မလွှဲမရှောင်သာ ဦးညွှတ်အရိုအသေပြုရခြင်း
Vol. 13 Ch. 174
အချိန်တော်တော်ကြာတော့မှ ဝူကျန်းလည်းသက်ပြင်းအရှည်ကြီးချလိုက်တော့သည်။ အုပ်စုတစ်ခုလုံး၏ တင်းမာနေသောအခြေအနေကို လျှော့ချပေးလိုက်သည့်နှယ်ပင်။ သူဝတ်ရုံကို အသာပြင်ညှိလိုက်ပြီး မျက်နှာထားကိုလည်း တည်ငြိမ်သိမ်မွေ့နေဟန်ပြောင်းလဲလိုက်သည်။
"ငါ ဖုန့်မိသားစုကို သွားနှုတ်ဆက်လိုက်ဦးမယ်" သူကခြေလှမ်းပြင်ရင်းပြောလာသည်။
မဟာမိတ်တစ်ဖွဲ့လုံးမှာတော့ ကြက်သေသေသွားလျက်။
"ဝူမိသားစုခေါင်းဆောင်..." လင်းဖုကတွန့်ဆုတ်စွာဖြင့် စကားစလိုက်သော်လည်း ဝူကျန်းထံမှ ဒိုင်းခနဲရောက်လာသည့် စူးရှသောအကြည့်ကြောင့် ပါးစပ်ပိတ်သွားရ၏။
သူတို့ခေါင်းဆောင်ကိုယ်တိုင်က လက်နက်ချအရှုံးပေးရန် အသင့်ဖြစ်နေသည်ဖြစ်၍ သူတို့အတွက်ဘာမှမလုပ်ရသေးခင် ကျူးမိသားစုကအနိုင်ရပြီးဖြစ်နေသည့် အခြေအနေပင်။
သူတို့ထဲကတစ်ဦးမှ မတုံ့ပြန်နိုင်သေးခင် ဝူကျန်းကတော့ သီးသန့်ခြံထောင့်လေးမှာထိုင်နေရာကနေ ဖြောင့်မတ်နေသောကိုယ်ဟန်ဖြင့် ထထွက်သွားလေပြီ။
ဖုန့်ချန်းထိုင်နေသော ခြံဝန်းအလယ်သို့ သူနီးကပ်လာလေလေ ခုန်လှုပ်နေသောနှလုံးက ပြုတ်ထွက်တော့မတတ်တုန်လာလေလေပင်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အေးစက်ခဲသက်နေသော ရေခဲတောင်မားမားကြီးထံသို့ ပိုနီးကပ်သွားသလို ခံစားရကာ ထိုရေခဲတောင်၏ မမြင်နိုင်သော ကြောက်ခမန်းလိလိအရှိန်အဝါက သူ့ကိုဖိနှိပ်ချိုးနှိမ်ထားသကဲ့သို့ ခံစားနေရသည်။
ဝူကျန်းတစ်ယောက် ဖုန့်မိသားစုစားပွဲထံဦးတည်၍ လျှောက်လှမ်းသွားသည်ကိုမြင်သော ပတ်ဝန်းကျင်ရှိဧည့်သည်တော်အပေါင်းမှာ အချင်းချင်းတီးတိုးစကားများဆိုကုန်ကြတော့၏။ ဝူခေါင်းဆောင် ဘာလုပ်ဖို့များကြံစည်နေသနည်း ဟူ၍။
"ဖုန့်မိသားစုခေါင်းဆောင်"
ဝူကျန်းက ခေါင်းအသာညွှတ်၍နှုတ်ဆက်လိုက်သည်။ အသံမှာတည်ငြိမ်ပြီး ရိုသေသမှုအပြည့်ရှိ၏။
"ဒီလိုဂုဏ်သရေရှိဧည့်သည်တော်တွေ အရောက်လာပေးတာက ကျွန်တော်တို့ရှန်းလုံမြို့အတွက်တော့ ဂုဏ်တက်စရာကိစ္စပါပဲခင်ဗျာ ဒီညအတွက် ခေါင်းဆောင်တို့မိသားစုက ကျူးမိသားစုအတွက်ပြင်ဆင်ထားတဲ့ ရက်ရောလှတဲ့လက်ဆောင်တွေကိုတွေ့လိုက်ရတော့ ကျွန်တော်တို့လည်း အမှန်ကိုအံ့သြဘနန်းဖြစ်ခဲ့ရပါတယ်"
"ခင်ဗျားက..."
