နေသော မဟာမိတ်များမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ကြောက်စိတ်ဖြင့်တုန်ရီလို့နေကြသည်။ ဆိုလိုရင်းက ရှင်းပါ၏။ ဝူကျန်းသည် တတိယမင်းသား၏ထောက်ပံ့မှုကို အလေးထားသည်ထက် ဖုန့်ချန်းကိုပိုကြောက်သည်။ ဝူကျန်း၏စကားများက သူတို့အားလုံးကိုအမှောင်ရိပ်တစ်ခုဖြင့် အုပ်မိုးလိုက်သည့်နှယ် တစ်ယောက်မှစကားသံမထွက်ရဲကြတော့ပေ။
သူ့အသံမှခံစားမိသော အကြောက်တရားမှာ တွန်းလှန်ရန်မဖြစ်နိုင်တော့သလောက်ကြီးမားပြီး သတိပေးစကားနောက်ကွယ်မှစိတ်ပိုင်းဖြတ်မှုကလည်း ပြတ်သားခိုင်မာသည်။ သူတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရုံသာတတ်နိုင်သည်။ ပြောစရာစကားမရှိတော့ပေ။ ဝူကျန်းသည် ဖုန့်မိသားစုအား စကားတစ်လုံးနှင့်ဖြစ်စေ စော်ကားမိဖို့ထက် ရှန်းလုံမြို့တွင်းမှဈေးကွက်အားလုံးကိုသာ လိုလိုလားလားအဆုံးရှုံးခံလိုက်ပေမည်။
လင်းဖုသည် စားပွဲအောက်တွင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပေသည့် နောက်တစ်ခွန်း အထွန့်မတက်ရဲတော့ပေ။ ဝူကျန်း၏ရပ်တည်ချက်မှာရှင်းလင်းပြီး ဆန့်ကျင်သူမှန်သမျှမှာ တစ်ကိုယ်တည်းသာခွဲထုတ်ခံရပေမည်။ ထို့ထက်ပိုဆိုးပါက ဝူမိသားစု၏ရန်သူအဖြစ်သာ သတ်မှတ်ခံရနိုင်ပေသည်။