← Chapters

မိန်းမယူရန်ဝိုင်းတိုက်တွန်းခြင်း

Vol. 13 Ch. 175

မိန်းမယူရန်ဝိုင်းတိုက်တွန်းခြင်း

Vol. 13 Ch. 175

ကျူးရှန့်ရှန်း၏ မွေးနေ့အခမ်းအနားက ပြဿနာများများစားစားမရှိပါဘဲ ပြီးဆုံးသွားခဲ့ပါသည်။

ဖုန့်မိသားစုရောက်ရှိလာပြီးနောက်တွင် ကျူးမိသားစု၏ ပြဿနာများသည်လည်း အလုံးစုံချုပ်ငြိမ်းသွားခဲ့ပုံပါပင်။

စစ်မှန်တဲ့အာဏာနဲ့ လွှမ်းမိုးမှုဆိုတာ ဒါမျိုးကိုပြောတာပါပဲ။

လက်တစ်ချောင်းပင်လှုပ်စရာမလိုလိုက်ပါ။ သူတို့၏တည်ရှိမှုသက်သက်ဖြင့်ပင် အားလုံးဒူးထောက်ခစားဖို့အသင့်ဖြစ်နေရော့မည်။

ဖုန့်မိသားစုသည် ပြန်လည်မထွက်ခွာခင် ကျူးအိမ်တော်တွင် နှစ်ရက်မျှတည်းခိုလိုက်သေးသည်။

ထိုနှစ်ရက်အတွင်းတွင် ဖုန့်ကျင်းရှို့မှာ အမကြီးတစ်ယောက်အတိုင်း ဖုန့်ချန်းကိုအိမ်ထောင်ပြုဖို့သာ မနားတမ်းတိုက်တွန်းနေတော့၏။

"ချန်းအာ နင်လည်းမငယ်တော့ဘူးလေ ကိုယ်သ‌‌ဘောကျလောက်မယ့်သူလေး ရှာဦးမှာပေါ့"

"နင့်အရွယ် ဘယ်မိသားစုခေါင်းဆောင်မှ ဆက်ခံသူမရှိဘဲမနေကြဘူး နင်ဖုန့်မိသားစုရဲ့အနာဂတ်တည်ငြိမ်ဖို့ကို အလေးမထားတာလား"

"နင်အစွမ်းအစမရှိဘူးဆိုလည်း အစ်မအသိတစ်ချို့နဲ့မိတ်ဆက်ပေးမယ် မိန်းမပျိုလေးတွေ ချစ်စရာကောင်းလိုက်တာမှဟယ်"

ဖုန့်ကျင်းရှို့မှာ ဇွဲရှိရှိဖြင့် မနားမနေကြိုးစားလေတော့သည်။ သူမ၏စိတ်တွင်းမှာတော့ အကြောင်းရင်းမှာ မိသားစုရှေ့ရေးသက်သက်ကြောင့်မဟုတ်ပေ။

ဖုန့်ချန်းကိုလည်း မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့် ပျော်ရွှင်စေလိုပြီး ဖုန့်မိသားစု၏တည်ငြိမ်မှုအတွက်လည်း သူမပူပန်ရပါသည်။

မိသားစု၏စည်းလုံးညီညွှတ်မှုကို သူမစိတ်ချသော်ငြား ဆက်ခံသူတစ်ဦးတလေမှရှိမနေခြင်းက အနာဂတ်တွင်ပြဿနာဖြစ်ဖို့အလားအလာများ၏။ အထူးသဖြင့် ဖုန့်ချန်းတစ်ယောက် သူ့မိဘများလို ကံဆိုးမှုဖြင့်ကြုံတွေ့ရမည် ဆိုရင်ကော?

ဆက်ခံသူတစ်ယောက်သာရှိနေမည်ဆိုလျှင် မိသားစုဝင်များ ခေါင်းဆောင်နေရာကို လုယူတိုက်ခိုက်ဖို့ရန်လည်း မလိုအပ်တော့ပေ။

ထို့အပြင် ဖုန့်အိမ်တော်တွင် အိမ်ရှင်မတစ်ဦးလိုအပ်နေသည်ဟုလည်း ဖုန့်ကျင်းရှို့ထင်မြင်မိသည်။ ကိစ္စရပ်များကို မျှော်တွေးစီစဥ်နိုင်ပြီး ဖုန့်ချန်းကိုအခြေကျအောင်ထိန်းသိမ်းနိုင်မည့် အမျိုးသမီးကောင်းတစ်ဦး သေချာပေါက်လိုအပ်နေပါ၏။

ဖုန့်ချန်းကတော့ ထိုအကြောင်းစကားစလာတိုင်း ဟိုဟိုသည်သည်ပြောရင်း ရှောင်ပြေးလေ့ရှိသည်သာ။

သူအိမ်ထောင်မပြုချင်လို့မဟုတ်ရပါဘဲ သူ့စိတ်ရင်းနှင့်ချစ်ခင်နှစ်သက်သူကို ရှာဖွေချင်လို့သာဖြစ်ပါသည်။ အပြောသာလွယ်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ခက်ခဲသော အကြောင်းပြချက်တစ်ခုပါပေ။

ဖုန့်ကျင်းရှို့ပြောသလို သူမအသိများဖြင့် မိတ်ဆက်ဖို့ကတော့လား?