ဝူကျန်းက အလျင်အမြန်ပင် ဦးထပ်ညွှတ်ကာ အကြည့်ကိုလည်းနှိမ့်ချလိုက်သည်။
"ကျွန်တော်ကဝူကျန်းပါ ရှန်းလုံမြို့တော် ဝူမိသားစုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်"
"ကျွန်တော်တို့အရင်ကတွေ့ဖူးကြပါတယ် ဖုန့်မိသားစုခေါင်းဆောင်" သူကဦးထပ်ညွှတ်ကာပြောလိုက်သည်။ "အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှာပါ"
"ကျွန်တော်က ခေါင်းဆောင်တို့ရဲ့ ပြိုင်ဘက်ကင်းအောင်ပွဲတွေကို မျက်မြင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ"
ဝူကျန်းက ဆက်ပြောသည်။
"ခေါင်းဆောင်တို့ရဲ့အောင်ပွဲတွေက တကယ်ကိုသမိုင်းတွင်မယ့်ဖြစ်ရပ်တွေပါပဲ အထူးသဖြင့် အရှေ့ပိုင်းစီရင်စုရဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေကို အနိုင်ယူလိုက်နိုင်တဲ့အတွက်ပေါ့ အဲ့ဒီဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတွေကို ဘာမှအားထုတ်ကြိုးပမ်းစရာမလိုဘဲ အပြတ်အသတ်ဖယ်ထုတ်လိုက်နိုင်တာက ရင်သပ်ရှုမောဖွယ်လို့ပြောရင်တောင် မပြည့်စုံပါဘူး"
"အာ ဟုတ်ပါ့ဗျာ ဝူမိသားစုခေါင်းဆောင်ကို မြင်ဖူးသလိုဖြစ်နေတာ မဆန်းတော့ပါဘူး"
ဖုန့်ချန်းထံမှ အသိအမှတ်ပြုစကားတစ်ခွန်းကိုလက်ခံရလိုက်သည်နှင့် ဝူကျန်း၏မျက်လုံးများတောက်ပသွားသည်။ သူခါးကိုအနည်းငယ်မတ်လိုက်ကာ ဆက်ပြောလာသောစကားသံတွင် နှိမ့်ချမှုလည်းပါဝင်သလို စိတ်သက်သာရသွားမှုကိုလည်း ခံစားရနိုင်၏။
"ဖုန့်မိသားစုခေါင်းဆောင်လို ဂုဏ်သိက္ခာရှိပုဂ္ဂိုလ်ဆီက မှတ်မိတယ်ဆိုတဲ့စကားကြားလိုက်ရတော့ ကျွန်တော်လည်းဂုဏ်ယူမိပါတယ်"
ဝူကျန်းသည် နောက်တစ်ဖန်လေးနက်စွာဦးညွှတ်လိုက်ရင်း ပြောလာသည်။
ဝူကျန်းတစ်ယောက် ဖုန့်မိသားစုကိုပြဿနာရှာရန်ထသွားသည်ဟု ခန့်မှန်းထားကြသူများမှာ ဤသို့အခြေအနေကိုမြင်လိုက်ရတော့ စိတ်ပျက်သွားသော်ငြား နားလည်လို့ရပါပေသည်။ ဝူမိသားစုနှင့် ဖုန့်မိသားစုကြားတွင် ယှဥ်လို့ရနိုင်စရာတောင် တစ်ချက်မှမရှိသည်ပင်။ ဖုန့်မိသားစုအား စော်ကားမော်ကားပြုခြင်းသည် မိမိ၏မိသားစုကို မိမိလက်နှင့်ဖျက်ဆီးလိုက်ခြင်းသာဖြစ်၏။