(ကျင်းရှို့လို လူဆိုးမတစ်ယောက်ရှိနေရင်တော်ပါပြီ နောက်တစ်ယောက်ပါထပ်ပါလာရင်တော့ ငါလည်းသည်းမခံနိုင်လောက်တော့ဘူး)

ဖုန့်ချန်းစိတ်ထဲမှတွေးနေမိသည်။

နှစ်ရက်ကြာသော် ဖုန့်ချန်းတို့အိမ်ပြန်ဖို့ အချိန်ကျလေပြီ။

နှုတ်ဆက်ပွဲကတော့ တိတ်တိတ်ဆိတ်ဆိတ်ရှိမနေခဲ့ပါ။

ကျူးမိသားစုနှင့်တကွ ရှန်းလုံမြို့တော်မှ မိသားစုများ၏ ကိုယ်စားပြုပုဂ္ဂိုလ်များပင် ဖုန့်မိသားစုကိုနှုတ်ဆက်ရန် ရောက်လာကြလေသည်။

"ဖုန့်မိသားစုခေါင်းဆောင် ကျွန်တော်တို့ရဲ့သေးနုပ်တဲ့မွေးနေ့ပွဲလေးကို တက်ရောက်ပေးတဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ"

ကျူးရှန့်ရှန်းက အလေးအနက်ဦးညွှတ်ရင်း ကျေးဇူးစကားဆိုသည်။

ဖုန့်ချန်းကတော့ ဘာမှမဖြစ်သလို လက်သာယမ်းပြလိုက်သည်။

"ဒီလိုတွေပြောနေစရာမလိုပါဘူးဗျာ ကျွန်တော်လည်းပျော်ခဲ့ရတာပဲကို"

ဖုန့်ကျင်းရှို့ကလည်း အခွင့်အရေးကိုလက်လွှတ်မခံဘဲ ဝင်ပြောလာသည်။ "နောက်လည်းလာလည်ဦးနော် ချန်းအာ နောက်တစ်ခေါက်ကျ ဇနီးလေးတစ်ယောက်ပါခေါ်လာခဲ့တော့"

ဖုန့်ချန်းလည်း ဟန်တစ်ချက်ပျက်သွားကာ‌ ချောင်းအနည်းငယ်ဟန့်လိုက်သည်။

"ကျွန်..ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ် အားလုံးကိုနှုတ်ဆက်ပါတယ်"

"ကျန်းမာရေးဂရုစိုက်နော်"

အပြန်လမ်းတွင်...

ဟူးးး

ဖုန့်ချန်းသည် သက်ပြင်းတစ်ချက်ချကာ အ‌နောက်သို့အသာမှီလိုက်ပြီး ခေါင်းကိုဖွလိုက်သည်။

"ဖုန့်ကျင်းရှို့က ဘယ်အချိန်ကစပြီး အမေအိုကြီးလိုဖြစ်သွားရတာလဲ"

သူခပ်တိုးတိုးငြီးတွားမိသည်။

သူ့‌ဘေးကမြင်းပေါ်မှအကြီးအကဲဝေ့က အသာရယ်မောလိုက်သည်။

"သူကငါ့တူအတွက်စိတ်ပူနေလို့ပါကွာ ဒါပေမယ့် သူပြောတာလည်းအဓိပ္ပာယ်မရှိတာတော့မဟုတ်ဘူး"

ဖုန့်ချန်းကသူ့ကိုသတိပေးသလိုကြည့်လာသည်။ "အကြီးအကဲဝေ့က ခင်ဗျားစရဲစကြည့်နော်"

အကြီးအကဲဝေ့က အကြောင်းသိနေသလိုပြုံးလိုက်သည်။

"တကယ်တော့ တူလေး ငါမင်းဆီကမ်းလှမ်းလာတဲ့ စေ့စပ်ကြောင်းလမ်းမှုစာလွှာတွေ လက်ခံရခဲ့သေးတယ်"

ဖုန့်ချန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။

"ဘာကြီးရယ်?"

အခြားမိသားစုများမှ သူ့ထံစေ့စပ်ကြောင်းလမ်းစာလွှာတွေပေးပို့လာသည်အား ဖုန့်ချန်းမသိခဲ့ပါချေ။ သူကျင့်ကြံရေးဝင်နေစဥ်အတောအတွင်း အကြီးအကဲဝေ့မှ အကုန်လက်ခံထားရသည်ကိုး။

ဖုန့်မိသားစု၏ ကျော်ကြားလာမှုနှင့် လူငယ်မျိုးဆက်သစ်လေးများ အသိအမှတ်ပြုခံရမှုတို့အပြင် ဖုန့်မေကလည်း အေးခဲမြူခိုးဂိုဏ်း၏ အနီးကပ်တပည့်အဖြစ် ခေါ်ယူခံလိုက်ရလေသည်။ ဖုန့်မိသားစု၏အနာဂတ်လမ်း ထွန်းလင်းတောက်ပလာမှုကို အခြားမိသားစုများက သေချာ‌ပေါက်မြင်နိုင်သည်ပင်။

ဤသို့ဖြင့် သူတို့၏ လှပသိမ်မွေ့သော အဆင့်အတန်းမြင့်သမီးငယ်လေးများကို လက်ထပ်ထိမ်းမြားရေးအတွက် အသုံးချလာကြတော့၏။

မိုးပြာကောင်းကင်အင်ပါယာတစ်လွှားတွင် အသင့်တော်ဆုံးသတို့သားလောင်းကို ရှာဖွေလိုက်မည်ဆိုပါက ဖုန့်ချန်းမှတစ်ပါး အခြားမရှိပြီ။

အလားအလာရှိသော အခြားပါရမီရှင်ငယ်လေးများဖြင့်ယှဥ်လျှင် ဖုန့်ချန်းမှာ အင်အားအကြီးဆုံးနေရာကို လက်ကိုင်ပြုထားနိုင်နေပြီဖြစ်ပြီး ဖုန့်မိသားစု၏ ငယ်ရွယ်ချောမောသောခေါင်းဆောင်လည်း ဖြစ်နေပြန်သည်။

သူတို့ရထားလုံးသည် ကွေ့ကွေ့ကောက်ကောက် တောင်ကြားလမ်းလေးများထဲတွင် ဖြတ်သန်းခရီးဆက်လျက်ရှိသည်။ အကြီးအကဲဝေ့က အသာပြုံးလျက် စကားဆက်လာ၏။

"ကျွန်တော်တို့ဆက်ရမယ့်ခရီးလမ်းကလည်း အရှည်ကြီးကျန်နေသေးတာပဲ ခေါင်းဆောင်မပျင်းအောင် ကျွန်တော်ထိပ်သီးသတို့သမီးလောင်းစာရင်းကို ရွတ်ပြမယ်လေ ပထမဆုံးကတော့..."

ရထားလုံးမှာလည်း တလိမ့်လိမ့်ဖြင့် ခရီးဆက်လျက်ရှိပြီး အကြီးအကဲဝေ့ကလည်း ဖုန့်ချန်းထံကမ်းလှမ်းလာသည့် သတို့သမီးလောင်းစာရင်းကို တစ်ယောက်ပြီးတစ်ယောက် ရွတ်ပြလို့နေတော့သည်။

လန်မိသားစုမှ အလှတရားနှင့် ကျက်သရေအဖြာဖြာတို့ပြည့်စုံသော နာမည်ကြီးဆေးဆရာမလေးတစ်ဦးဖြစ်သည့် လန်ချိုး၊ ထို့နောက် ဆွဲဆောင်မှုရှိသည့်အလှတစ်မျိုးဖြင့် တိုက်ရည်ခိုက်ရည်ကြမ်းတမ်းသည်ဟု နာမည်ကြီးသော ပေါ်မိသားစုမှ ပေါ်ရို့ စသည်ဖြင့်။

မင်းနေပြည်တော်မှ လင်းမိသားစုလောက်အာဏာမကြီးသော အခြားမိသားစုများကလည်း လာရောက်ကမ်းလှမ်းထားကြသေးသည်။

ဖုန့်ချန်းက အရေးမစိုက်ဟန်လုပ်နေသော်လည်း အကြီးအကဲဝေ့က ဇွဲကြီးသည်။

"တူလေး ဒါကမင်းသေချာလေးထည့်တွေးပေးရမယ့်ကိစ္စပဲ သူတို့ဘက်ကစပြီး ကမ်းလှမ်းချက်ပို့လာတာ ဦးလေးတို့ဘက်ကအနည်းဆုံးတော့ တစ်ခုခုအကြောင်းပြန်ပေးရမှာပေါ့"

အကြီးအကဲဝေ့က ဆက်လက်၍ အခြားသတို့သမီးလောင်းများကို သူတို့၏အရည်အချင်းနှင့် ထင်ရှားသောနောက်ခံများအပါအဝင် ဆက်လက်ရွတ်ပြနေသေးသည်။ တစ်ဖက်သတို့သားလောင်းကတော့ ပျင်းရိငြီးငွေ့ဟန်ပေါ်နေပေမယ့်ပေါ့။

All Chapters