ဘယ်လိုပင်အကြောင်းရင်းခိုင်လုံနေသော်ငြား ရှန်းလုံမြို့တော်တစ်လွှားတွင် အမောက်မာဆုံး အဝင့်ကြွားဆုံး ဝူမိသားစုက ဖုန့်မိသားစုရှေ့တွင် ဤမျှအောက်ကျို့နေလောက်မည်ဟု ထင်မထားတာအမှန်ပင်။ တတိယမင်းသား၏သစ္စာခံမှန်း အများသိထားသော်ငြား ယခုတော့ သူပြုမူနေပုံမှာ ဖုန့်မိသားစု၏လက်ပါးစေအလား ထင်ရလေသည်။
ဖုန့်ချန်းသည် ထိုသူကိုခေတ္တမျှအကဲခတ်နေလိုက်ပြီး မေးလာ၏။
"ဝူမိသားခေါင်းဆောင် ဒီအထိရောက်လာတာ ဘာကိစ္စကြောင့်များပါလိမ့် အတိတ်ကတွေ့ဆုံမှုကိုပြန်တမ်းတရုံတင်တော့ မဟုတ်ဘူးမလား"
ဝူကျန်းသည် အတွေးများစွာဘောင်ဘင်ခတ်နေပြီး ခဏလောက်တွန့်ဆုတ်သွားသေးသည်။
"ဖုန့်မိသားစုက ကျူးမိသားစုနဲ့သိကျွမ်းနေတာကို ကျွန်..ကျွန်တော်အရင်က သတိမထားမိလိုက်လို့ပါ"
ဝူကျန်းသည် ကျူးရှန့်ရှန်းဘက်သို့လှည့်လိုက်သည်။
"ကျူးရှန့်ရှန်း ကျုပ်အရင်က ခင်ဗျားကို ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စော်ကားမော်ကားပြုမူခဲ့မိတာတွေ ရှိနိုင်ပါတယ် ဒီအတွက် ခင်ဗျားဆီက ခွင့်လွှတ်ညှာတာမှုတောင်းခံချင်ပါတယ်"
ဝူကျန်း၏စကားများကိုကြားအပြီး ခြံဝန်းတစ်ခုလုံးမှာ တမုဟုတ်ချင်းတိတ်ဆိတ်သွားကြတော့၏။ ဝူကျန်းဘက်က ကျူးရှန့်ရှန်းကို ဒီလိုပေါ်တင်ကြီးအညံ့ခံလာလိမ့်မည်ဟု မည်သူမှမမျှော်လင့်ထားကြပေ။
ဝူကျန်း၏ ရုတ်ချည်းပြောင်းလဲမှုကြောင့် ကျူးရှန့်ရှန်းပင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။ ဖုန့်မိသားစုရောက်လာသည်နှင့် ဝူကျန်းဘက်က ဒီလိုချက်ချင်းကြီးလက်လျှော့အရှုံးပေးသွားလိမ့်မည်ဟု သူလည်းတစ်ခါမှမထင်ခဲ့ပါပေ။ အင်မတန်ကိုင်တွယ်ရခက်ခဲသော ဤမာနအိုးမှာ ဖုန့်ချန်းပေါ်လာသည်နှင့် ချက်ချင်းရိုကျိုးသွားရှာတော့၏။
"အာ..." ကျူးရှန့်ရှန်းမှာ မည်သို့မည်ပုံတုံ့ပြန်ရမည်ကိုပင် မစဥ်းစားတတ်တော့ပါချေ။ ဖုန့်မိသားစု၏အထောက်အပံ့ကိုရလျှင်တောင် ဝူမိသားစုကိုအရှုံးပေးခိုင်းဖို့ သူတွေးမထားမိပါ။ သူတို့ဈေးကွက်နေရာကို ပြန်ရယူနိုင်ပြီး အရင်ထက်နည်းနည်းပိုအမြတ်အစွန်းချဲ့နိုင်လျှင် တော်ပါပြီဟုသာတွက်ထားသည်။ ဝူမိသားစုမှာ မဟာမိတ်နယ်ပယ်ကျယ်ပြန့်လှသဖြင့် လွယ်လွယ်နှင့်တွန်းလှန်နိုင်သောပြိုင်ဘက်မျိုး မဟုတ်ပါချေ။
"မိသားစုအချင်းချင်းကြား အပြိုင်အဆိုင်ရှိကြတာတော့ထုံးစံပါပဲ စိတ်ထဲထည့်နေဖို့မလိုပါဘူး ဝူကျန်းရာ" ကျူးရှန့်ရှန်း ဤသို့သာတုံ့ပြန်လိုက်သည်။
ဖုန့်ချန်း၏အာဏာကိုအမှီပြုကာ ဝူကျန်းကိုအရှက်ခွဲနှိပ်ကွပ်ဖို့ဆိုသည်မှာ သင့်တော်သည့်ကိစ္စမဟုတ်ပေ။ ထို့အပြင် ယခုက ဖုန့်မိသားစု၏ရှေ့တည့်တည့်တွင် ဖြစ်နေသေး၏။ အမှန်တော့လည်း ဝူကျန်းမှာ တတိယမင်းသား၏ထောက်ပံ့မှုဖြင့် စီးပွားရေးပြိုင်ဆိုင်ကာ ဈေးကွက်လုသည်မှလွဲ၍ လွန်လွန်ကြူးကြူးလုပ်ရပ်တစ်ခုမှ မလုပ်ခဲ့ဖူးပါပေ။ မလိုအပ်ဘဲ ရန်များနေတာကောင်းသည့်ကိစ္စမဟုတ်။ ဖုန့်မိသားစုနှင့်လည်း စီးပွားရေးကိစ္စညှိနှိုင်းပြီးထားပြီဖြစ်သဖြင့် မလိုအပ်သောအခက်အခဲများကို မဖန်တီးချင်ပေ။
ကျူးရှန့်ရှန်းဘက်က ပြဿနာကိုဆက်တည်ချင်တော့သည့်ပုံမပေါ်သဖြင့် ဝူကျန်းအလေးအနက်ဖြင့် တစ်ချက်ဦးညွှတ်လိုက်သည်။ ဖုန့်မိသားစုကို စော်ကားရာမရောက်ခဲ့ဘဲ နောက်တစ်နေ့ထပ်အသက်ရှင်ရတော့မည်ကို သေချာသွားသောအခါမှ သူစိတ်ထဲလည်းပေါ့ပါးသွားရတော့၏။
ဝူကျန်းခါးကိုပြန်မတ်လိုက်သည်။ ခြံဝန်းတစ်ခုလုံး လေးလံသောတိတ်ဆိတ်မှုသာကြီးစိုးနေသဖြင့် သူ့စိတ်များလည်း ယောက်ယက်ခတ်လို့နေတော့၏။ အသက်ရှူသံကတည်ငြိမ်နေပေသည့် အတွေးများကတော့ ဆန့်ကျင်ဘက်ပင်။ နှစ်ဦးနှစ်ဖက်တင်းမာမှုကို သူဖြိုချနိုင်လိုက်ပြီဖြစ်သော်ငြား သူ့စိတ်ထဲတွင် မရှင်းလင်းသေးသောကိစ္စရပ်တစ်ခု ရှိနေပါသေးသည်။ သူတစ်ချက်မျှတွေးကြည့်လိုက်ပြီးနောက် လည်ချောင်းတစ်ချက်ရှင်းကာ ဖုန့်ချန်းထံသို့ပြန်လှည့်လာသည်။ မျက်နှာထားမှာ အလေးအနက်ဖြစ်လျက်။
"ဖုန့်မိသားစုခေါင်းဆောင်" ဝူကျန်းက တစ်ဖန်စကားစသည်။ သူ့လေသံမှာ ဂရုတစိုက်ရှိလှပြီး ခိုင်မာတည်ကြည်၏။ "ကျွန်တော့်မေးခွန်းကရိုင်းပျသွားရင်ခွင့်လွှတ်ပါ ဒါပေမယ့် ဖုန့်မိသားစုများ တတိယမင်းသားနဲ့ ပြဿနာတစ်ခုခုရှိခဲ့ဖူးသလား သိချင်လို့ပါ"
သူက အတော်လေးကိုဂရုတစိုက်ဖြင့် ထုတ်မေးလာသည်။ ထိုသို့မေးခွန်းမျိုးက ရဲတင်းရာကျသလို မသင့်တော်ဟန်လည်းပေါက်သည်။ သို့သော် မပြောမပြီးမတီးမမြည်ဆိုသလို မေးထားမှတော်ကာကျမည့်ကိစ္စပါပေ။
တတိယမင်းသား၏သစ္စာခံအဖြစ် ဆက်လက်နေထိုင်ရင်း ဖုန့်မိသားစု၏ဓားချက်အောက် လည်စင်းပေးရမည့်နေ့မျိုး ရောက်လာနိုင်မလား သူလည်းမသေချာသောကြောင့်ပင်။
တတိယမင်းသားနှင့် အဆက်အသွယ်ဖြတ်လိုက်ခြင်းကြောင့် မင်းသားထံမှအမျက်တော်ရှခံရမည်သေချာသော်ငြား ဖုန့်မိသားစုကိုစော်ကားမိခြင်းထက်တော့ ပိုသက်သာပါလိမ့်မည်။ ဝူကျန်းကအတွေးကတော့ ထိုသို့ပင်။
"မရှိပါဘူး" ဖုန့်ချန်းက တည်တည်ငြိမ်ငြိမ်သာ တုံ့ပြန်လိုက်သည်။
တတိယမင်းသား၏ကမ်းလှမ်းချက်ကို သူငြင်းဆိုလိုက်သည်မှန်သော်လည်း ထိုကိစ္စက သူ့အတွက်တော့ ပြဿနာရှိခဲ့သည်ဟုအဓိပ္ပာယ်မသက်ရောက်ပါချေ။ အခြားသူများ၏အထင်အမြင်ကိုတော့ သူလည်းမပြောတတ်ပါ။
ဖုန့်ချန်းကတော့ တတိယမင်းသားကို အထူးတလည်စိတ်ထဲထည့်ထားခြင်းမရှိသလို ထိုကမ်းလှမ်းချက်ငြင်းပယ်ခဲ့ခြင်းအကြောင်းကိုလည်း ပြန်မတွေးဖြစ်သောကြောင့်ပင်။
ဝူကျန်း၏နှလုံးသားမှာ အနည်းငယ်တည်ငြိမ်သွားသလိုခံစားလိုက်ရသော်လည်း လုံးဝစိတ်ရှင်းသွားသေးတာတော့မဟုတ်။ "ကျွန်တော်သိပါပြီ" သူကခေါင်းအသာညွှတ်လျက် ပြောလာသည်။
"ဒါပေမယ့် ကျွန်တော်တစ်ခုတော့ အာမခံပါတယ် ဖုန့်မိသားစုခေါင်းဆောင် အကယ်၍တစ်နေ့နေ့မှာ ဖုန့်မိသားစုနဲ့ တတိယမင်းသား ပြဿနာတစ်စုံတစ်ရာ ရှိလာမယ်ဆိုရင် ကျွန်တော့်ဘက်က တတိယမင်းသားနဲ့ ချက်ချင်းအဆက်အဆံဖြတ်တောက်ပစ်ပါ့မယ်"
သူနှင့်တတိယမင်းသားကြားကဆက်ဆံရေးမှာ သစ္စာရှိမှုထက် အကျိုးအမြတ်ကပိုပါသည်။ နောက်ပြီး နောက်ဆုံးအနေနှင့် သူလိုချင်သောတစ်ခုတည်းသောအရာက သူ့အနေဖြင့် ဖုန့်မိသားစုအားမည်သို့မှဒုက္ခမပေးနိုင်ကြောင်း တတိယမင်းသားနှင့်အပြတ်ပြောဖို့ပင်။ သူ့ဘက်က ခြေလှမ်းတစ်ချက်မှားသည်နှင့် ရောက်လာမည့်အကျိုးဆက်ကို သူကောင်းကောင်းကြီးသိနေပါသည်။ မသင့်တော်သည့်ဘက်ခြမ်းကို အလွန်အမင်းတိုးကပ်မိခြင်းမှ သူ့အတွက်အရာရာဆုံးရှုံးလိုက်ရခြင်းလည်း ဖြစ်ကောင်းဖြစ်သွားနိုင်စေသည်။ ပိုင်ကျန်းတစ်ယောက် အသက်ပါဆုံးရှုံးလိုက်ရသည့်ဖြစ်ရပ်က သူ့အတွက်နမူနာတစ်ခုပင်။
သူမသေချင်ပါ။ ဒီအတွက်လည်း သူအားကုန်စိုက်ထုတ်ပြီး ကြိုးစားရှောင်ရှားရပေမည်။